((( ရုက္ခဂေဟသို့အလွမ်း )))
((( ရုက္ခဂေဟသို့အလွမ်း )))
အချစ်ရယ်
နှစ်စဉ်နှစ်တိုင်း အသက်လု ကူးခပ်လာရလို့
ငါတို့ရဲ့ လက်ဖျံရိုးတွေ ယောင်ကိုင်းလာပြီမို့
ရှေ့ဆက် လက်တွေ ကျိုးဖို့ပဲ ကျန်တော့တယ်
အချစ်ရယ်
ဝါဆို ဝါခေါင် တော်သလင်း မိုးတွင်းမှာ
စပါးပင်တွေဟာ လည်ပင်း ပို ပိုရှည်လာကြလို့
ရှေ့ဆက် သူတို့ သေဖို့ပဲ ကျန်တော့တယ်
အချစ်ရယ်
ပင်လယ်က အန်ထွေးထုတ်နေစဉ်မှာ
တောင်ပေါ်က လျှံပြေးသုတ်ချေတင်လာ
မြစ်ရေတွေဟာ ဘယ်နံရံ ပြေးကပ်ရမလဲ
မြို့ထဲကို တိုက်စားထိုးဝင်လိုက်ရတာမို့
ရှေ့ဆက် လူတွေ သေဖို့ပဲ ကျန်တော့တယ်
အချစ်ရယ်
ကာရန်မညီတော့တဲ့ ရာသီဥတုတွေဟာ
ကာရန်မညီတော့တဲ့ ရေမြေပတ်ဝန်းကျင်မှာ
ကာရန်မညီတော့တဲ့ လူထုကြီးကို ပြုစုနေရတာ
ကာရန်မညီစွာ ကမောက်ကမ ဖြစ်လာပြီမို့
ရှေ့ဆက် တိုင်းပြည် ပျက်ဖို့ပဲ ကျန်တော့တယ်
အချစ်ရယ်
ခုတ်လှဲ ရောင်းစားခံလိုက်ရသည့်
ရေထိန်းညှိပေးတဲ့ သစ်ပင်တန်းတွေကို
ငါ-လွမ်းတယ်။ ။
သုအိုင်စံ
၁၅-၀၇-၂၀၁၆
Comments
Post a Comment