(((အစာအိမ်ကိစ္စ)))

((( အစာအိမ်ကိစ္စ )))

လူကလေးရဲ့ အစာအိမ်အတွင်း
အစာ မဆင်းလာတာ ၃ လ ကျော်ပြီ
ဒီနံရိုးကြားပေါ် ဒီအရေပြား ပျော်ကျ
ကပ်နေပြီ၊ ဘယ်လိုမှ၊ မပြည့်နိုင်တော့ဘူး
ရပ်နေပြီ၊ ဘယ်ကိုမှ၊ မရွေ့နိုင်တော့ဘူး
မေ့မျောခွေလဲ၊ သေခဲတဲ့ ရုပ်နဲ့နာမ်ရဲ့
သူ့ရဲ့ အသက်ထွက်နေဆဲဝေဒနာ...သိပ်...ရှည်....ကြာ...နေ...ခဲ့...ပေါ့

ရွေ့လျှားနေသေးလား
ရွေ့လျှားနေသေးလား..လို့
တွေ့ထားတဲ့ အစာကို ဆန်းစစ်လျှက် အဖန်ဖန်အခါခါ
((ထ ထ ပျံ ပျံလာခဲ့) (ခဏ ခဏ ပြန် ပြန်လာခဲ့))
ငှက်လဒရဲ့ခန္ဓာထဲက အစာအိမ်ဟာ တွန့်ခေါက်
လူကလေး အသက်မပျောက်သေးဘူးလားဟေ့
သူရဲ့ စောင့် စား နေတဲ့ အဓိကညစာ...အသိစိတ်က...အား...နာ...နေ...ခဲ့...ပေါ့

အလိုလို ငတ်လို့သေနေတဲ့ မသာ
ဒါ... ဘယ်လိုမှ မြင့်မြတ်တဲ့အစာ မဟုတ်ပါလား
လဒ အတွေးအခေါ်က အစာကို ခွဲခြားတတ်ပေမဲ့
လဒ အစာအိမ်က အစာကို ဆွဲစားဟတ်နေခဲ့တယ်

ရုပ်ကလာပ်က လမ်းမြေမှာ နွမ်းခွေနေပေမဲ့
စိတ်ဓါတ်မြတ်က နန်းမြေမှာ အပန်းဖြေနေခဲ့တယ်
လူဟာ သူ ကျင့်သုံးတဲ့ ဥပဒေများထဲ ရဲနေရ
သူဟာ လူဖြစ်ရှုံးတဲ့ လူ့ပြည်သားပဲ မွဲသေကြတယ်

ကံ အကျိုးတရား တောင်းဆုပေးမှားခဲ့လေတဲ့
ဒဏ်၊ အဆိုးများ ပေါင်းစုဝေးထားတဲ့မြေရဲ့
မွေးဖွားနေတဲ့ လူသားဟာ အရှုံးသက်သက်ဒုက္ခများရဲ့ ဖြစ်တည်ခြင်းနဲ့
မွေးဖွားနေတဲ့ လဒဟာ ရုန်းထွက်ခက်တဲ့ အပုတ်အပျက်စားတဲ့ ဖြစ်တည်ခြင်းနဲ့
အမှား မပြင်အားတဲ့ ဥပေက္ခာညီမျှခြင်းထဲဝယ်
ဘုရားသခင်မှားတဲ့ လူ့အဖြစ်ဟာ ဒီဘဝဆင်းရဲတယ်

ဒီကမ္ဘာရဲ့ စစ်ဆိုး၊စနစ်ဆိုး၊ရေဆိုး၊မြေဆိုး တစ်နေရာမှာ
ဆာလောင်ပြီးရှင်သန်နေတဲ့ လဒတစ်ကောင်ရဲ့
မနက်ဖန်ညစာတွေအတွက်
ပိုမိုဆာလောင်ပြီးသေဆုံးနေတဲ့ လူကလေးပေါင်း
မြောက်မြားစွာ ရှိနေပါလျှက်နဲ့
ဒီဓါတ်ပုံထဲက လဒဟာ သူ့ကိုယ်သူ သတ်သေသွားတယ်ဆိုတာ မဖြစ်နိုင်ပေမဲ့
ဒီဓါတ်ပုံကို ရိုက်ခဲ့တဲ့ လူဟာ
သူ့ကိုယ်သူ သတ်သေသွားတယ်ဆိုတာ ဖြစ်နိုင်ခဲ့တယ်/ဖြစ်ခဲ့တယ် မဟုတ်လား
ခင်ဗျား မကြည့်ချင်တဲ့ ဒီအနိဌာရုံဓါတ်ပုံ
ခင်ဗျား မသိချင်တဲ့ ဒီအနိဌာရုံဖြစ်ရပ်
အပယ်ငရဲရဲ့ မိစ္ဆာဘုံဘဝ၊ ဒဏ် ၊ဓလေ့၊ ဝဋ်၊ အပြစ်များနဲ့ (ခင်ဗျားရဲ့ဖန်ဆင်းချက်မှားများ)
မကယ်ပဲနဲ့ သိက္ခာ၊ဂုဏ် အကျခံ၍ စွန့်ပစ်ထားရက်တယ်

တကယ်ပဲ ခင်ဗျားမှာ အစာအိမ်မရှိလို့ ကိုယ်ချင်းစာတရား မရှိတာလား
အကြောင်းအကျိုးတရား၊သိက္ခာပုဒ်နဲ့ ထာဝရရှင်ဆဲ ဘုရားသခင်ရေ...
မကောင်းဆိုးဝါးမိစ္ဆာယုတ်နဲ့ ပဏာရ အမြင်လွဲမှား မြင်နေလား
ဖွင့်ထားတဲ့ဓမ္မတေးသွား ပီသပေမဲ့ လွင့်ပါးပျက် ဘဝဘေးများ မညီမျှလေဘူး
ရူးနေရင်လည်း ရာထူးက ဆင်းပေးပါ!!!

သုနိုင်ငံ
၂၀-၀၃-၂၀၁၃

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))