(((မိုးဒဏ်ရေဒဏ်)))
နေရာအနှံ့က ကောင်းကင်ပြင် တစ်ခုလုံးမှာ
မိုးသီးတွေက တဝုန်းဝုန်းနဲ့ ပြုတ်ကြွေကျလာ
ရှောင်မရ တိမ်းမရပေမဲ့ လူက သိပ်တော်တာ
မြေအောက်ခန်းထဲမှာ ဝင်ခိုပြီး နေလိုက်ကာ
အချိန်မရလိုက်သူသာ မိုးသီးထိမှန်ပြီး သေဆုံးရှာ
သိပ်တော်တဲ့လူလည်း ကြာကြာ မြေမှာ မခိုနိုင်ပါ
နေရာအနှံ့က မြေလွှာပြင်ကြီး တစ်ခုလုံးမှာ
မိုးသီးတွေက အရေပျော်ပြီး ရေတွေကြီးလာ
ရှောင်မရ တိမ်းမရပေမဲ့ လူက သိပ်တော်တာ
ရေပြင်ပေါ်မှာ ကိုယ်ဖော့ကူးပြီး နေလိုက်ကာ
ရေမကူးတတ်သူသာ ရေထဲမှာနစ်ပြီး သေဆုံးရှာ
သိပ်တော်တဲ့လူလည်း ကြာကြာ ရေမှာ မကူးနိုင်ပါ
မိုးသီးမှန်ပြီးသေတဲ့မသာ သုသာန်ကို ရောက်လာ
ရေနစ်ပြီးသေတဲ့မသာ သုသာန်ကို ရောက်လာ
သုသာန်ဟာ မိုးကောင်းကင်ရဲ့ အောက်ထဲမှာ
သုသာန်ဟာ မြေလွှာပြင်ရဲ့ အပေါ်ထက်မှာ
တရားသေ ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းစာ
ဖြုတ်တပ်ပြင်ဆင်လို့ မရတဲ့ ဘဝရဲ့ အမွေရိုးရာ
လိုချင်လို့ တောင့်တခဲ့သော နောက်ခံသမိုင်း မဟုတ်ပါ
မလိုချင်လို့ ရောင်းမရခဲ့သော ကျောက်သံရိုင်းထုပ် ပမာ
ကောင်းကင်ခွင်း ဖောက်ထွက်မဲ့ တောင်ပံခွန်အားလည်း မပါ
မြေအောက်လျှိုး ဖောက်ထွက်မဲ့ နှုပ်သီးချွန်များလည်း မပါ
ကမ္ဘာအလယ် ရွာလည်တဲ့ ကိုယ့်လေဗွေက ကိုယ့်ထံမွှေ့လာ
ကွေကွင်းမသွားတဲ့ သေခြင်းတရားရဲ့ မူရင်းဓမ္မ မရဏသစ္စာ
ထွက်မပြေးပါနဲ့ ဘယ်နည်းနဲ့ထွက်ထွက် ဘယ်ဆီကိုမှ မလွတ်နိုင်ခဲ့ပါ
ဆက်မမေးပါနဲ့ ဘယ်နည်းနဲ့တွက်တွက် ဘာတွေကမှ မဖြေဆိုနိုင်ခဲ့ပါ
မရပ်နားပါနဲ့ ဘယ်ခရီးသွားမှ ဘယ်ကိုမှ ဒီလမ်းမှာ မရောက်ရှိခဲ့သေးပါ
ထပ်မသွားပါနဲ့ ဘယ်ခရီးများမှ ဘယ်ကိုမှ ဒီလမ်းဟာ မရောက်ရှိတဲ့နေရာ
လမ်းဝိုင်းကြီးက မရပ်မနား လှည့်ပတ်သွားလာနေတာ အစမရှိ အဆုံးမရှိစွာ
လမ်းဝိုင်းကြီးထဲ လုံးဝိုင်းတဲ့အရာက မရပ်မနားလှည့် အစမသိ အဆုံးမသိစွာ
ဒီကဗျာရဲ့ အပိုဒ်(၁)မှာ မိုးသီးတွေ ကြွေကျလာတော့ မိုးသီးမှန်ပြီး သေတယ်
ဒီကဗျာရဲ့ အပိုဒ်(၂)မှာ မိုးသီးတွေ အရည်ပျော်လာတော့ ရေနစ်ပြီး သေတယ်
ဒီကဗျာရဲ့ အပိုဒ်(၃)မှာ မိုးသီးမှန်၍သေသေ ရေနစ်၍သေသေ သုသာန်ရောက်တယ်
ဒီကဗျာရဲ့ အပိုဒ်(၄)မှာ မတောင်းဆိုခဲ့ပဲ ရခဲ့ရှိတာကို ငြင်းမရစွာ ထွေးပွေ့ထားတယ်
ဒီကဗျာရဲ့ အပိုဒ်(၅)မှာ ဘာဒသနတွေမှန်း မသိဘူး ဝေ့လည်ကြောင်ပတ် ဖြစ်နေတယ်
ဒီကဗျာရဲ့ အပိုဒ်(၆)မှာ ဒီကဗျာကို ဆက်မဖတ်သင့်တော့တာ သိပ်ကို သေချာသွားတယ်
(မိုးဒဏ်ရေဒဏ်) ဆိုတဲ့ ဒီကဗျာဟာ ဒီမှာရပ်ခဲ့၊ ဘဝက ဆက်မဖတ်ဖို့ နောက်ကျနေခဲ့ပြီ။ ။
သုအိုင်စံ
၁၇-၀၇-၂၀၁၄
Comments
Post a Comment