((( ဂျိုင်းထောက်သံ )))
((( ဂျိုင်းထောက်သံ )))
သူ့အတိတ်ဟာ
လူ လူချင်း သမိုင်းဖျောက်ရဲတဲ့ မိုက်ဇတ်ခင်းကာ
သူ့ပစ္စပ္ပုန်ဟာ
လူ လူချင်း မိုင်းပေါက်ကွဲလျှက် တိုက်ကြရင်းသာ
သူ့အနာဂတ်ဟာ
လူ လူချင်း ဂျိုင်းထောက်ဆွဲလျှက် ရိုက်သတ်ခြင်းမှာ
လူ့ကမ္ဘာကြီးဟာ
စစ်ပြေးရင်း မိုင်းနင်းရင်း ကြီးပြင်း ရှင်သန်လာနေရ
လူ့မေတ္တာတွေက
အရိုးပျော့ကာ တစ်သက်လုံး ဦးနှောက်က မမှန်တော့ဘူး
ရူးနေတဲ့လူ့အမုန်းတွေက
ရူးချင်ယောင်ဆောင်ပြီး ခဏခဏ ထ ထ ဂေါက်တဲ့အခါ
ဂျိုင်းထောက်နဲ့ လျှောက်လာခဲ့တဲ့ ကမ္ဘာ့ခရီးဟာ
အနောက်ကိုချည်းပဲ ပြန် ပြန် ဆိုက်ရောက်နေတော့တယ်
သုသန်အလယ်မှာ စိုက်ထားတဲ့ ကမ္ဘာ့ဝင်ရိုးဟာ ချည်တိုင်ပဲ
ကမ္ဘာဟာ ညအိပ်ယာဝင်တိုင်း အသုဘအိမ်မက်ပဲ မက်တယ်
ရုတ်တရက် လန့်နိုးလာလိုက်တိုင်း လန့်နိုးလာလိုက်တိုင်းမှာ
သချိုင်းကုန်းတော်လဲသံတွေဟာ နားထဲမှာ ပဲ့တင်ပွက် ညံလို့
လူတို့၏ ရင်ခုန်သံများလိုလို၊ ကမ္ဘာကြီး၏ သွေးသံစဉ်များလိုလို၊
လူသတ်နင်းမိုင်းပေါက်သံလိုလို၊ လူသေသချိုင်းဟောက်သံလိုလို၊
ဒီ ဂျိုင်းထောက်သံဂီတ
ကမ္ဘာကြီးက သူ-ဆိုနေတဲ့ဒုက္ခိတဘဝကို ရပ်ပစ်လို့မှ မရတာ။ ။
သုအိုင်စံ
၂၂-၀၈-၂၀၁၄
-

ကမ္ဘာကြီးက သူသီဆိုနေတဲ့ဘဝကို ရပ်ပစ်လိုက်လို့မှ မရတာ။ ။
သုအိုင်စံ
၂၂-၀၈-၂၀၁၄
Comments
Post a Comment