((( လမ်းဖွင့်ပွဲ )))
((( လမ်းဖွင့်ပွဲ )))
ဒါ-- အနှစ် ၆၀ တောင်ယာပါ ဆရာ
အခု လမ်းနဲ့ မလွတ်ဘူး
ဖျက်ကွာ---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
ဒါ-- ပြည်တွင်းစစ်ထဲက သူပုန်စစ်သချိုင်းပါ ဆရာ
အခု လမ်းနဲ့ မလွတ်ဘူး
ဖျက်ကွာ---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
ဒါ--- စီမံကိန်း ကြိုးဝိုင်းစိုက်ခင်းပါ ဆရာ
အခု လမ်းနဲ့ မလွတ်ဘူး
ဖျက်ကွာ---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
မြဝတီ--ကော့ကရိတ်--အာရှလမ်းမ
ကျနော်တို့ အခု ဖောက်နေကြတယ်
ဒီချောင်းကို အုတ်ခံသံတံတား ထိုးလိုက်မယ် ဆရာ
လုပ်ကွာ---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
လမ်းဖောက်နေတဲ့ဆီ
သူပုန်စစ်သား တစ်ယောက်မှ လာမကူရင်နေပါ
လမ်းဖောက်နေတဲ့ဆီ
အစိုးရစစ်သား တစ်ယောက်မှ လာမကူရင်နေပါ
လမ်းဖောက်နေတုန်းမှာ
တိုက်ပွဲတစ်ပွဲ လာမဖြစ်ရင် တော်ပြီ
ဒီ လမ်းဖောက်နေတဲ့ဆီ
ရွာသားရပ်သား အားလုံး လာကူညီဖြစ်တယ်
မိုက်တယ်---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
လမ်းဖောက်နေတုန်းမှာ
လမ်းပေါ်မှာ ဘတ်ဂိတ်တွေ ဘာစစ်သားတွေမှ မရှိဘူး
လမ်းဖောက်ပြီးသွားတော့ လမ်းပေါ်ကို
သူပုန်ရဲ့အကောက်ဂိတ်တွေ ရောက်လာတယ်
သူပုန်ရဲ့အကောက်စစ်သားတွေ ရောက်လာတယ်
အစိုးရရဲ့အကောက်ဂိတ်တွေ ရောက်လာတယ်
အစိုးရရဲ့အကောက်စစ်သားတွေ ရောက်လာတယ်
ကြည့်လုပ်ကြ---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
ငွေကြေးဟာ
သေဆေးတွေဖော်လာပြီး
လမ်းပေါ်က လူနာလောဘမီးကို တိုက်ကျွေးလိုက်ပြီ
ညတုန်းက စားခွက်လုတိုက်ပွဲမှာ
ချောင်းကူးသံတံတားကို
စစ်သားတွေ မိုင်းခွဲပြီးချိုးလိုက်ကြပြီ ဆရာ
မိုက်ရိုင်းပါ့---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
ငါတို့ရဲ့ အာရှလမ်းမဖွင့်ပွဲမှာကား
ငါတို့ရဲ့ မသာက ပန်းထပွင့်ဆဲပါလား
ကရင်ပြည်သူတွေ လိုလိုတတ လိုလားနေတဲ့ ငြိမ်းချမ်းရေး
ဝေး ဝေး သို့ အကြောက်တလန့် ထွက်ပြေးနေတုန်း
ဝုန်းကနဲ နင်းမိုင်းကို ပြည်သူစီးလာတဲ့ ကားတစ်စီး တက်ကြိတ်ခွဲတယ်
လမ်းဖွင့်ပွဲက သွေးသံရဲရဲ နိုင်ငံတော် အနာဂတ်သေဟာ
သေနတ်သံတွေက ဖားစည်သံကို ဖုံးသွားတာ ဝေလို့
သေနတ်သံတွေက ကျွဲချိုသံကို လွှမ်းသွားတာ ညံလို့
ရန်တို့ရဲ့သုသာန်မြေက ကရင်ပြည်သူရဲ့အသုဘ
လမ်းဖွင့်ပွဲလာကြတဲ့ ဘယ်သူမှ လာမကူကြဘူး။ ။
သုအိုင်စံ
၀၉-၀၇-၂၀၁၅
အာရှလမ်းမကြီးဖွင့်ပွဲမှ အကောက်ဂိတ်စားခွက်လုတိုက်ပွဲများသို့
Comments
Post a Comment