((( အရှင်စန္ဒိမာလ )))

((( အရှင်စန္ဒိမာလ )))

အရှင်စန္ဒိမာလဟာ
ငယ်ငယ်က ဆယ်တန်းကို ၅ဘာသာဂုဏ်ထူးနဲ့ အောင်တယ်
လူတွေ ငန်းငန်းတက်နေတဲ့ RIT တို့ MEDICINE တို့ကို မယူခဲ့ဘူး
ဘာသာရေးမှာ သက်ဝင်ယုံကြည်လွန်ပြီး ဘုန်းကြီးဝတ်သွားတယ်
သူ့ရည်ရွယ်ချက်က ပညာတတ်ရဟန်းတော်ဘဝနဲ့ သာသနာပြုမယ်ပေါ့
သီရိလင်္ကာမှာ ကျောင်းသွားတက်တယ် ဓမ္မာစရိယ အောင်တယ်
ပိဋက ၃ ပုံကို တစ်ပုံ လောက် ဦးနှောက်ထဲ ထည့်ပြီးပြီ။

ရွှေဝါရောင်တော်လှန်ရေး ဖြစ်တယ်။

လူငယ်ပညာတတ်ရဟန်းဟာ နိုင်ငံရေးမှာ ရှေ့တန်းက ပါလာတယ်
သပိတ်စခန်းမှာ ခေါင်းဆောင်ဖြစ်လာတယ်
ကင်းစောင့်တာက အစ ဆန္ဒပြပွဲစီစဉ်မှု အဆုံး
လိုအပ်သမျှတွေ အားလုံးကို အနစ်နာခံ လုပ်တယ်
ဒါပေမဲ့ တခြားခေါင်းဆောင်တွေလို မနပ်တဲ့ အရှင်စန္ဒိမာလဟာ
ဆန္ဒပြပွဲမှာ ရှေ့ဆုံးကနေ ချီ ချီတက်ပြီး သတ္တိပြတယ်
အဲဒီနေ့က မိစ္ဆာပူးနေတဲ့ စစ်တပ်က သံဃာတွေကို ပစ်သတ်တယ်
သင်္ကန်းတွေ ဖိုးယိုးဖားယား၊ တရားရွတ်သံတွေ လုံးလားထွေးလားနဲ့
ရဟန်းတွေပြေးလွှားတယ် ထိတယ် ဒဏ်ရာရတယ် သေတယ်။

ခေါင်းကို ကျည်ဆံဖောက်သွားတဲ့ အရှင်စန္ဒိမာလဟာ
ရန်ကုန်ရဲ့ မဲညစ်နံစော်နေတဲ့ မြောင်းပုတ်ထဲမှာ မှောက်ခုံကျသေတယ်
ပစ်သတ်တဲ့ စစ်အစိုးရက အလောင်းကို မရှုင်းဘူး
တစ်ရက်ပြီးတစ်ရက် သံဃာအလောင်းဟာ ကားယားကုံးကွ လာတယ်
VJတစ်ယောက်က အဲဒီအလောင်းပုံကို ရိုက်ပြီး Online ပေါ်တင်လိုက်တယ်။

ကမ္ဘာကြီးက မှောက်ခုံသေပုတ်ပွနေတဲ့ ရဟန်းအလောင်းကို ကြည့်ပြီး
ရက်စက်တဲ့ စစ်အစိုးရကို ရှုတ်ချတယ်... ရွံတယ်...ကန့်ကွက်တယ်
ရွှေဝါရောင်တော်လှန်ရေးကို ဂရုဏာသက် ထောက်ခံကြတယ်
ဒါဟာ နိုင်ငံရေးအမြတ်လို့ ပြောရင် ရနိုင်ပါတယ်
ဒါပေမဲ့ ကမ္ဘာကြီးက အေးအေးဆေးဆေး မနေဘူး...သိပ် လျှာ ရှည်တာပဲ
"ဒီအလောင်းကြီး ဘာလို့ ဒီလောက် ပုတ်ပွအောင်ထားရတာလဲ" တဲ့
"သိမ်းမဲ့ဆည်းမဲ့သူတွေ မရှိကြဘူးလား" တဲ့
ကျနော်တို့အားလုံး ရှက်သေကြရအောင်လား ဟင်???

အရှင်စန္ဒိမာလရဲ့အသားတွေဟာ မြောင်းပုတ်ရေထဲမှာပဲ ပဲ့ကြွေကုန်တယ်
အရှင်စန္ဒိမာလရဲ့အရိုးတွေဟာ မြောင်းပုတ်အောက်ခြေမှာပဲ အနယ်ထိုင်တယ်
အရှင်စန္ဒိမာလရဲ့သင်္ကန်းတော်ဟာ မြောင်းညစ်ရေစီးနဲ့ မျောပါသွားတယ်
ခင်ဗျား သောက်နေတဲ့ ချိုပေါ့ကျက အရင်လို ချိုပေါ့ကျ နေသေးတယ်။

အခု ကျနော် (ဂျစ်ပစီတစ်ကောင်) က မေးမယ်ဗျာ
(စစ်အစိုးရကတော့ ငရဲကောင်မို့ အလောင်းကို မသိမ်းတာ ထားတော့)
ခင်ဗျားတို့ ရန်ကုန်မှာ ထေရဗုဒ္ဓဝါဒီ တစ်သန်းလောက် ရှိနိုင်မလား
အဲဒီ လူတစ်သန်းလောက်က ဘုန်းကြီးတစ်လောင်းကို မသိမ်းဆည်းနိုင်အောင်
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက သိပ် သိပ်ပြီး အလုပ်ရှုပ်နေခဲ့လား
ကြောက်နေခဲ့လား
ဒါမှမဟုတ်
ကိုယ့်ကိစ္စ မဟုတ်ဘူး ဆိုပြီး မျက်နှာလွှဲနေခဲ့ကြလား
(ကိုယ့်ကိစ္စ မဟုတ်ဘူး ဆိုပြီး မျက်နှာလွှဲနေခဲ့ကြလား)
(ကိုယ့်ကိစ္စ မဟုတ်ဘူး ဆိုပြီး မျက်နှာလွှဲနေခဲ့ကြလား)
(ကိုယ့်ကိစ္စ မဟုတ်ဘူး ဆိုပြီး မျက်နှာလွှဲနေခဲ့ကြလား)
ခင်ဗျား ရင်တွင်းအသိစိတ်အားကို ခင်းဗျား ပြန်ဖြေပါ။

မကြာခင်မှာ ခင်ဗျား နှလုံးသားထဲကို
ဒီမိုကရေစီမိန်းမလှလှတစ်ယောက် ဝင် စိုးမိုးတော့မှာနော်
သူမကိုတော့ ညစ်ပတ်နံစော်နေတဲ့မြောင်းပုတ်ထဲ မပစ်ထားပါနဲ့။

ပန်းရနံ့ကို ချစ်မြတ်နိုးတတ်ရင်
ပန်းဆူး စူးတာလည်း ခံနိုင်ရဲရမယ်...ဒါပဲ။ ။

သုနိုင်ငံ
၂၁-၁၁-၂၀၁၃

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))