((( ပစ်မှတ်ဖြစ်သွားတဲ့ကျည်ဆံ )))

((( ပစ်မှတ်ဖြစ်သွားတဲ့ကျည်ဆံ )))

မျက်လုံးထဲမှာ
မှုန်ဝါးငိုက်မြည်းနေသော မြင်ကွင်းအလှ
အစာအိမ်ထဲမှာ
ဆာလောင်လွန့်လူးနေသော ရင်တွင်းအဟာရ
လက်ထဲမှာတော့
ကိုယ်ခံပညာမတတ်တဲ့ လောကဓံခွင်းသေနတ်။

သူဟာ ကင်းသမားတစ်ယောက်ပါ
တစ်ဘ၀လုံး သူ့ကိုယ်သူ ကင်းစောင့်ရင်း
သူကိုယ်တိုင် သူ့အကျဉ်းသား ဖြစ်ခဲ့ရသူပါ။

စည်းရိုးအထပ်ထပ်နဲ့ ယုယစွာကုသလာရတဲ့ ဘ၀ခံစစ်
မွကြေစုတ်ပြတ် နောက်ဆုံး သင်္ခါရခံတပ်
ဘယ်လိုဗျူဟာတွေပဲ အသုံးချချ
အဓိပ္ပါယ်ဆွံအသွားတဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တာပဲ
လက်တစ်ကမ်းမှာလည်း
မပွင့်သီးလိုက်ရတဲ့ ခဲယမ်းမီးကျောက်တွေက
သူ့လိုပဲ မှိုတက် စိတ်ကျ အမြဲ ဒေါသတွက်နေတတ်တယ်။

နည်းမျိုးစုံနဲ့ ကြံဖန်နုပျိုထားရသော
ဇရာနဲ့ လုပ်ထားတဲ့ ဘ၀ကတုတ်ထဲမှာ
သူဟာ
ပင်မဖြုတ်ဖြစ်ခဲ့တဲ့ လက်ပစ်ဗုံးတွေကို ခေါင်းအုံးလုပ်ရင်း
ရေးပြီးသား စာမျက်နှာလွတ်တွေကို ပြန်ပြန်ဖတ်ရင်း
စစ်ရေဘူးဟောင်းလေးထဲက နေ့ရက်ခါးခါးတွေကို မော့သောက်ရင်း
သေမင်းရဲ့ ကျားတက်ထိုးခြင်းကို ခံလိုက်ရတဲ့အခါ
သူတိုးတိတ်စွာ ဟစ်အော် ပျော်ရွှင်ပစ်လိုက်တယ်။

သူငယ်ငယ်က
အားရပါးရ ပစ်ခတ်ခဲ့ဖူးတဲ့ ပစ်မှတ်တစ်ခု
အခု...သူ့ ရင်ဘတ်ပေါ်မှာ
ငြိမ်ငြိမ်လေးပွင့်လို့။ ။

သုအိုင်စံ
၂၀၀၂

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))