ဂစ်တာ-ရေးရာ- ၉ ပုဒ်..စုထားတယ်။

ဂစ်တာ-ရေးရာ- ၉ ပုဒ်..စုထားတယ်။
-
-
-
(( ချစ်သောဂစ်တာနှင့် Mainstream-Metal သမားတို့ရဲ့ ယနေ့ဒုက္ခ ))

နိုင်ငံရေးအရ သီချင်းသစ်ရေးစပ်ရမဲ့ အခြေအနေတွေမှာ
ငါတို့ဘဝက အပေါင်ဆုံး ဂစ်တာတွေကိုပဲ လွမ်းနေရဆဲပဲ။

အမှန်က ရပ်တည်ချက်ထဲက ပြတ်သွားတာက ၁ကြိုး ၂ကြိုးပဲ
၁ကြိုး ၂ကြိုးထဲ ဝယ်မရတော့ ငါတို့ပေါ်လစီကို ကြိုးတစ်စုံလုံး ဖြုတ်လဲရတယ်
တော်လှန်ရေးထဲမှာ သုံးစရာနေရာမရှိတဲ့ ၅ကြိုး ၆ကြိုးတွေက ငွေကုန်ပြီး အလကားပိုလို့။

စောက်သုံးမကျတဲ့ ခေါင်းဆောင်တွေက
ကြိုးဟောင်းကို မှီပြီး ကြိုးသစ်ကို အသံမညှိဘူး
စောက်ရမ်းလုပ် တစ်စုံလုံး ဖြုတ်ပစ်လိုက်တယ်
ကိုယ့်သမိုင်းကိုယ်ခြေရာခံလို့ မရတော့တဲ့ သံစဉ်ဟာ ငါတို့ပဲ။

ဒီနေ့နိုင်ငံရေးမှာ
ငါတို့ အခုထွက်မဲ့ အခွေမှာ ၁၉၇၀ က သီချင်းဟောင်းတွေ ပြန်ပါနေတယ်
ဆန်းသစ်တီးခတ်ထားတာလား မူရင်းအတိုင်းပဲလား အစွဲကလည်း ကြီးပါ့
ဒီနေ့ ကမ္ဘာ့ဂီတနိုင်ငံရေးက Spoken Words တွေ ပိုအားကောင်းနေတယ်။

မြန်မာပြည်ရဲ့ ကော်ပီတွေ ဖြတ်ခိုးတွေ သိပ်ပြီး ရေပန်းစားနေတဲ့ နိုင်ငံရေးဂီတနယ်မှာ
ပြောစမ်း..ကျုပ်တို့ ခင်ဗျားတို့ဟာ အစိုးရစာသားကို ဖြတ်ခိုးယူထားတဲ့ သူပုန်သီချင်းလား
ပျောက်သွားတဲ့ရံပုန်ငွေတွေရဲ့ ကူပါ ကယ်ပါ အော်သံဟာ မိတ်ဖက်နိုင်ငံရေးဆွေးနွေးပွဲသံလိုပါပဲ
ဒီအသံအသွားအလာတွေကို ဘယ်တော့မှ ကျုပ်တို့ သီချင်းရေး Recording မလုပ်ရဲကြဘူးမဟုတ်လား
(လူကြားမကောင်းဘူးလေ)။

နိုင်ငံရေးဂီတနယ်မှာ ဂီတအနုပညာသက်သက် လုပ်မဲ့ကောင်က နှလုံးသားမဲ့နေတယ်
နိုင်ငံရေးဂီတနယ်မှာ ဂီတစီးပွားရေးသက်သက် လုပ်မဲ့ကောင် ငွေအရင်းအနှီးမဲ့နေတယ်
နိုင်ငံရေးဂီတနယ်မှာ (ဂီတအနုပညာ+ဂီတစီးပွားရေး) တွဲလုပ်မဲ့ကောင်က ငွေရော နှလုံးသားရောမဲ့နေတယ်
ဒီလိုနဲ့ ၃ ဖွဲ့ကွဲတုန်းက ဂစ်တာ၃လက်နဲ့ ဒေါ်လာ ၃ သိန်းကို ၃ပုံ ခွဲ နောက်အစည်အဝေးပွဲတွေလည်း ထပ်မဖြစ်တော့ဘူး။

နိုင်ငံရေးဂီတမှာ လူလည်မကျနဲ့... ငါ့ Riff တွေကိုသုံးမယ် ဆိုရင်တော့ ငါ့ကို အကြောင်းကြားသင့်ပါတယ်
နိုင်ငံရေးဂီတမှာ လူလည်မကျနဲ့...ငါ့ကဗျာကို သုံးမယ်ဆိုရင်လည်း ငါ့ နာမည်လေးတော့ ဖော်ပြသင့်ပါတယ်
ရေးလိုက်တဲ့ သီချင်းက Global Toilet နဲ့ တူတယ် Multi-culture Shitနဲ့ Multi-color Piss တွေနဲ့အပြည့်
တော်လှန်ရေးစိတ်ဓါတ်နဲ့ ခိုးထားတာကို ကြိုးစားမေ့ပစ်ကာ "Dust In The Wind" ဟာ "ကမ္ဘာမကျေဘူး" ဖြစ်လာရော။

လက်နက်ကိုင်တော်လှန်ရေးမှာ
ဂစ်တာတောင် ပေါင်စားနေရတဲ့ကောင်က Independent Record လုပ်လို့မရဘူး
အဲဒီ ကိုယ်နည်းနည်းသူများများ စာချုပ်ပေါ် ငါ့ခလေးဆာနေပါလားအသိနဲ့ လက်မှတ်ထိုးလိုက်ပါ
အခုဆောက်သင့်တာက တက္ကသိုလ် ၁၀ခု မှမဟုတ်ပဲ၊ မူလတန်းကျောင်း ၂ခု ဖြစ်နေတယ်။

