((( SANITARIUM (ယင်းသိပ်ရိပ်သာ) )))

((( SANITARIUM (ယင်းသိပ်ရိပ်သာ) )))

ဘိန်းကို
အကြောထဲ၊ လိုအပ်တဲ့နှုန်းပမာဏ မထိုးထည့်ပဲ နေကြည့်
လူဟာ လုံးဝ နေမထိ ထိုင်မထိ၊ ရှိနေပေမဲ့ မရှိတော့ဘူး။

ဘိန်းကို
အကြောထဲ၊ လိုတဲ့ ပမာဏထက် ပို၊ ခပ်များများထိုးထည့်ပစ်လိုက်
လူဟာ မိုက်ခနဲဖြစ်၊ ဦးနှောက်ကို ဆင့်ဆောင့်၊ ထောက်ခနဲသေတယ်။

ဒီတော့ကာ
လူနဲ့ လူ့ဖြစ်တည်မှုဘဝဆိုတာ
လူရဲ့ကိုယ်ခံအား ဘယ်လောက်များများရှိလဲ
ဘိန်းရဲ့ပြင်းအား ဘယ်လောက်များများရှိလဲ
အမြဲပဲ သေချာအောင် စစ်ဆေးနေရတဲ့
ဘိန်းစားနဲ့ ဘိန်းသုံးစွဲခြင်း သီအိုရီပဲ
လူ့ဒုက္ခဘေးတွေဆိုတာကလည်း
သွေးဟစ်ငိုယို အသဲထဲက ခေါ်ဆွဲနေတဲ့ ဘိန်းယင်းလိုပဲ ခွဲမရ
သူ့အချိန်ကျပြီဆို ထ ထ ပြသနာရှာမယ်။

လူဟာ
ကြိုးတန်းပေါ် လမ်းလျှောက်ရပါသည်
ဟိုဘက်ကမ်းဆီကို ရောက်ဖို့ မရောက်ဖို့
ရည်ရွယ်ခဲ့ကြလို့လား
OverDose အလောင်းများ ပြည့်နှက်နေတဲ့
လမ်းတစ်ဝက်ပေါ်က လမ်းကိုယ်တိုင်ဟာလည်း
လူလိုပဲ ယင်းထ အစွဲအလမ်းပို တမ်းတနေနိုင်တာပဲ
နေရေးများ ပို ရွှင်လန်းလျှက် တက်ကြွရန်
သေဆေးများကို တမင် နမ်းဖက်ခဲ့ကြရပြန်တယ်
လက်ရှိ လိုအပ်ချက်ချည်း သက်သက်နဲ့နေနည်းဟာ
ဘဝရေစီးနက်နက်ထဲက လှိုင်းကြက်ခွက်တွေလိုပဲ
ရုတ်တရက် ထ ပွက်ပြီး
ရုတ်တရက် စ ပျက်စီးတယ်
စ စီးပေမဲ့ မပြီးခြင်းမှာ ရေစုန်ဟာ လမ်းပျောက်ဆုံးခဲ့
စီးဆင်းလာ ရေအကုန်ဟာ ခမ်းခြောက်သုန်းပျက် ပျယ်လွင့်သွားသည့်
နောက်ဆုံးလက် ကြယ်ပွင့်များ၏
အစွန်အကျဆုံး ဂိတ်အဆုံးထိ လျှောက်သွားသည့် သူ့သွေးအိုရောင်တွေဟာလည်း
အမွန်မြတ်ဆုံး စိတ်နှလုံး၏ ဂေါက်သွားသည့် လူ့အတွေးလို မှောင်နေမှာပဲ

