((( ဇလီဖားတုံးများ )))
((( ဇလီဖားတုံးများ )))
ဖြစ်တည်နေသော လူ့ဘဝ၏ နိုင်ငံသား ပိုက်ဆံအိပ်တစ်ခုရဲ့ လကုန်ရက်ထဲမှာ
ငွေကြေး သုံးရ စွဲရမဲ့ လုပ်ငန်းတွေပဲ ဒီဘဝထဲ ဒီရေတွေတက် တက်လာတော့
စိတ်ကူးမိရာ အနာဂတ်တွေကို သောင်ထွန်းချင်နေတဲ့ စိုက်ခင်းသစ်လေးတွေ
ထုံးစံအတိုင်း လစဉ် နှစ်စဉ် ရာသီစဉ်တွေတိုင်းမှာ ရေငန်တွေပဲ ဖုံးသွားတာပေါ့
လူ့ ဘဝ၏ ရုံးစာရေးတစ်ယောက်ရဲ့သေစာရှင်စာ ရပ်တည်ရာ ကျောရိုးလစာဟာ
မနေ့ကနဲ့ ဒီကနေ့ရဲ့ ဒဏ်ရာတွေကို ပြန် ပြန် ဖာထေး၊ ကုသ၊ အဖျားသတ်နေရနဲ့
ပြက္ခဒိန်သစ်ရဲ့ သင့်ရာတင့်ရာ ခေတ်ပေါ်ပစ္စည်းကရိယာတွေကို မတပ်ဆင်နိုင်ပါ
သိက္ခာကို အပေါင်ဆိုင်မှာ အပ်နှံကာ၊ နေ့ပြန်တိုးယူပြီး ဒုက္ခကို လည်ပတ်ထားရ
ကျကွဲလိုက်လို့ မရတဲ့ လူခေါင်းလောင်း အ အက်ကြီးလို အသံမချိုလည်း သီဆိုရမြဲ
ဘာကိုမှ မသိချင်တော့တဲ့ ဦးခေါင်းကိုပဲ လက်ရှိသတင်းတွေက ဝင်ဆောင့်နေတာ
ဖြေဆိုချိန်နောက်ကျနေတဲ့ အဖြေလွှာတွေနဲ့ စာမေးပွဲခန်းထဲ ဝင်လာခဲ့ကြရပါတယ်
လောက၏ ဘယ်မေးများခွန်းဟာ ဘယ်တုန်းက လူကို သင်ကြားခဲ့တဲ့ ပုစ္ဆာတွေလဲ
လောကရှိ ဘယ်ဥပဒေများဟာ ဘယ်တုန်းက လူကို သက်ဆိုင်ခဲ့တဲ့ ပုဒ်မတွေလဲ
ရေမြုပ်လယ်မြေတွေထဲကစပါး မသီးပေမဲ့၊ စီမံကိန်းစာထဲကစပါးက သီးနေတော့
လူနဲ့ဘဝ ရုန်းကန်ပတ်သက်တဲ့ လယ်မြေဟာ လယ်ယာခွန်စပါးကို ဝယ် ဆောင်ရ
လူနဲ့လယ်မြေ ဆက်စပ်နေတဲ့ လယ်သမားဟာ ကိုယ့်ဝမ်းစာစပါးကို ဝယ် လှောင်ရ
တောင်ကုန်းဆန်တဲ့ ငွေဆိပ်ကို ဆိုက္ကားဟာ အစာအိမ်ဗလာနဲ့ လိမ့်တက်သွားစဉ်
ခြေလျှင်ခရီးနဲ့ သိပ်မဖြစ်နိုင်လောက်တာတွေကို၊ ဂွေခွင်ပြီး လှိမ့် လွင့် ရောက်ရှိရင်း
ကုန်းဆင်းမှာ ချောရိုက်လို့ရတဲ့ဓါတ်ဆီနဲ့ပြေး နေတဲ့ နေ့လုပ်နေ့စားကား မှောက်စဉ်
ဘယ် အရေးပေါ်ယာဉ်ကမှ မတင်ချင်သလို၊ ဘယ် ဆေးရုံမှာမှ လူနာကုတင် မရှိဘူး
စူးမိထားတဲ့ဆူးကို မထွင်နိုင်ပဲ အသားထဲမှာ ဆူးကိုပဲ အသား ဖြစ်စေလိုက်ရပါတယ်