နိုင်ငံ့သမိုင်းစာအုပ်ကို လှန်ကြည့်ပါ
70s Music ကို မချစ်ရင် Music ကို မချစ်ဘူးလို့ ငါတို့ ရဲရဲယုံယုံ အမြဲကြွေးကြော်လေ့ ရှိတယ်
ဟုတ်တယ် ငါတို့ဂစ်တာမှာ အံမခန်း Scaleတွေ ကျင့်ခဲ့ မသေတတ်တဲ့တေးတွေ ဖန်ဆင်းခဲ့တယ်
ခေတ်က သူစီးကြောင်းအတိုင်း သူစီးတာ ငါတို့ဂီတက ဘယ်တော့မှ မသေပေမဲ့ နေလို့မရတော့ဘူး
Rock Will Never Die ဆိုပေမဲ့ It Dies Sometimes In Pop Culture လို့ဆိုရမှာပဲ
Spoken Wordsသမားက ဂစ်တာမတီးပေမဲ့ သူ့ Vocalကို Laptopက အကုန် Mix-downလုပ်ပေးတယ်။

လူထုအတွက်ဆို ဆံပင်ရှည်ဖြတ်ခိုင်းမလား ဖြတ်ပေးမယ် ဂတုံးတုံးခိုင်းမလား လုပ်ပေးမယ်
ငါတို့ဂစ်တာကိုတော့ မပေါက်ခွဲခိုင်းနဲ့ ငါတို့ နှလုံးသားထဲ Spoken Words Lyrics လာမပစ်ထဲ့နဲ့
အခု ငြိမ်းချမ်းရေးဖော်ဆောင်မဲ့ ပရိတ်သတ်က Music ကိုတကယ်ချစ်တတ် ခံစားတတ်မှ ဖြစ်မယ်။

မနေ့က ကြားလိုက်တယ်
Zeppelin Song ကို Spoken Words လုပ်ချလိုက်တဲ့ ကိစ္စ
လွတ်တော်ထဲမှာ အတည်ပြု ကျ သွားပြီတဲ့
ဒီကိစ္စကို ငါတို့ ဂစ်တာသမားတိုင်းက သဘောတူလို့ မရဘူး
ဒီငြိမ်းချမ်းရေးကို ဖျက်တယ်ကွာ။ ။

သုအိုင်စံ
၂၀၁၅
-
-
-
((( ဆယ့်နှစ်ကြိုးဂစ်တာ )))

အရှင်သီဆိုဖို့
ငါ ဒီကိုလာခဲ့တာ မဟုတ်ဘူး
အရှင်တီးခတ်ဖို့
ငါ ချည်းကပ်ခဲ့တာ မဟုတ်ဘူး
အရှင်ကျူးရင့်ဖို့
ငါ ဖူးပွင့်ခဲ့တာ မဟုတ်ဘူး။

ဆယ့်နှစ်ချောင်းသောကြိုးနဲ့
အသက်တစ်လောင်းကို ပျိုးထောင်
(လူဆိုတာ)
ဘယ်ကောင်ရဲ့ ဂီတလဲဟေ့။

အင်ထရိုမပါတဲ့ မတော်တဆတေးကို
ပင်ကိုယ်သဘာဝနဲ့ဖော်စပ် ဆက်ရေး
(သံစဉ်ဆိုတာ)
ထွက်ပြေးနေရတဲ့ ထောင်ပါ။

လောကက
ကော်ရက်စ်ပိုဒ်တွေအပေါ်မှာ
အဖော်အဖွဲ့နဲ့ လိုက် လိုက် အော်ကြသတဲ့..ဟား..ဟား။

ဒီမှာ လက်ချောင်းရိုးရိုးတွေလေ
ဆယ့်နှစ်ချောင်းကြိုးရှည်ခေတ်ပေါ်မှာ
ရင့်ရော်ချိနွမ်းခဲ့ဒီဘဝ
နိဒါန်းမဲ့ဂီတဥာဏ်လမ်းကြောင်း
အသိရမ်းနဲ့မပီမသ အကြမ်းမောင်းတယ်။

အရှင့်ရဲ့ အမြင်
ဘာကို ထွင်နေခဲ့တာလဲ
အရှင့်ရဲ့ အတွေး
ဘာကို ရေးနေခဲ့တာလဲ
အရှင့်ရဲ့ ဒဿန
ဘာကို ပြနေခဲ့တာလဲ။

ငါလေ
မရောက်မချင်း
ဖောက်ခွင်းခဲ့တယ်...သံစဉ်ထဲ၊
ငါလေ
သက်စိုးရှည်သလောက်
ဆယ်နှစ်ကြိုးကဝေလျှောက်ခဲ့တယ်...သံစဉ်ထဲ၊
ငါလေ
သံစဉ်ပျောက်ဆုံးတဲ့အထိ
ဂန္တဝင်မြောက်ရုန်းခဲ့မိတယ်...သံစဉ်ထဲ။

နိဂုံးကို
ညှိတုန်းမှာ
နေလုံးအိမ်မက်အလင်းပျောက်
သေဆုံးငြိမ်သက်ခြင်းရောက်ခဲ့ပြီ...အရှင်။

ထာဝရသံစဉ်ဆိုတာ
ဘာမှပြန်ရှင်လို့မရတဲ့ တိတ်ဆိတ်မှုပေါ့ကွာ။ ။

သုအိုင်စံ
၂၀၀၇
-
-
-
((( လူရဲ့ဂီတ )))

ရင်ဘတ်အချင်းချင်းတီးခတ်ထားတဲ့သံစဉ်ပါ
အင်ထရိုတစ်ခုလုံး
အချိုမြိန်ဆုံးတွေနဲ့လန်းသစ်တက်ကြွနေခဲ့တယ်။

