((( ပုတ်ကုန်သိုးကုန်များရဲ့ လတ်ဆတ်ဆဲ အစိတ်အပိုင်း )))
((( ပုတ်ကုန်သိုးကုန်များရဲ့ လတ်ဆတ်ဆဲ အစိတ်အပိုင်း )))
ဖန်ဆင်းရှင်ကုန်သည်လူလည်ထံမှ
ဝယ်ယူရခဲ့တာလား အလကားရခဲ့တာလား
နုနုရင့်ရင့် စိမ်းစိမ်းမှည့်မှည့် ချိုချိုခါးခါး
စားလက်စ-ဘဝသစ်သီးတလုံး
ပစ္စည်းနဲ့ တခါတည်းပါလာတဲ့
ဘဝကိုအသုံးပြုနည်းစာအုပ်ဟာ
ဘာ ဘာသာစကားနဲ့ ရေးထားတာလဲ
ဘယ်လိုပဲ ဖတ်ဖတ်- သုံညပဲ ပြတယ်
တမင်တတ်ကျွမ်းလို့ လုပ်နေတာလား
အမြင်မျက်ကန်းမို့ ရမ်းတုတ်နေတာလား
လည်ပတ်ခုတ်မောင်းနေတဲ့လူ့ ယန္တယားဟာ
ပြီးမြောက်ခြင်းမဲ့စွာ- ပြီးမြောက်ရင်းနဲ့ သာ
လူ့ ဘဝထုတ်ကုန်တခုဟာ
ဘယ်နိုင်ငံထုတ်လဲ
ဘာတံဆိပ်နဲ့  ဘယ်ကုမ္ပဏီက လုပ်လဲ
ဘယ်စက်ရုံမှာ လုပ်ပြီး
ဘယ်စက်ရုံရဲ့ တံဆိပ်ကပ် ရောင်းလိုက်တာလဲ
သုံးစွဲသူရဲ့ လက်ထဲမှာ
လူသည်နုန်းစွာနဲ့  မူလီပြုန်းလာခဲ့တယ်
ကုန်ကြမ်းဟာ
လူ့ သွေးထဲမှာ မူလ အရောင်မဲ့နေမယ်
ကုန်ကြမ်းဟာ
လူ့ အတွေးထဲမှာ မူလ မှောင်နက်နေမယ်
ကုန်ချောဟာ
လူ့ သွေးထဲမှာ သွေးလှည့်စီးပုံ
အရောင်နီကာ/ အတူရဲနေတဲ့ ဥာဏ်အလင်းစက်
ကုန်ချောဟာ
လူ့ အတွေးထဲမှာ အတွေးဖွဲ့ စည်းပုံ
အရောင်ညီညာ/ မတူကွဲနေတဲ့ ဥာဏ်အလင်းစက်
အဲဒါ--- ဖန်ဆင်းရှင်ရဲ့  အတတ်လက်စွမ်းပါ၊
တီးလုံးတီးကွက်နဲ့ လက်ရည်ပါ၊
ဘဝသက်တမ်းမှာ ပြီးဆုံးပြီးပျက်မဲ့ ဗျက်ဗွေဟာ
သွေးထဲမှာ မြှုပ်နှံလာ မိပြီးသား
အတွေးထဲမှာ သုသာန်ဟာ ရှိပြီးသား
ဒါကို---လူသွားတွေက ခြူစားနေခဲ့တာ
ဘဝဆိုတဲ့ ထုတ်ကုန်သုံးကုန်ဟာ
စထုတ်တာနဲ့  စပုတ်လာခဲ့ရ
မြန်မြန်ပျက်မှ များများရောင်းရမယ်--ဆိုတဲ့
ဖန်ဆင်းရှင်ရဲ့  ကုန်သွယ်စီးပွားရေးဗျူဟာထဲ
လူ့ ဘဝဟာ လတ်ဆတ်ဆဲ ပုတ်ကုန်သိုးကုန်ပေါ့ကွာ။ ။
သုအိုင်စံ
၀၉-၁၁-၂၀၁၆
Comments
Post a Comment