((( အလင်းနှလုံးအိမ် )))
((( အလင်းနှလုံးအိမ် )))
ဝါယာကြိုးထဲမှာ
မင်း ရန်သူကို အသဲအသန် ချေမှုန်းခဲ့ရလား
မင်း ကိုယ့်လူကိုယ် ပြန် မှားသတ်ခဲ့ရလား
မင်း ငြိမ်းချမ်းရေး အခါခါ ဆွေးနွေးခဲ့ရလား
ဝါယာကြိုးထဲမှာ
မင်းကို ကုမ္ပဏီက မတရား အလုပ် ဖြုတ်ပစ်ခဲ့လား
မင်း ကိုယ်ပိုင်ငွေတွေ အဓမ္မ ရုပ်သိမ်းခံ ခဲ့ရလား
မင်းလုပ်တဲ့ ၁ နာရီ ၁၀ အလုပ်ကို
၁နာရီ ၂၀နဲ့ သူဌေးကို ပေးခိုင်းခဲ့လား
ဝါယာကြိုးထဲမှာ
အဝေးကြီးမှာ မင်းကိုယ်မင်း လိုက်ရှာခဲ့ရလား
ရောက်လေရာမှာ မင်းကိုယ်မင်း တွေ့ရှိခဲ့လား
ရှိနေခဲ့တယ် ဆိုတာရော မင်းသေချာခဲ့လား
ဝါယာကြိုးထဲမှာ
အဖေ မရှိရင် မဖြစ်ဘူး ဆိုတာကို လက်ခံခဲ့လား
အမေ မရှိရင် မဖြစ်ဘူး ဆိုတာကို လက်ခံခဲ့လား
၂ ယောက်လုံး မရှိလည်း ဖြစ်တာကို လက်ခံခဲ့လား
ဝါယာကြိုးထဲမှာ
မင်းဟာ တစ်ကောင်ကြွက်ပါ ဆိုတာ သေချာခဲ့လား
မင်းဟာ အမှောင်နက်နက်ပါ ဆိုတာ သေချာခဲ့လား
မင်းဟာ အယောင်သက်သက်ပါ ဆိုတာ သေချာခဲ့လား
ဝါယာကြိုးထဲမှာ
ဘာ/ဘယ်လို/ဘာကြောင့်ပဲဖြစ်ဖြစ် မင်းအတိတ်အား--
သူတို့တွေ လုံးဝ စိတ်မဝင်စားဘူး
သူတို့ စိတ်ကူး၊ အတွေးအခေါ်၊ ခံစားချက်ထဲလည်း--
မင်း လုံးဝမပါဘူး
ဝါယာကြိုးအပြင်ဘက်မှာ
သူတို့ သိပ်ချစ်ကြရှာတဲ့ အလင်း၊ ဒီအလင်း၊ မင်း၊
အဲဒါ မင်းဘဝနဲ့ ချိပ်ပိတ်သယ်ယူလာတဲ့ သွေးလေ
မင်း ဘယ်လို အပူဒီဂရီဆိုးနဲ့
ချက်လုပ်ပွေ့ချီ သယ်ယူလာရတဲ့ အကြောင်းဟာ--
သူတို့ ဦးခေါင်းထဲမှာ မထည့်-- မသက်ဆိုင်စေခဲ့ဘူး
အခု မင်းက မင်း အလင်းကို မပိုင်လေတော့ဘူး
ဟေ့ရောင်.... လျှပ်စစ်!!!
မင်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်တဲ့ တပ်မှူးပဲ
ငါပြောသလို ဝါယာကြိုး နှစ်စကို မင်းပူးကိုင်လိုက်တော့
မင်းအဘိဓမ္မာက မင်းကို ရှော့ခ် မဖြစ်စေပြန်ဘူး
ထူးခြားတဲ့ မင်းရဲ့ဒဿသနမှန်တွေက သူတို့ဘဝရဲ့ သေဆေး
ဝါယာကြိုးထဲမှာ မင်း အမြဲတမ်း မှောင်နေသလိုလေး
သူတို့ဘဝ ခဏမှောင်ဖူးကြလား
ခူးစားသစ်သီးရဲ့ အမြစ်ကို တူးပြီး ကျေးဇူးတင်ဖူးကြလား
မီးပျက်သွားတဲ့အခါ
ဝါယာကြိုးထဲ ဝင်ပြီး
လျှပ်စစ် ကျန်းမာရေးကောင်း/မကောင်း မေးရကောင်းမှန်း
သူတို့ရဲ့ မီးပန်းဥာဏ်စွမ်း ကျောင်းတော်ကြီးက မသင်ကြားပါ
တခါတလေ လူသားဟာ
သက်ရှိ ဓါတ်အား ပြေးနေတဲ့ ဝါယာကြိုး ထိပ် နှစ်စကို
ကိုယ်ချင်းစာစိတ်နဲ့ ပူးကိုင်ကြည့်သင့်တယ် လို့များ
မင်း-မထင်မြင်မိဖူးလား ဟား ဟား ဟား ဟား ဟား
------------------------------ ------------------------------ ---။ ။
သုအိုင်စံ
၁၅-၀၉-၂၀၁၃
Comments
Post a Comment