ဒီတောင်သူဟာ ဒီတောင်ယာ ဖြစ်လာဖို့ ဒီရင်ခွင်ရဲ့သစ်ပင်တွေကို ခုတ်လှဲမီးရှို့ခဲ့ရ
ဒီနိုင်ငံက ဒီနိုင်ငံသားကိုမှ အကြွေးမရောင်းရင် မရောင်းရတဲ့ မုန့်ဟင်းခါးဆိုင်ထဲမှာ
အကြွေးမစားရင် မစားရတဲ့ စားသုံးသူ ဒီနိုင်ငံက ဒီနိုင်ငံသားတွေ အဆိပ်မျိုချ နေဆဲပါ
ညနက်နက်မှာပဲ လှုပ်ရှားရ၊ ဘဝပျက်ပျက်မှာပဲ လုပ်စားရ၊ မြို့ပျက်ကြီးလို မိန်းမပျက်က
လူတစ်ဦးစာ ဈေးယူပြီး လူတစ်ဖွဲ့ကို ဖျော်ဖြေရသော အလုပ်သဘောတို့နှင့် ယဉ်ပါးလာ
ဝင်လာတဲ့ရထားကို လှမ်းခေါ် ကြည့်ငေး၊ ထွက်သွားတဲ့ရထားကို မှန်းမျှော် ကြည့်ဆွေး၊
ဘယ်ကိုမှမရောက်တဲ့ဘူတာလို ဈေးသယ်ရဲ့ဘဝဟာ သူ့ရဲ့ ဈေးဗန်းထဲမှာ ရက်လွန်လာ
ယူနီဖောင်းအသစ်ကို အိပ်နဲ့ထုတ်ယူလာကြတဲ့စစ်သားတွေ အထည်ဆိုင်မှာ ဆုံနေကြပြီ
စစ်သားသည် စစ်သားကို ဘယ်လိုမှ အမိန့်မပေး၊ ဘယ်သူမှ အလေးမပြု၊၊ ဘာမှ မစပ်စု၊
ကိုယ့်ယူနီဖောင်းဖိုး ကိုယ်ယူ၊ ကိုယ့်မိသားစုအစာအိမ်ကို လှုပ်ထူဆွဲမ၊ မောင်းနှင်ရတယ်
နိုင်ငံတော်ရဲ့ ဘယ်သူ့ငွေပိုငွေလျှံမှ မလာလည်း အဲဒီမှာ သူတောင်းစားဟာ ထိုင်နေမယ်
နိုင်ငံတော်ရဲ့ ဘယ်သူ့စေတနာမှ မလှူလည်း အဲဒီလို သူတောင်းစားဟာ ထိုင်နေတယ်
မြို့လယ်ဈေးဝန်းထဲက ဘေးမဲ့ ဈေးခွေးတွေလိုပဲ ဘုရားဝန်းထဲက ဘေးမဲ့ ခလေးလေးများ
ကော်ရှူ ၊ ခါးပိုက်နှိုက်၊ လုယက်၊ ခိုးဆိုး၊ ဘုရားဆွမ်းတော်စွန့်စားနေကြရတဲ့ မျိုးဆက်တွေ
ဦးဆောင်နေတဲ့ နိုင်ငံ့လူကြီးများနှင့် အမိအဖနိုင်ငံတော်မှာ အတိအကျ တာဝန်ရှိပေသည်
နိုင်ငံတော်သည် ဦးဆောင်အလံတော်အား ဘာအရောင် ဘာမျိုးစားများ ထည့်သွင်းရမှာကို
ဖုတ်ပူမီးတိုက် ယောင်တောင်ကြောင်တောင်၊ မီးနေသည်ငှက်သိုက် လေတိုက်လွင့်နေ၏
တစ်ခွက် ၂၅၀ နဲ့ ရောင်းသည့် လက္ဘရည်ဆိုင် ဘယ်လွှတ်တော်ဝန်ကြီးများမှ မထိုင်ချင်ပါ
ဒီလိုပါပဲ----
ဒီလို ကျောမွဲများ၏စာမျက်နှာ
ဒီလိုပါပဲ----
ဒီလို မှေးမှိန်နေတာ မဆန်းတော့ ။ ။
သုအိုင်စံ
၂၆-၀၆-၂၀၁၄

ကုန်းဆင်းမှာ ချောရိုက်လို့ရတဲ့ဓါတ်ဆီနဲ့ပြေး

Comments
Post a Comment