((( ဝေလငါး )))
((( ဝေလငါး )))
သမုဒ္ဒရာထဲက ရေအောက်မီးတောင်တွေဟာ
အရင်တုန်းကတော့ ကုန်းနေသတ္တဝါတွေပါ
ကုန်းတွင်းမီးတောင်တွေက
အပူဝပ်အားတွေကို သိုလှောင်တယ်
တောက်လောက်တယ် ပေါက်ကွဲတယ်
ဒါက မီးတောင်တွေရဲ့ မူလအဓိပ္ပါယ်စစ်ပဲ
လူတွေက ကုန်းမြေမှာ ဓလေ့ချ နေထိုင်ကြတယ်
မီးတောင်တွေ ပေါက်ကွဲတော့ ဒုက္ခရောက်ရတယ်
ဒီတော့ ဒါကို သေချာတွေးခေါ် စီမံကိန်းချ လုပ်တယ်
မီးတောင်တွေကို ပင်လယ်ရေ ခပ်ပြီး လောင်းသတ်တယ်
မီးတောင်တွေက လွယ်လွယ်နဲ့တော့ မသေဘူး၊ စိတ်ညစ်လာခဲ့တယ်
လုပ်ပါများတော့ မီးတောင်တွေ ရေနက်ထဲကို ထွက်ပြေးသွားကြတယ်
ကုန်းပေါ်က ဝေလငါးတွေ သမုဒ္ဒရာထဲ အပြီး ဆင်းသွားကြသလိုပဲပေါ့
သိပ်တော့ လွယ်လှတယ်လို့ သမားရိုးကျအမြင်တွေနဲ့ မထင်လိုက်လေနဲ့
ရေအောက်မှာ အပူစွမ်းအင် အမြဲတမ်း တောက်လောင်နိုင်ရေးလမ်းစဉ်နဲ့
ရှင်သန်ရေးဗျူဟာအသစ်ကို ပြန်လမ်းမဲ့ဖောင်ဖျက် တီထွင်ပစ်လိုက်တယ်
ဒီအတွက်
ရှိပြီးသား အသားကျနေတဲ့ ဆွဲအားတွေကို ပြောင်းပြန် တွန်းကန်ခဲ့ရတယ်
ရှိပြီးသား ဘုရားပြနေတဲ့ ပုံသေနည်းတွေကို ပြောင်းပြန် တွက်ယူခဲ့ရတယ်
ရှိပြီးသား အမှားဝနေတဲ့ သီအိုရီတွေကို ပြောင်းပြန် အတည်ပြုခဲ့ရတယ်
ရေအောက်မီးတောင်တွေ ရေအောက်မှာ ရှင်သန် ပေါက်ကွဲတတ်သွားတယ်
လူတွေက အဲဒီလို ရေအောက်မှာ မီးတောင်တွေ ပေါက်တာ မလိုလားဘူး
ထူးသစ်စွာ တွေးခေါ်ယူပြီး အဲဒါကို ရအောင် ရပ်တန့်ဖျက်ဆီးပစ်ရမယ် တဲ့
ရေထဲကို ကမ္ဘာ့ကုန်းမြေတွေ ဖဲ့ ဖဲ့ ပြီး သွန်ချပိတ်ဆို့ဖို့ ကြံစည်စတင်လေရဲ့
ဒါပေမဲ့ လူရော မီးတောင်ရော ရှိတည်ရှင်သန်နေတဲ့ ဒီကမ္ဘာဂြိုလ်ပြာကြီးက
ရေက ၇၅% ရှိနေတော့ ဖို့ပစ် အနိုင်ယူမဲ့ ကမ္ဘာ့ကုန်းမြေက မလောက်ငှဘူး
သချာင်္ကိန်းစိတ်ကူးနဲ့ လက်ရှိပစ္စက္ခလက်တွေ့ဟာ အတိအကျ လွဲချော်လာ
လူဟာ ရေကို ဘယ်လို ခမ်း ပစ်ရမလဲ ဆက်လက် တွေးကြံနေပါသေးတယ်
အလကားရတဲ့ နေမင်းကို ပိုက်ဆံပေး အချိန်ပိုဆင်းခိုင်းမယ် ဆိုတာမျိုးလေ
မဖြစ်နိုင်တာတွေ တနင့်တပိုးနဲ့ စိတ်ကူးတွေဟာ စိတ်ထဲမှာပဲ အရိုးဆွေးခဲ့ရ
ရေကို မီးရှို့တတ်သွားတဲ့ မီးတောင်တွေက သူ့ယန္တယားကိုသူ လည်ပတ်ပြီ
ရေနွေးပူပူနဲ့ ပုရွက်ဆိတ်နီတွေကို လောင်းသတ်ခဲ့ဖူးကြတဲ့ လူတွေကတော့
ကိုယ့်အလှည့် ဝဋ်လည်လာမှာကိုတော့ အရေခွံ လောင်မြိုက်နေခဲ့ပေတယ်
ဘုရားရိုက်လို့ အနာဂတ်မှာ နေ့ ၄၀ ည ၄၀ ပြန်၍ ရေကြီးဦးမည် ဆိုပါလျှင်
ထင်နိုင်တာ အဲဒါဟာ ရေအောက်မီးတောင်တွေ ထ ပေါက်တဲ့ ရေပူတွေပါပဲ
အဲဒါဟာ လူတွေကိုယ်တိုင် ရွေးချယ်ပြီး ဆွဲချယူခဲ့တဲ့ ဆွဲဖဲတွေပဲ မဟုတ်လား
ရေနွေးပူ ဖျောထားတဲ့ လူ့အရေပြားဟာ လူ့စောက်ကျင့်ကို တစ်ခြောင်းစီ ဆွဲနှုတ်ဖို့
နူးရွလို့ အဆင်ပြေနေပြန်တယ် မဟုတ်လား၊ ငရဲသားဆန်ဆန်၊လည်စင်းခံတော့။ ။
သုအိုင်စံ
၀၈-၀၇-၂၀၁၄

Comments
Post a Comment