((( စစ်စီးပွားရေးမဏ္ဍိုင် )))
((( စစ်စီးပွားရေးမဏ္ဍိုင် )))
ကားလမ်းဖောက်ပေးမယ်
စာသင်ကျောင်းဆောက်ပေးမယ်
ဆေးရုံးဆောက်ပေးမယ်
သစ်ပင်တွေကို ခုတ်ယူသွားမယ်
ရွှေတွေကို တူးထုတ်သွားမယ်
ဒေသခံတွေ ဝိုင်းလုပ်ပေးရမယ်
သစ်ပင်တွေ ပြောင်စင် သွားပြီ
ရွှေတွင်းတွေ ဗလာဂူ ဖြစ်သွားပြီ
ဒေသခံတွေ ဇရာအိုမင်း သွားပြီ
ကားလမ်းတွေ ကျောက်မခင်းရသေး
စာသင်ကျောင်းတွေ တိုင်မထူရသေး
ဆေးရုံးတွေ ခေါင်မိုး မမိုးရသေး
စာချုပ်တစ်ခြမ်းကို
ငွေကြေးထုတ်နဲ့ပေါက်ပြီး လက်မှတ်ထိုးတဲ့သူတွေ
သူဌေးဖြစ်သွားတဲ့ စီးပွားရေးဗျူဟာမှာ
နိုင်ငံတော်က အခွန်ယူတာ အတူတူပါပဲ
စာချုပ်တစ်ခြမ်းကို
မသေဆေးလှုပ်လှည့်သောက်ပြီး လက်မှတ်ထိုးတဲ့သူတွေ
ခွေးဖြစ်သွားတဲ့ စီးပွားရေးဗျူဟာမှာ
နိုင်ငံတော်က အခွန်ယူတာ အတူတူပါပဲ
သူတောင်းစား ခွက်ပျောက်တာတွေလည်း လာမပြောနဲ့
သူဌေးသား ကားမှောက်တာတွေလည်း လာမပြောနဲ့
အာဏာရှင်တွေ အမြဲ အရက်သောက်ရန်အတွက်
အာဏာမဲ့တွေပဲ တစ်ယောက်မကျန် အခွန်ဆက်ပြီး
အမိနိုင်ငံတော်ကြီးကို ဂုတ်ချိုးလျှက်
ဓါးပြရိုးရာနဲ့ အုပ်စိုးတဲ့ သေနတ်တစ်လက်ရဲ့ အကြင်နာ
တစ်တိုင်းပြည်လုံးပဲ သေသေကွာ ငါမာနေရင် ပြီးရော
သင်ချိုင်းကုန်းတွေက ငြင်းသော အလောင်းကောင်တွေ
ခေါင်းဆောင်နေတဲ့ မြန်မာပြည်စီးပွားရေးယန္တယား
မွဲဆေးတွေ အလကား ရမယ်။ ။
သုအိုင်စံ
၂၂-၁၂-၂၀၁၄
Comments
Post a Comment