ပထမအပိုဒ်ကို
စစ်မှန်တဲ့ညီညာမှုနဲ့သီဆိုရမှာမို့
တစ်ယောက်ကိုတစ်ယောက်အကောင်းမြင်ယုံကြည်နိုင်ဖို့
အချစ်တို့ကိုအသုံးချခဲ့တယ်။

သီဆိုနေတုန်းရပ်လို့မရတဲ့တေးသွားဟာ
တစ်ယောက်မအားတော့တစ်ယောက်ပဲဆို
နှစ်ယောက်အားတော့နှစ်ယောက်တွဲဆို
ငြိုငြင်လို့လည်းမရတော့ဘူး
မဆိုချင်လို့လည်းမရတော့ဘူး
အကူး၊ အချိတ်၊ အနိမ့်၊ အမြင့် တွေနဲ့
တေးဟာလွင့်ပြန့်နေခဲ့တယ်။

ကော်ရက်စ်အပိုဒ်မှာ
ဟာနိုနီသမားတွေထပ်ပိုလာခဲ့
တေးသွားဟာမြန်ဆန်သွက်လက်
သြဂက်ထရာဆန်ဆန်ရင့်ကျက်လာခဲ့တယ်

နောက်ဆုံးအပိုဒ်မှာ
ဟာမိုနီသမားတွေကကြွေးကြော်ကြပြီ
ဂီတသစ်ကိုဖန်ဆင်းမယ်တဲ့
သံစဉ်ဟောင်းထဲ
အညောင်းမိမခံနိုင်ဘူးတဲ့
ဂီတပုံစံနှစ်မျိုးကွဲခဲ့တယ်။

စခဲ့တဲ့နှစ်ဦးရဲ့ဂီတမျိုးက
ငြိမ့်ညောင်းတိုးသိမ့်ညှင်သာပြီ
ဟာမိုနီသမားတွေရဲ့ဂီတကတော့
လေထုကြီးတစ်ခုလုံးကိုသိမ်းပိုက်သွားတာပေါ့
လူသား
နားနဲ့
ပြောင်းလဲတိုးတက်သွားတဲ့ဘ၀ဖြစ်စဉ်။ ။

(သရဖူ မှာဖော်ပြခဲ့ဖူးတဲ့ကဗျာပါ)
သုအိုင်စံ--၂၀၀၂
-
-
-
((( ကလပ်စစ်ကယ်ဂစ်တာ )))

ဟောဒီမှာ
ကျနော့်ရဲ့ ရုပ်ဂစ်တာကို ထက်ခြမ်းခွဲပြီး
အောက်က ၃ ကြိုးကို ဖယ်ထုတ်ပစ်လိုက်ပြီ

ခင်ဗျားက
ခင်ဗျားရဲ့ နာမ်ဂစ်တာကို ထက်ခြမ်းခွဲပြီး
အပေါ်က ၃ ကြိုးကို ဖယ်ထုတ်ပစ်လိုက်ပါ

အခုတော့ ခင်ဗျားနဲ့ ကျနော်ဟာ
ထက်ခြမ်းကွဲနေတဲ့ ဂစ်တာတွေပဲဗျ
ဂစ်တာတစ်လုံး ပြန်ဖြစ်လာဖို့ရာ
သွေးတွေနဲ့ ကပ်ရမယ် အရိုးတွေနဲ့ သီရမယ်
အကြောတွေနဲ့ ချည်ရမယ် စိတ်တွေနဲ့ ပူးရမယ်
ကျနော်ဟာ ဘေစ့်သမား မဟုတ်တော့ဘူးလေ
ခင်ဗျားဟာ လိဒ်သမား မဟုတ်တော့ဘူးလေ
ကျနော်တို့ဟာ အရာရာပဲ ဟုတ်နေလိမ့်မယ်လေ
ကျနော်တို့ဟာ ကလပ်စစ်ကယ်ဂစ်တာတွေပဲ

ကျနော်တို့ ဂစ်တာကို တီးခတ်တဲ့အခါ
အပေါ်/ အောက် ကြိုးအားလုံး အညီအမျှ
ဘယ်/ ညာ လက်ချောင်းအားလုံး အညီအမျှ
ရှေ့/ နောက်၊ ဝဲ/ ယာ လှိုင်းအားလုံး အညီအမျှ
နိမ့်/ မြင့်/ တက်/ ကျ အသံအားလုံး အညီအမျှ
အချိန်အခါမရွေးမှာ တီးခတ်နေရမယ်
အခြေအနေမရွေးမှာ တီးတတ်နေရမယ်
လူတစ်ယောက်ဆိုတဲ့ ဂစ်တာတစ်လက်နဲ့
လူ့လောကဆိုတဲ့ အသံစုံကို ထွက်နေရမယ်