လူ့ဘဝဟာ
သွေးကြောထဲ အပ်တိုးဝင်သွားတဲ့ ကိစ္စလို့ပဲ သိနားလည်လွဲခဲ့ကြတာကိုး
တကယ်က အပ်ထဲ သွေးကြောတိုးဝင်သွားတဲ့ ကိစ္စမှန်း သိနားလည်ရန်မစွမ်းရှာခဲ့ဘူး
အပ်ဝဋ်ကျွေးတခု စူးဝင်နေခြင်းမှာ
အပ်ကို လူက သုံးတယ်လို့ပဲ
လူဘိန်းစားက ခရီးတလျှောက်လုံးကြာ စွဲစွဲမြဲမြဲ အသိအမြင်လွဲတွေ မှားခဲ့တာ
လူကို အပ်က သုံးသွားတာလို့
လူဘိန်းစားကို အပြီးနောက်ဆုံးမှာ လဲလဲကွဲကွဲ ဝိညာဉ်ဆွဲချွေသွားခဲ့မှန်း
ဒီမှာ အပ်တန်းလန်းနဲ့သေနေတဲ့
ဒီလူ့ဦးနှောက်ကြီးက လိုက်မတွေးကြည့်နိုင်တော့ဘူးပေါ့
မျိုချထားတဲ့ အဆိပ်ဆူးစေ့လေး အပင်ပေါက်လာတော့
နှလုံးအိမ် ဗဟိုချက်ပေါက်ထွက် လွင့်စင်
မိုင် ၃၀၀ အားနဲ့ ဝင်လာတဲ့ လေမုန်တိုင်းပြင်းကို
၃ မိနစ်နဲ့ ရှူ သွင်းဖျောက်ဖျက်ပစ်လိုက်ရတဲ့ လူ့အဆုတ်လို
လူရုပ်မပေါက်တော့တဲ့ လူ့အဓိပ္ပါယ်တွေဟာ
ပါးစပ်အမြုပ်ပြန် မျက်လုံးဆံပြူးထွက် သေခဲ့ကြရပြီ
ဒီလောကရွှေတိဂံနယ်မြေမှာတော့
စနစ်ကျစွာ ဘိန်းပန်းတွေဟာလည်း၊ အပွင့်လှစွာ စိမ်းလန်းဝေဆာမြဲပါ၊
ဒီနယ်မြေထဲမှာ နန်းစိုက်တည် ဘိန်းချက်ဖြန့်ချီနေတဲ့
ဘုရားသခင်ဘိန်းဘုရင်ရဲ့ အမည်ဟာလည်း
လူအမေရိကန်ဘိန်းစားအစိုးရက ဖမ်းဝရမ်း ထုတ်ထားတဲ့
ခွန်ဆာဆိုလား လော်စစ်ဟန်ဆိုလား ကိုယ်မေကိုယ်လိုးဆိုလား
ဒီအကြောင်းစာသားတွေကို ဘုရားသခင်ရဲ့ သမ္မာကျမ်းစာထဲမှာ
အတိအကျဖော်ပြထားတယ်လို့
သာမန်လူဘိန်းစားတို့ မသေခင်က ကောင်း ကောင်းလာပြီဆိုရင်
ဝေဖန်ကြ လေကန်ကြ ငြင်းခုန်ကြရဲ့
(ဘိန်းစားက ဘိန်းဘုရင်ကို မတိုက်ဖျက်နိုင်ဘူး) ဆိုတဲ့ သီအိုရီကို သူတို့တွေ့ခဲ့တယ် ဆိုပဲ
တကယ်ပဲ လူဟာ ဘုရားသခင်ရဲ့ မေတ္တာကို အားထား မှီခို သုံးစွဲ ရှင်သန်နေရတာ ဆိုရင်
ဘိန်းဘုရင်ဟာ ဘိန်းရဲ့ပြင်းအားကို အဆများစွာ လျော့ချ ထုတ်လုပ်ဖြန့်ချီသွားသင့်တာပေါ့
အခုတော့ လူကို တစ်ဘဝလုံး ဘိန်းစားဖြစ်အောင်လုပ်ပြီးမှ
အပ်တန်းလန်းနဲ့ အသက်နှုတ်သွားတယ် ဆိုတော့ကာ
ဘိန်းစားဟာ ဘိန်းဘုရင်ကို အမြစ်ဖြတ်ချိုး
အပျောက်ဖြောက်သင့်တဲ့ အယူအဆဟာ တရားသလိုပဲ
ဘိန်းစားဟာ ဘိန်းဘုရင်ကို ချစ်မြတ်နိုး
စောင့်ရှောက်သင့်တဲ့ အယူအဆဟာလည်း မမှားလေဘူး
ဒီယူဆချက် ၂ချက်စလုံး ဆောင်ရွက်ဖို့ရာ
ဘိန်းစားဟာ ဘိန်းလိုအပ်နေတဲ့ အခက်အခဲက ပြသနာ
