((( Bar-codes များ )))
((( Bar-codes များ )))
""ဖန်းဆင်းမြိုင်"" ဆိုတဲ့
ဘုရားသခင် ငုတ်တုတ်ထိုင်ပြီး ဈေးရောင်းနေတဲ့ ဆိုင်
တန်တာထက် ဈေး ပိုတင်ရောင်းထားတဲ့ လူ့မာန
အထိမခံ မနက်ဖန် ပုတ်သိုးသွားမဲ့ လူ့ဂုဏ်သိက္ခာ
လူသိနည်း သုံးရခက်တဲ့ လူ့ နိုင်ငံရေးစနစ်သစ်
တံတွေးခွက်ထဲ ပက်လက်လှဲနစ်နေတဲ့ လူ့ကျမ်းစာ
ဆိုင်ပေါ်တင်တိုင်း အရင်းရှုံးတဲ့ လူ့ယဉ်ကျေးမှု
အကြွေးရောင်းပေးနိုင်တဲ့ လူ့ကတိသစ္စာအာမခံချက်
လမ်းတစ်ဝက်မှာတင် အရည်ပျော်သွားတဲ့ လူ့သမာဓိ
လက်လီလက်ကားဈေးနဲ့၊ အလကားပေးနေကြ လူ့မစ္ဆရိယ
သမုဒ္ဒရာရေငန်လို သောက်လို့ သုံးလို့ မရတဲ့ လူ့မေတ္တာ
လှံ လှံ ချင်း ဓါး ဓါး ချင်း နှုပ်ခမ်းစုပ်တဲ့ လူ့အမုန်းတရား
ပွေ့ဖက်စဉ် နောက်ကြောကို စိုက်ဝင်လာတဲ့ လူ့အပြုံးဓါး
လူချင်းတူပေမဲ့ စောက်ကြီးစောက်ကျယ်ချင်း ကွဲတဲ့ လူ့အကျင့်
မြစ်ကို ခုတ်ပိုင်း၍ တားဆီး ပိတ်လှောင်တဲ့ လူ့ရေတံခါး
တရား မ ရရင် နေပါ ဘုရား မ ပါစေ ဆိုတဲ့ လူ့စရိုက်
ကိုယ့် အခေါင်းထဲကို ကိုယ်တိုင် မဝင်ရတဲ့ လူ့တာဝန်
လူတစ်ယောက်မှ ဝယ်ချင် ဝယ် မဝယ်ချင်နေ
လူတစ်ယောက်မှ ဒါ မရှိရင် နေလို့မှ မရပဲလေ
ဆိုင်ထဲက ထိုင်ရောင်းနေတဲ့ ဘုရားသခင်ဟာ
စကား အပြောအဆို ရမ်းပြီး တအား အဆဲအဆို ကြမ်းတယ်
ဒါပေမဲ့... ဝင် ဝယ်ခဲ့တယ်၊ ဝင် ဝယ်ခဲ့တယ် မဟုတ်လား
လူသားတစ်ဘဝ
ဝယ်ပြီး ပြန်အပ်လို့ မရ၊ မသုံးတတ်သုံးတတ် သုံးရတဲ့ ဖြစ်တည်နေပုံ
တန်ဖိုးနဲ့ ထုတ်ကုန်လား တန်ဖိုးမဲ့ ပုတ်ကုန်လား...
လူသား၏ Bar-Codes များ။ ။
သုအိုင်စံ
၀၃-၀၂-၂၀၁၅
Comments
Post a Comment