လောကကို တစ်ယောက်တည်း လေ့လာတဲ့အခါ
တစ်ကိုယ်တော် ကလပ်စစ်ကယ်ဂစ်တာကို တီးပါ
အဲဒါဟာ အလင်း/ အမှောင်၊ အမှန်/ အမှားနဲ့
အဆိုး/ အကောင်းတွေကို အချိုးကျ ပေါင်းပြီး
တွဲစပ်တီးထားတဲ့ တကိုယ်တော် လက်စွမ်းသံပဲ
အသက်ရှူသံလိုလည်း အသွင်စုံ ကျူးရင့်လျှက် ဆူညံစွာ
ရင်ခုန် ထူးသစ်တဲ့ လူသံဟာ
တယောက်တမျိုးသော ၆ ကြိုးနဲ့ တီးခတ်ထားတာပေါ့
တစ်သက်တစ်သံသော ၁၂ သံနဲ့ ရေးစပ်ထားတာပေါ့
ကြိုး မလျှော့ဖို့လည်း ဒဏ်ခံလျှက် သတိထားရမယ်
ကြိုး မတင်းဖို့လည်း မှန်ကန်တဲ့ အသိထားရမယ်
ကြိုး မပြတ်ဖို့လည်း အသံမှန်နဲ့ ညှိသွားရမယ်
လူဆိုတာ
တစ်ကိုယ်တော်တီးတဲ့ ကလပ်စစ်ကယ်ဂစ်တာသမားပဲ
နည်းမျိုးစုံနဲ့လည်း တီးခတ်ပြ အသံမျိုးစုံနဲ့လည်း ထွက်ဆိုပြ
ကိုယ့်ကိုယ်ကိုယ် မတီးခတ်ပဲ ပစ်ထားမိတဲ့အခါကျ
ဘာအသံမှ မထွက်ပဲ တိတ်တိတ်လေး ဖျားသေသွားရ
နားတွေက ကြားနေကြဂီတကို ကြားနေမှ ဒီဘဝစစ်မှာ
ဘဝဟာ
တစ်လက်တည်းတီးတဲ့ ကလပ်စစ်ကယ်ဂီတာရဲ့သံစဉ်ပဲ
ဘဝကို တယောက်တမျိုးသော ၆ ကြိုးနဲ့ တွဲစပ်တီးခတ်
ဘဝကို တစ်သက်တစ်သံသော ၁၂ သံနဲ့ ပူးတွဲရေးစပ်
ရုပ်/နာမ်ရဲ့အသံ တစ်ဝက်စီနဲ့ ဟုတ်မှန်တဲ့ အသံထွက်ညီစွာ
ဂစ်တာကို ဘာအသံမှ မကြားရတော့တဲ့ အထိတိုင် တီးပါ
နိုင်လွန်ကြိုးများဟာ ရေရှည်ခံပြီး သိပ်-ခိုင်-မာ-ပေ-မဲ့
ပြတ်-ထွက်-ခဲ့-တယ်...။ ။

သုအိုင်စံ
၀၆-၀၆-၂၀၁၄
-
-
-
((( မြေအောက်ဂီတ )))

၃ ကြိုးပြတ်သွားတဲ့အခါ
ဘေ့စ်ဂစ်တာ ဖြစ်လာလိမ့်မယ်

၎ ကြိုးပြတ်သွားတဲ့အခါ
လိဒ်ဂစ်တာ ဖြစ်လာလိမ့်မယ်

ဒီဘဝမှာ သွေးသားတွေ နစ်နာခဲ့ပေမဲ့
ဂီတမှာ တေးသွားတွေ လစ်ဟာခဲ့ပေမဲ့

ဘဝဒုက္ခအပြည့် ဘေးဒဏ်ကမ္ဘာမှာ
ခဏ အလုပ်ရသည့် တေးသံဟာ

အသံ၏အလှ အစုံ မကျူးရင့်နိုင်ပေမဲ့
ဥာဏ်ရှိသမျှ အကုန် ဖူးပွင့်လှိုင်ဝေခဲ့

အုတ်ခုံထက်က လမ်းသရဲသီချင်းများ
ဒီညကို မင်းမူ ထားတယ် ကြားလား။ ။

သုအိုင်စံ
၂၀၁၅
-
-
-
((( ၇ ကြိုး ဂစ်တာ )))

၆ ကြိုးနဲ့ တီးလို့ မရတဲ့ကောင်ဟာ
ခင်ဗျားတို့ ဂီတမှာ လူရာမဝင်ခဲ့ဘူး
၉၀ ခုများ မတိုင်ခင် နှစ် ၂၀ လောက်
စင်အောက်မှာ
ကျုပ် တစ်ယောက်တည်း Rock နေခဲ့ရတယ်။

ဟုတ်တယ်ဗျာ...ကျုပ်ဟာ လူမဟုတ်ဘူး
သမားရိုးကျ အတွေးအခေါ်သေတွေနဲ့ တီးခတ်
ခင်ဗျားတို့ ကျုပ် ကို မရဘူး မဟုတ်လား
ကျုပ် အများကြီး စဉ်းစားခဲ့တယ်
လူဟာ လူသံ မထွက်ရင် လူ မဖြစ်ရတော့ဘူးလား
ကျုပ် အများကြီး စဉ်းစားခဲ့တယ်
လူ့ ဂီတဟာ ဒါ အကုန်ပဲလား
ကျုပ် အမျာကြီး စဉ်းစားခဲ့တယ်
If You don't like 70s music, you don't like music လို့
ခင်ဗျားတို့ ဂီတ အလင်းပေါက်ကို ပိတ်ဆို့ ခဲ့တယ်
ကျုပ် အများကြီး စဉ်းစားခဲ့တယ်
80s metal Rules ဆိုပြီး
ခင်ဗျားတို့ လူမိုက် Tattoo တွေနဲ့ ဖြဲခြောက်ခဲ့တယ်
ကျုပ် အများကြီး စဉ်းစားခဲ့တယ်
လက်သန်း မသုံးနိုင်တဲ့ Solo သမားကို ခင်ဗျားတို့ ဟားတိုက်လှောင်ခဲ့တယ်
ကျုပ် အများကြီး စဉ်းစားခဲ့တယ်
Rock will never die ဆိုပြီး
ခင်ဗျားတို့က အင်ပါယာကြီး လုပ်ခဲ့တယ်
ကျုပ် အများကြီး စဉ်းစားခဲ့တယ်

ကျုပ်ဟာ လူတစ်ယောက် ဖြစ်တယ်
ကျုပ် လည်ချောင်းထဲမှာ လူအများသံနဲ့ မတူတဲ့ လူသံ တစ်ခု ရှိတယ်
အဲဒါကို ထွေးထုတ်ဖို့ ကျုပ် စဉ်းစားခဲ့တယ်
ကျုပ် ကြိုးစားခဲ့တယ်
တစ်ယောက်တည်း
စင်အောက်မှာ။

