((( သချိုင်းလုပွဲ )))

((( သချိုင်းလုပွဲ )))

ခြေဖဝါးအောက်က နက်နက်တူးထားတဲ့မြေအောက်လှိုဏ်
ဂူတွေကို
သံမဏိတိုင်ကြီးတွေ ထောင်စိုက်ပြီး တည်ဆောက်မယ်
ကွန်ကရစ်သားထူထူ သွန်းလောင်းချပြီး ကာရံမွန်းမံမယ်
ဘယ်လိုဒုံးကျည်မဆို မတိုးဖောက်ဝင်နိုင်ဟု အာမခံရမယ်
မြေအောက်လှိုဏ်ဂူထဲမှာ လောင်ချာတွေ လှောင်ထားမယ်
အသေခံဗုံးခွဲသူနဲ့ အမာခံတိုက်ခိုက်ရေးသမားတွေ လေ့ကျင့်မယ်
အဲဒါဟာ ပါလက်စတိုင်းတစ်ယောက်ရဲ့ လက်ဖဝါးပေါ်က လက္ခဏာပဲ။

ဒီမြေကို ပိုင်ရှင်လက်ထဲ ပြန်အပ်လိုက်ရင် ငါ ဘယ်မှာသွားနေမလဲ
အမေရိကန်ဆိုတဲ့ နံရံကြီးကို ကျောမှီ နေရာယူ စစ်မျက်နှာဖွင့်ထားမယ်
ခေတ်မှီ စစ်သုံး ရဟတ်ယာဉ်နဲ့တင့်ကားတွေ ဝယ်ယူတပ်ဆင်ထားမယ်
ဆူဆိုဒ်ဗုံးဟာ ပါလက်စတိုင်းတိုင်း ဖြစ်နေနိုင်တာပဲ ပါလက်စတိုင်းတိုင်းကို မုန်းရမယ်
ထွက်ပေါက်မဲ့သူရဲ့ရပိုင်ခွင့်ကို ကမ္ဘာကြီးဆီက အသနားခံ ခယ တောင်းစားရယူရမယ်
အဆင့်မြင့်ပျောက်ကျားစစ်ပညာနဲ့ ရန်သူ့အလယ်ကခေါင်က အောင်နိုင်သူလို ဖြစ်ရမယ်။
အဲဒါဟာ အစ္စရေးတစ်ယောက်ရဲ့ လက်ဖဝါးပေါ်က လက္ခဏာပဲ။

ဂါဇာကမ်းမြောင်ဒေသဆိုတာ ၆ ပေ ၃ ပေကျယ်တဲ့ သချိုင်းတွင်းလို
အလောင်းကောင်တစ်ကောင် မြှုပ်နိုင်လောက်စရာလေးပဲ ကျယ်ဝန်းရဲ့
ဒီကျဉ်းကျဉ်းလေးဟာ ပါလက်စတိုင်းတစ်ယောက်ရဲ့ ရှင်သန်နေထိုင်ရာသုသာန်ပဲ
ဒီကျဉ်းကျဉ်းလေးဟာ အစ္စရေးတစ်ယောက်ရဲ့ ရှင်သန်နေထိုင်ရာသုသာန်ပဲ

စစ်လက်နက်သီအိုရီမှာ
တိုက်ခိုက်ရေး ဒုံးတိုင်းအတွက်
ဖြိုခွင်းရေး ဒုံးခွင်းဒုံး အသေအချာ ရှိပါသည်။

သို့သော်လက်တွေ့စစ်မြေပြင်မှာ
တိုက်ခိုက်ထိုးနှက်လာသော ဒုံးနှင့်
တန်ပြန်ချေမှုန်းသော ဒုံးခွင်းဒုံးတို့ ၂ လုံးတိုင်း ၂ လုံးတိုင်းဟာ
လေထဲတွင် တွေ့ဆုံ မပေါက်ကွဲခဲ့ပါ... တစုံတရာဟာ အမြဲ လွဲချော်ခဲ့ဖူးပြီ
တစုံတရာဟာ အမြဲ လွဲချော်နေသည် တစုံတရာဟာ အမြဲ လွဲချော်နေလိမ့်မည်။

မင်းယုံကြည်ထားချက်မှာ နည်းနည်းပါးပါးလေးများမှား မှားနေမလားလို့
ငါ့ယုံကြည်ထားချက်မှာ နည်းနည်းပါးပါးလေးများမှား မှားနေမလားလို့
ငါတို့ဟာ မစဉ်းစားအား
သချိုင်းကုန်းတစ်ခုကို အပိုင်စားရဖို့ အသက်ရင်းပြီး တိုက်ခိုက်ရှင်သန်
မင်းနဲ့ငါ နေထိုင်ရာ ဂါဇါရဲ့ရှုခင်းဟာ အမြဲတမ်း အနိဌာရုံဆန်နေခဲ့တယ်
မင်းနဲ့ငါ နေထိုင်ရာ ဂါဇါရဲ့ဂီတဟာ အမြဲတမ်း သေမင်းတမန်ဆန်နေခဲ့တယ်
မင်းနဲ့ငါ နေထိုင်ရာ ဂါဇါရဲလေထုဟာ အမြဲတမ်း အသုဘစော်နံနေခဲ့တယ်
မင်းနဲ့ငါ နေထိုင်ရာ ဂါဇါရဲ့အနာဂတ်ဟာ အမြဲတမ်း မီးလောင်ပြာကျနေခဲ့တယ်။

အဖေအမေသေတယ် ဒီမြေအတွက် အဖေအမေအလောင်းကို ဒီမြေမှာမြှုပ်မယ်
သားသမီးသေတယ် ဒီမြေအတွက် သားသမီးအလောင်းကို ဒီမြေမှာမြှုပ်မယ်
မသေခင် လုပ်လို့ရတာတွေ လုပ်ပြီး သေလို့ ပုတ်လို့သွားပြီးတဲ့အခါ
ဒီလူအရိုးဟာ
ပါလက်တစ်ယောက်စတိုင်းအရိုးလား အစ္စရေးတစ်ယောက်ရဲ့အရိုးလား
ဘုရားသခင်အပါအဝင်  ဂျေရုဆလင်သချိုင်းကုန်းကြီးက မခွဲခြားတော့ပါ။

လူသုံးစစ်ပညာဟာ
သေနတ်ထဲက ကျည်ဆံထွက်သွားတဲ့ဗျူဟာကို တီထွင် အသုံးချနိုင်ခဲ့ရဲ့
လူသုံးစစ်ပညာဟာ
သေနတ်ထဲကို ကျည်ဆံပြန်ဝင်သွားတဲ့ဗျူဟာကို မတီထွင် အသုံးမချနိုင်ခဲ့ဘူး
သေနတ်တွေ တကားကား ကိုင်ပြီး ငြိမ်းချမ်းရေးကို ခြူဆွတ်ခူးနေတဲ့
ငါတို့ဟာ စောက်ရူးတွေပေါ့ကွာ။   ။

သုအိုင်စံ
၀၁-၀၈-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))