((( လူယဉ်ကျေးတို့ရဲ့ကမ္ဘာ )))
((( လူယဉ်ကျေးတို့ရဲ့ကမ္ဘာ )))
ဘုရားစင်မှာ ဓါးတင်ထားတာ
ခင်ဗျား မြင်သာရဲ့လားဗျာ
အဲဒါ
ခင်ဗျား ရင်ထဲက စာသားတွေပါပဲ
အများ မြင်သာဖို့လည်း လိုရဲ့
တရားသဘင်သာလို့လည်း ခေါ်ရဲ့
သင့်တော် မျှတ မှန်ကန်သော
အမှန်တရားဆိုတာ
ဘုရားအပါးမှာ မေတ္တာ ကိုးကွယ်ထားတယ်
ဓါးအသွားမှာ သစ္စာ ထိုးခြယ် ထားတယ်
ခင်ဗျား + ကျုပ် = ကျုပ်တို့ ဆိုတာ
တရားနဲ့ဓါး ချုပ်ဆိုထားတဲ့ စာချုပ်လိုပါ
ဒီ-စာချုပ်ကို
ကျုပ်ကလည်း မဆွဲဆုတ်ပေဘူး
ခင်ဗျားကလည်း မဆွဲဆုတ်လေနဲ့
ဓါးထုတ်တာထက်စာရင်
တရားလုပ်တာက ပိုညှင်သာတယ်လို့
ကျုပ်တို့ အစဉ်-ယုံကြည်နေသေးရဲ့
လူယဉ်ကျေးတို့ရဲ့ကမ္ဘာမှာ
တရားပြလို့ မမြင်ရင်
ဓါးချလို့ သင်ရကြောင်း
ဖြစ်တည်မှုကျောင်းတုန်းက မသင်ပေးလိုက်လေပါ
လူ့ယဉ်ကျေးမှုမှာ ခေါင်းသုံးလို့ မြင်ကြေးလေဗျာ
ဘုရားစဉ်မှာ
ဓါးတင်တာ တရားသဘင်မဟာပဲ။ ။
သုအိုင်စံ
၀၂-၁၀-၂၀၁၇
Comments
Post a Comment