ရှိပြီးသားအတွေးအခေါ်အိုတွေနဲ့ တီးခတ်
ရှိပြီးသား အသံတွေနဲ့ပဲ ခင်းဗျာတို့ ကျေနပ်
ကျုပ်က မဝဘူး၊ ကျုပ် တစ်ဘဝတည်း ကွဲဦးပေါ့
အရူးတစ်ကောင်လိုတော့ ဂစ်တာကို စိုက် ကြည့်နေခဲ့မိတယ်
ရှိပြီးသား သီအိုရီအိုတွေနဲ့ တည်ဆောက်
ရှိပြီးသား သံစဉ်အိုတွေနဲ့ပဲ ခင်ဗျားတို့ ပြီးမြောက်
ကျုပ်က မလောက်ဘူး၊ ကျုပ်တစ်ယောက်တည်း လွဲဦးပေါ့
အရူးတစ်ကောင်လိုတော့ ဂစ်တာကို ပိုက် ကြည့်နေခဲ့မိတယ်။

ဝေါ့ကနဲ ထိုးအန်လိုက်တဲ့ ကျုပ်ရဲ့အသံ
၆ ကြိုးနဲ့ ဝန်းရံဖမ်းချုပ်
လုံးဝ ပြုတ်ကျ ကွဲသွားတယ်
ဝေါ့ကနဲ ထပ် ထိုးအန်
ထပ် ဖမ်းချုပ်
ထပ် ပြုတ်ကျ ကွဲတယ်
ဝေါ့ကနဲ ထပ်ပြီး ထိုးအန်
ထပ်ပြီး ဖမ်းချုပ်
ထပ်ပြီး ပြုတ်ကျ ကွဲတယ်
ဝုန်းကနဲ ဂစ်တာကို ကျုပ် ပေါက်ခွဲပြီး
ပုံသေနည်းတွေကို ကျုပ် ကျောခိုင်းထွက်ခဲ့တယ်။

ကျုပ်ရဲ့အသံကို ဘော်လုံးထဲ ထည့် ကန်ကြည့်တဲ့အခါ
ဂိုးတိုင်ဟာ နိမ့်နေတယ်
ကျုပ်ရဲ့အသံကို ဝါကျ တစ်ခုထဲ ထည့် ဖတ်ကြည့်တဲ့အခါ
ဂရမ်မာတွေ မှားနေတယ်
ကျုပ်ရဲ့အသံကို Anti-Virus လုပ်ပြီး အွန်လိုင်းပေါ် လွှတ်တင်ကြည့်တဲ့အခါ
ဘယ်ကွန်ပြူတာမှ လက်မခံဘူး
ကျုပ်ရဲ့အသံကို ပိုက်ဆံတစ်ရွက် လုပ်ပြီး ဈေးကွက်သွင်းကြည့်တဲ့အခါ
ဘယ် ရောင်းသူ ဝယ်သူမှ မသုံးကြဘူး။

ကျုပ်ရဲ့အသံ...ကျုပ်ရဲ့အသံ...ကျုပ်ရဲ့အသံ
စင်အောက်မှာ တစ်ယောက်တည်း ညံနေခဲ့တယ်။

အလင်းမဖြစ်တဲ့ကောင်
အမှောင်ရော မဖြစ်နိုင်ဘူးလား
ကျုပ်စဉ်းစားတယ်
မူးမူးမှားမှား ထူးထူးခြားခြား တွေးလာတယ်
အတွေးဟာ အခန်းနံရံမှာ ထွန်းထားတဲ့ Black Light နဲ့
လင်းကနဲ ဝင်တိုက်ကွဲတယ်
Black Light ဟာ အဖြေပဲ။

ရိုက်ခွဲထားတဲ့ ဂစ်တာတွေနဲ့
၇ကြီုးဂစ်တာကို ကျုပ် တီထွင်တယ်
ဝေါ့ကနဲ ကျုပ်ရဲ့အသံကို ထိုးအန်ချ
၇ကြိုးနဲ့ ဖမ်းဆ ဖြန့်ချုပ်လိုက်ရင်
သူ့သံစဉ်တွေ သူ့နုတ်စ်တွေထဲမှာ ဂွင်ကျ မြုပ်ဝင်လို့
ဟာာ....ကျုပ် လူဖြစ်ပြီထင်တယ်။

ဒါဟာ Nu-Metal ပဲ
ဒါဟာ Alternative ပဲ
ဒါဟာ Prog-Metal ပဲ
ဒါဟာ Y2K ပဲ
စင်ပေါ်မှာ ကျုပ် ဟစ် ပွင့် ပေါက် ကွဲ
တစ်ယောက်တည်းမှသည် နှစ်ယောက်တွဲ
နှစ်ယောက်တွဲမှသည် တစ်ဝိုင်း
တစ်ဝိုင်းမှသည် မျိုးဆက်တစ်ခက်
လူသံ မထွက်တဲ့ကောင်တွေ လူ ဖြစ်ခဲ့ပြီ။

ဒါပေမဲ့
လူဆိုတာ တစ်ယောက် တစ်မျိုးစီ ကောင်တွေပါ
၇ကြိုး ဂစ်တာဆိုတာ
ကိုယ့်ကီး ကိုယ့်လက်ကွက်နဲ့ ကိုယ်သံစဉ်ကို သီးခြား ချိန် တီးရတဲ့
သောက်..ဂွစာကောင်တွေ
အဲဒီ ဂွစာကောင်တွေရဲ့ ဂီတပြင်းအား
အခု ခင်ဗျားကို နားမုဒိန်းကျင့်နေပြီ မဟုတ်လား ဟား ဟား ဟား။ ။

သုအိုင်စံ
၁၈-၀၅-၂၀၁၃
-
-
-
((( ၅ကြိုးနဲ့တီးတဲ့သီချင်း )))