ဒီတော့ကာ
လူဘိန်းစားက ဘုရားသခင်ဘိန်းဘုရင်ကို မတိုက်ဖျက်နိုင်ဘူး ဆိုတာ
လက်တွေ့မှာ မှန်ကန်လျှော်ကန်တယ် ဆက်၍သာ တန်ပြန်တော်လှန်မယ်ဆိုရင်
ဘိန်းစားရဲ့ နှလုံးသားစံဗိမ္မာန်အား အပြည့်အဝ
စိမ်းကားတဲ့ အမုန်းအားရန်စိတ်ဒဏ်များ ဖြည့်ချ
ဘိန်းကို ဖြတ်မလား ဘိန်းဘုရင်ကို သတ်မလားဆိုတဲ့
ပြတ်သားတဲ့ ရန်သက်သက်ပြုသွားရေးနဲ့ တိုက်ရိုက်ထိန်းချုပ်ထားတဲ့
ဗျူဟာကို စိတ်ချလက်ချနဲ့ ဆွဲကာ
မရပ်နားတဲ့ အကြံပက်စက်မှုများပေးလျှက် တိုက်ခိုက်သိမ်းရုပ်သွားမဲ့
လူဟာ ပို စိတ်ဓါတ်သွက်ရမဲ့ ပွဲမှာ
လူ့ဖြစ်တည်ခြင်းတွေ အဆိပ်မပျယ်ခင် ဘိန်းကွဲနေတုန်းမှာ၊
သူ့ စိုးမိုးကုန်းအဓိပ္ပါယ်ကို၊ ကျားထိုးတက်ကာ တက်သိမ်းပိုက်ထားရစ်ကြ
တိုးတက်လာတဲ့ ဘိန်းစားခေတ်သစ်မှာ
ဘုရားသခင်ဘိန်းဘုရင်ကို ဘိန်းထိုးစိုက်သတ်မယ်
နောက်ထပ် လုံးဝ မပွင့်တော့မဲ့ အစိမ်းလန်းဆုံး
နောက်ဆုံး ဘိန်းပန်းခွေတွေနဲ့ ဈာပနချပြီး
နောက်ထပ် လုံးဝ မရှိတော့မဲ့ အငြိမ်းချမ်းဆုံး
နောက်ဆုံးအပ်ကို လက်ကြောလှိုင်းမှာ ထိုးစိုက်သွင်းကြ
သမိုင်းဆက်ရဲ့ ဆိုးမိုက်ခြင်းများမှန်သမျှ
အနာဂတ် ယင်း လာမထကြေးမို့ လက်မြဲကြစို့
ကိုယ့်ဘဝသွေးနဲ့ကိုယ် သန့်သန့်လေး ကွဲတတ်ဖို့ လူ့ဒသနပဲ များများလိုတယ်
တကယ်ဆို လူတွေဟာ---
လူဆိုတာ ဝယ်သုံးတဲ့ ငချွတ်ဘိန်းစားလေးမှန်း၊
ဘုရားသခင်ဆိုတာ လုပ်ရောင်းတဲ့ ဧရာမဘိန်းစားကြီးမှန်း၊ သိထားခဲ့ပေမဲ့
သူဘယ်လောက် လစ်မစ် သုံးစွဲနေခဲ့မှန်း မခန့်မှန်းလိုက်နိုင်ခဲ့တဲ့အပြင်
သူ့ စိတ်ကြိုက် တင်ရောင်းချနေတဲ့ ဒီဆေးရုံကြီးမှာ
OverDose ဖြစ်ပြီး သေခဲ့ဖူးတဲ့ လူ့ဝိညာဉ်တွေဟာလည်း
သူ့ကို ပြန်လှန် မချိုးရဲဘူး
သံခြံစည်းရိုးထဲ ထူးခတ်ထားတဲ့ ဒီစိတ်နဲ့ပဲ
သံစဉ်မှန်ဘဝတေးသွားတပုဒ်ကိုလည်း ရအောင်လုပ်ဆိုရင်း
ဂစ်တာကြိုးတင်းနေတဲ့ ငါ့ ဦးနှောက်အကြောင်းတွေ
မကြာခင် နေ အကောင်းအတိုင်း ဖြစ်လာတော့မှာမို့
ဘုရားသခင်ကို စိတ်နာစွာ ကျောခိုင်းထားဖို့ပဲလိုတယ်။ ။

သုနိုင်ငံ
၀၃-၀၉-၂၀၁၃

NOTE...SANITARIUM= (ယင်းသိပ်ရိပ်သာ) ဆိုတဲ့စကားလုံးကို
ပန်းချီဆရာ ကိုဟန် တီထွင်ပေးခဲ့ပါတယ်။

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))