ဘိတ်ဆုံးဆုကြေးရငွေနဲ့ အရက်ဝယ်သောက်တဲ့အခါ လုံးဝ မမူးဘူး မဟုတ်လား
ဒွန်းစဏ္ဍားကို ကြင်နာလိုက်တဲ့ ဒေါ်လာ ရာနှုန်းပြည့်ဝတဲ့အသပြာမှ မဟုတ်တာ
ကိုယ်ချင်းစာမဲနဲ့တက်လာတဲ့ အမတ် လွှတ်တော်ထဲမှာ တုန်ရီ ထစ် အ နေပေါ့
ဘက္ထရီလျော့နေတဲ့ဖုန်းက တိုးတိုးလေးပဲကြားရ သုံးရစွဲရတာ စိတ်မချမ်းသာ
ငါတို့မှာ "ပန်းတိုင်းပွင့်ရမဲ့တရား"ကလည်း ရှိနေတယ်၊
ငါတို့မှာ "အကုန်မရရင် ဘာမှမယူဘူး" သီချင်းကလည်း ရှိနေတယ်
ဘော်လုံးပွဲမဟုတ်လို့ တစ်ဖက်မှမရှုံးဘူး၊
ငြိမ်းချမ်းရေးဆိုတာ ဂီတပွဲတော်နဲ့တူလို့ ဘော်လုံးလို အားမပေးနဲ့
သံစဉ်ဂီတတွေ ကခုန်နိုင်ဖို့
ပရိသတ်ရဲ့ရင်တွင်းကလာတဲ့ စည်းနဲ့ကမ်းနဲ့ ငြိမ်သက်ခြင်းကို ဖြန့်ခင်းပေးကြပါဦး
သူပုန်တပ်ကဆောက်ထားတဲ့ တောစာသင်ကျောင်းလေးကို
တပ်မတော်က ဖဲကြိုးဖြတ်ဖွင့်လှစ်၊ ဆရာသစ်တွေခန့်ပစ်လိုက်တယ်
ဘဝအဘိဓမ္မာဟာ
ကြိုးလျော့တူရိယာနဲ့တောင် ဘဝတေးဖြစ်အောင် စပ်ရေးဖွဲ့နွဲ့
လိုအပ်ချက်ထဲကတောင် အပိုထပ်ထွက်အောင်လုပ်နိုင်လိမ့်ရဲ့
မွဲပေမဲ့နွှဲလိုက်ပါ နည်းပေမဲ့ရဲလိုက်ပါ လေထဲမှာ လေတိုက်နေပါမယ်

ယနေ့ ကျွမ်းကျင်တဲ့တရားတိုင်းမှာ မပြည့်စွမ်းအင်ရဲ့အားလှိုင်းတွေရှိနေတယ်
ကျပ်မပြည့်ရင် ထပ်မဖြည့်နဲ့ မတ်စေ့ဟာ ကူတို့ခ လုပ်လို့ရတယ် ဟေ့ရောင်
အများအကျိုးအတွက် ၅ကြိုးနဲ့ ဖြစ်အောင်တီးပေးလိုက်တယ် သီချင်းကို။ ။

သုအိုင်စံ
၁၂-၀၁-၂၀၁၃
-
-
-
(((-(၄ချောင်းနဲ့) (၆ကြိုးကိုတီး) (E G A A G e ဆိုတဲ့ key နဲ့)-)))

(လက်ကွက်)
တွေ့တယ်မဟုတ်လား
လက်ခလယ် မရှိဘူး
ခင်ဗျားကို မဖတ်ယူ( အင်္ဂလိပ်လိုအသံထွက်ရန်) နိုင်ဘူးပေါ့
ကျနော် ယဉ်ကျေးသလား
ကျနော်က Trash Metal ဂစ်တာသမားပါ

ခင်ဗျား ဂစ်တာက ကြိုး အားလုံး မညီတော့
ဘယ်သူတွေကမှ ဆွဲ တီးလို့ မရဘူးပေါ့
ဘယ်သူတွေနဲ့မှ တွဲ တီးလို့ မရဘူးပေါ့
ဒီမှာ...
လူဆိုတာ E A D G B e ဗျ
ခင်ဗျားက ဂီတမှ တကယ် ဟုတ်ရဲ့လား

(ဂစ်တာသံ)
ဟား ဟား ဟား ဟား
ခင်ဗျား ဘယ်လက်ပြတ်ကြီးက
ဂစ်တာမတီးဘူးလို့ ပြောနေတယ်လေ
ဒီလိုပဲ နားလည်ရ၊ ဒီလိုပဲ နားလည်ကြတာပေါ့
သမားရိုးကျရဲ့ အဘိဓမ္မာနဲ့ အမှန်တရားပြုခဲ့
တကယ် အစိုးမရတဲ့ အသိသညာနဲ့ ဥာဏ်အားစုခဲ့
ကျန်တဲ့ တခြားတစ်ခုရဲ့ အတွေးတရားကိုလည်း
မလေးစား မလေ့လာတတ်
မမှန်တဲ့ မမှားမှုရဲ့ အရေးများကိုလည်း
ဘေးထား မေ့လာကြမယ်
အဲဒီတော့--
ခင်ဗျားက ဘဝကို ဂစ်တာတီးပြလိုက်တာပဲ မဟုတ်လား

ဒီလိုပါပဲဗျာ
ကျနော့်ဂစ်တာဟာ
ကျနော့်ရင်ခုန်သံနဲ့ key ညှိထားတာ
အများမှန်လူ့သီအိုရီဟာ
ခင်ဗျားပြောသလို E A D G B e မဟုတ်လား
ကျနော့်ရင်ခုန်သံက E G A=A G e ဗျာ
ဓမ္မကိုလည်း A G E သံနဲ့ ညီမျှထွက်တယ်
အဓမ္မကိုလည်း A G e သံနဲ့ ညီမျှထွက်တယ်
၆ ကြိုးထဲမှာ ဓမ္မရော အဓမ္မရော ရှိနေတာဟာ ဂစ်တာပဲပေါ့
အဲဒါနဲ့ ဘဝကို ကျနော် ဂစ်တာတီးနေခဲ့တာလေ
ကဲ ခင်ဗျား ဘာသီချင်းတွေ နားထောင်ချင်လဲ..ပြော

(လက်ကွက်)
KANSAS ရဲ့ DUST IN THE WIND တီးဗျာ
ဒသနကောင်းကင်မှာ
ဒီသီချင်းထက် ပျောက်ဆုံးတာ ဘယ်တရားမှ မရှိဘူး
ကျနော့်ဂီတတစ်ခုလုံး
အဲဒီ SOLO ထဲ ကူးခပ်ရင်း ရူးအ ခဲ့
ကျနော့်ဒသနတစ်ခုလုံး
အဲဒီ LYRIC ထဲ တွေးခေါ်ရင်း ဘေးချော် ခဲ့
အချိန်ကာလတရားရဲ့ အနတ္တအရာကို
ကျိန်စာခတ်ထားတဲ့ ဒသနဗလာပဲ
အဇတ္တအတ္တနယ် အလွှာခန်းထဲ စွဲနေ၏
တထစ်ချ-မှတ်မယ်- ဘယ်မှာမှန်းလည်း မသိ၊

(ဂစ်တာသံ)
သိပ်ရတာပေါ့ဗျာ..ဒီသီချင်းဟာ
ဘာ keyနဲ့ တီးတီး၊ ဘာစကားနဲ့ ရေးရေး၊
ဘယ်သူပဲ ဆိုဆို၊ ဘယ်အဖွဲ့နဲ့ပဲ တီးခတ်တီးခတ်၊
ကျောရိုးဒသနက တစ်သံတည်းရတယ်
(ဖျတ်ကနဲ) တဲ့
(ဖျတ်ကနဲ)
(ဖျတ်ကနဲ)
(ဖျတ်ကနဲ) ဆိုတဲ့ အတိုဆုံး သြဂါသလောကဓမ္မသံစဉ်ပေါ့
ထားလိုက်ပါတော့
အခု ခင်ဗျားတီးဗျာ
HOTEL CALIFORNIA တီးပါ

(လက်ကွက်)
ဟာဗျာ...ခင်ဗျားဟာကလည်း
ကျနော်က NEVERMORE လို Power Metal Guitar သမားဗျ
ခင်ဗျားရဲ့ စောက်ရေးမပါတဲ့ နု/ ချွဲ / နွဲ့/ချို တွေ မတီးတတ်ဘူး
ဘဝမှာ တီးတတ်လည်း မတီးဘူးဗျာ၊
ဘဝမှာ အမြဲတီးလာတာလည်း ဟဲဗီးပဲ၊
ပွဲပြီး ကဗျာဟာလည်း ဟဲဗီးပဲ
ဒီအတွက် ဘယ်သူနဲ့မှ မတွဲတီးရရင်လည်းနေ-ရတာပေါ့
ဒီတစ်သက် ကယ်သူမဲ့ကြ ငရဲမီးကျရင်လည်း-သေကြတာပေါ့
ဘဝဆိုတာ လေထက် ပေါ့နေတဲ့ ဗလာပါ

(ဂစ်တာသံ)
အင်း....ခက်တာပဲဗျာ
သံသရာရှည်သီချင်းတေးသွားအစစ်ရဲ့ဂီတထဲမှာ
ပြန်လာသေရင်းမွေးဖွားဖြစ်ပျက်တည်ကြမြဲ သီချင်းဆိုလို့
HOTEL CALIFORNIA ဟာ တီးခတ်လို့ အကောင်းဆုံး
HOTEL CALIFORNIA ဟာ သီဆိုလို့ အကောင်းဆုံး
HOTEL CALIFORNIA ဟာ ခံစားလို့ အကောင်းဆုံး
အဲ...စောက်သုံးမကျ နားလည်ရခက်တဲ့ စာသားတွေကလွဲရင်ပေါ့
ဘဝအဘိဓမ္မာအဓိပ္ပါယ်တရားကတော့
အဲဒီ စာသားလို နားလည်ရခက် အသုံးမကျ နေနိုင်ပေမဲ့
လူဟာ အဲဒီ ဂီတကို တီးတတ်နေရမှာပဲ
အဲဒီဓမ္မလို အပြီးသတ်သေကြတာလည်း အဲဒီလိုပဲပေါ့
(ဘာနားမလည် ညာနားမလည်နဲ့) တတ်သလို တီးခဲ့မှာပဲ
ခင်ဗျားနဲ့ကျနော် မတွဲတီးမိကြရင်လည်း
ဖြစ်တည်မှုဂီတဘဝက တိတ်ဆိတ်နေမှာပဲပေါ့
အဲဒါကိုတော့ ဂီတလို့ သတ်မှတ်အတည်ပြုလို့ ရပါ့မလား
သံသရာမဆုံး ဆက်ငြင်းသွားအုံးစို့။ ။

သုအိုင်စံ
၂၇-၀၂-၂၀၁၄
-
-
-
((( အိုရင့်ပျက်ယွင်းသွားတဲ့ဂီတ=ပျိုမျှစ်ခဲ့ခြင်းများနဲ့ဒီဘဝ )))

( တစ်ကြိုး )
သေးသွယ်စွာ၊ စူးရှစွာ၊ ကျစ်လစ်စွာ၊
ခလေးငယ်ဟာ၊ ဖူးစမှာ၊ ပွင့်သစ်လာ
သေးငယ်တဲ့ e ဖြစ်လာတယ်

( နှစ်ကြိုး )
သေးသွယ်ဆဲ၊ စူးရှဆဲ၊ ကျစ်လစ်ဆဲ၊
ခလေးငယ်ပဲ၊ ဖူးစပဲ၊ ပွင့်သစ်ပဲ၊
ရှေ့ဘက်ကိုလည်း တိုးချဲ့ လျှောက်သွားကာ၊
နေ့ရက်လိုပဲ မျိုးဆက် ပေါက်ဖွားလာ၊
အရေးပါတဲ့ B ဖြစ်လာတယ်

( သုံးကြိုး )
ဖြစ်တည်ခြင်းအလိုက် လူရဲ့နယ်ပယ် တဝက်နီးပါးကို
စစ်ချီရင်း တိုက်ယူလျှက် ချယ်လှယ် တက်စီးထားသလို
ကိုယ့်ကိုယ်ကိုယ် ပထမ အထင်ရောက်ကာနဲ့
ကိုယ့်ကိုယ်ကိုယ် သမ္မတ တင်မြှောက်လာခဲ့
အသံပိုင်းဘက်မှာ အဓိကနဲ့ ဂစ်တာကီးမှန်ရင်-ကိုယ်ဟာ
ဥာဏ်လှိုင်းသွက်ကာ တီးခတ်တဲ့ ဆရာကြီးသံစဉ်-လိုပါ
ကြီးမားတဲ့ G ဖြစ်လာတယ်

( လေးကြိုး )
ကြေးစား-တန်းဆင်းသမား ရွာလည်သလိုပါပဲ-
ခြေဟာ မကျသေးပေမဲ့- ယှဉ်ကန်ရတာ- ပင်ပန်းပြီး-ဟိုင်းလာခဲ့
အလေးထား-အရမ်းစဉ်းစားလာတယ်-ကိုယ်ဟာလည်း-
နေရာ မရသေးပေမဲ့- ရှင်သန်ရတာ- အပင်နွမ်းပြီး-ကိုင်းလာခဲ့
ကြီးမားတဲ့ D ဖြစ်သွားတယ်

( ငါးကြိုး )
ဘုရားကျောင်းကို ပုံမှန်သာ သွားတက်လာနေသလိုလို
ခွက်ပုန်းဆိုင်ဘက်နားဆီပဲ ရောက်-ရောက်သွားတော့တာ
တရားကောင်းကို စုန်/ဆန်ကာ တအား ဆက်ရှာနေသလို
ဆက်ရုန်းနိုင်တဲ့ အားသည်လည်း ပျောက်-ပျောက်-အားလျော့လာ
ကြီးမားတဲ့ A ဖြစ်သွားတယ်

( ခြောက်ကြိုး )
သက်မဲ့ဘဝ မဖြစ်သေးတဲ့ သက်ရှိသိက္ခာသိုလှောင်ပုံကို
၁၀၉/၁၁၀သွေးမိုက်နဲ့-လမ်းသရဲလို- စောက်ချိုး-မပြင်လို့- မရတော့ဘူး-
လမ်းထက်က လျှောက်တဲ့ ခြေမှာ-စိတ်တို့သည်-လေး-လေးလံခဲ့ပြီ

လက်မဲ့ဘဝ မဖြစ်သေးတဲ့ လက်ရှိရိက္ခာဂိုထောင်ရုံကို
ဘဝဆိုးဘဝငယ်လေးစရိုက်နဲ့-အရမ်းဆဲဆို- ဒေါင့်မကျိုး-ချင်လို့- မရတော့ဘူး-
လှမ်းခဲ့သမျှ ရောက်တဲ့ နေရာ-အတိတ်တို့သည်-ဝေး-ဝေးကျန်ခဲ့ပြီ
ကြီးမားတဲ့ E ဖြစ်သွားတယ်

( ခွန်နှစ်ကြိုး )
အခုခေတ် ဂစ်တာတွေဟာ အသံတူ တကြိုးကြိုးကို
ကိုယ်က-ကြိုက်လို့ ထပ်-တိုးထားတဲ့-ခေတ်ပေါ်စရိုက်ပဲလား
သူ့ခေတ်မှာ ဖြစ်လာနေတာ ရန်သူ အမျိုးမျိုးကို
ကိုယ်က-မိုက်လို့ ထပ်-ဆိုးဝါးတဲ့- ဆင့်ခေါ်တိုက်ပွဲများ

( သွေးမဲ့နှစ်တွေ=တေးမဲ့ခေတ်သေ )
အတွေးအတွက်တွေလည်း မလက်မပ တော့ဘူး
အရေးအဖွဲ့တွေလည်း မထက်မရှ တော့ဘူး
အသွေးအသက်တွေလည်း မတက်မကြွ တော့ဘူး
အဆွေးအဆက်တွေလည်း မသွက်မလှ တော့ဘူး

( ကြိုးမဲ့အသုဘ )
ငါ့ဂစ်တာဟာ ခွန်နှစ်ကြိုး ဖြစ်သင့်/ မသင့်
ကြိုး ခြောက်ချောင်းရဲ့ ဖြစ်တည်ခဲ့မှုကို
အကုန် ဖြုတ်ထုတ် ရှင်းထားပြီးမှသာ
အဆိုး-နောက်ကြောင်းမဲ့ အသစ်တည်ဖွဲ့မှုကို
ခြုံငုံ ထုတ်နှုတ် စဉ်းစား-ခရီးစ-မှာ
အပယ်ဘုံမှာ ငရဲမသာရဲ့ သံစဉ်ဆိုးနဲ့ ဖြစ်ဖြစ်
နိဗာန်ဘုံမှာ အမြဲဗလာရဲ့ သံစဉ်မျိုးနဲ့ ဖြစ်ဖြစ်
-
( ဆက်ရန် )
သံသရာရဲ့ တကွေ့ကွေ့
ပြန်လာမဲ့ တဘုံဘုံမှာ
ပြန်ဆုံခဲ့ပါရင်
နားဆင်လှည့်ပါ နားများ။ ။

သုအိုင်စံ
၁၂-၀၆-၂၀၁၇

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))