((( ပင်လယ်သို့ အမှတ်ရချက်များ )))
((( ပင်လယ်သို့ အမှတ်ရချက်များ )))
လှေထဲမှာ စစ်ဖိနပ်ကို မချွတ်နဲ့ စီးထားပါ ရဲဘော်
ရေထဲ မင်းပြုတ်ကျသွားလို့လည်း
မင်းကိုယ်မင်း လွတ်အောင် လှော်နိုင်မှာမှ မဟုတ်ပဲ
မြဲမြဲမှတ်ထားအုန်း
ပင်လယ်နဲ့ သချိုင်းကုန်းဟာ အကျယ်အဝန်း အားလုံး တူတယ်
ငါတို့ဟာ
သယ်သူ့ထံကိုမှ ကိုယ့်ဒုက္ခ ရေမလျှံစေတဲ့ ရေငန်တွေပါ
ရိုးရိုးလေး ရေတက်လာရင်
ရိုးရိုးလေး ကုန်းမြေဆီ လှေဦးတည့်ပြီး
ရိုးရိုးလေး ရေကျသွားရင်
ရိုးရိုးလေး ပင်လယ်ဆီ လှေဦးတည့်သွားတယ်
ဒီရေပြင်မှာ
လူကုန်းရေပြင်လို ဝေ့လည်ကြောင်ပတ် မှုတ်ဝဲ စုတ်ဝဲတွေ မရှိဘူး
ကျွန်းတစ်ကျွန်းကို ရောက်ဖူးတဲ့ လှိုင်းတွေဟာ
အဲဒီကျွန်းကို ပြန် ပြန် လာကပ်ကြတယ်
ကျွန်းတစ်ကျွန်းကို ရောက်ဖူးတဲ့ လှေတွေဟာ
အဲဒီကျွန်းကို ပြန် ပြန် လာကပ်ကြတယ်
ကမ်းစပ်က မျှော်နေကြ အဝေးငေး မျက်လုံးတွေဟာ
ကတိရှိစကားတခုခုကို ဖြစ်စေ၊ အသိရှိအမှားတခုခုကို ဖြစ်စေ
မသိသည့်ဘုရားတခုခုကို ဖြစ်စေ မရှိသည့်တရားတခုခုကို ဖြစ်စေ
အဖော်မျှော်တဲ့ သံယောဇဉ်အလား၊ အချိန်မှန် ကမ်းနားမှာစောင့်၊
ထိုအရာ ရောက်လာသည် ဖြစ်ဖြစ်၊ မရောက်လာသည် ဖြစ်ဖြစ်
ကိုယ်သာ စောင်လာသည့်သစ္စာနဲ့၊
ပင်လယ်ရွာမှာ ဖြစ်လာတဲ့ ရေချိုတွင်းအလား
လူတကာ အားထားရတဲ့ မရှိမဖြစ် ဘဝတူယဉ်ကျေးမှုကျွန်းများ
လူတိုင်းမှာ ထွန်းကားသော နေဝင်နေထွက် ၂၄ နာရီ ပုံမှန်တရားနဲ့
ခုန်ပျံနေတဲ့ ရေတက်ရေကျ လူငါးတွေ
လက်နက်ကြီးတစ်လုံးနဲ့ လှေကြီးတစ်စီးဟာ
ပင်လယ်ခရီးမှာ အရွယ်အစားချင်း တူ၏ တဲ့
လှေကို ထိကွဲဖို့ပဲ လိုတာ၊ ကျန်တာ ရေရဲ့ တာဝန်ပဲ၊
လှေဆိုတာကလည်း အထိခွဲ မခံရရန် လျှင်မြန်ဖြတ်လတ်
ဘယ်ကျွန်းကို ကပ်ရမယ်မှန်း မသေချာတဲ့ ဘဝနဲ့
ဘယ်ကျွန်းမဆို ကပ်တတ်ခဲ့တဲ့ ရေမှာ ကျင်လည်ကျက်စား
လူတိုင်းဟာ ပင်လယ်ဓါးပြများ ဖြစ်တယ်
ငါးသုံးလုံး၊ ဘင်ဆင်၊ အန္ဒိယမှတင်သော ဖန်ဆီဒိုင်း၊
လူတိုင်းတီးတတ်တဲ့ဂစ်တာ၊ လရောင်လက်လက်၊
ညအမှောင်နက်နက်၊ လူငယ်လက်သံဂီတ၊ စေတီဆည်းလည်းဓမ္မ၊
ညသန်းခေါင်ယံတေးသွား၊ မိန်းခလေးများရဲ့ပုံရိပ်သွင်၊ ဓနိတောအိပ်ယာ
ရေပြင်မှာ ထင်နေသော သူတိုရဲ့ အလှမှောင်ရိပ်သဏ္ဍာန်နဲ့
မသေခင်မှာ ရှင်နေသော လူတို့ရဲ့ ဘဝလှောင်ပိတ်ဒဏ်ချက်
တစ်သက်တစ်ကျွန်း၊ ဆက်ထွန်းကားရာ၊ ရေအဏ္ဍဝါထဲ၊
လူတွေဟာ ရတနာပုလဲ လူတွေဟာ ကမာပဲ
ပီနန်လှေပဲဝင်ဝင် ရန်ကုန်လှေပဲဝင်ဝင်
ဘိတ်လှေပဲဝင်ဝင် မော်လမြိုင်လှေပဲဝင်ဝင်
ဒီကျွန်းတွင် မရှိတာ မှန်သမျ၊ ကြိုဆိုကြရာ၊
ဥပမာ... ကျေးလက်ကပွဲ၊ အနီတောင်၊ မြို့ကျဖာ၊
တောင်ပေါ်ကလာတဲ့ ဘိန်း၊ ကွန်ပြူတာဂိမ်းသစ်၊
မဂဇင်း၊ စာအုပ်နှင့် ဂျာနယ်၊ ဖုန်း၊ လက်တော့၊ ချဲထီ၊
ဆိုင်ကယ်ဆီ၊ အများသုံးဒီမိုကရေစီယဉ်ကျေးမှု
ကျွန်းပေါ်မှာ သူ့ နေရာ သူ နေရာ အမြန်ယူကြ၊
လူတွေဟာ ရန်ကုန်ဆန်ခဲ့ ခဏခဏ
ကုန်သည်ပီနန်လှေပဲရရ ကုန်သည်ရန်ကုန်လှေပဲရရ
ဓါးပြထွက်တိုက်ကြမယ်
၈ နှစ်သား ကလေးက ဆီမီးထုတ်ကို ကိုင်တွယ်
အသက် ၆၀ အဖိုးအရွယ်က သံလိုက်အိမ်မြောင်ကိုကြည့်
တွေ့သည့်အရာ အကုန် ယူကြ
၃ လစာ
ငါး ဗုံးတစ်လုံး ခွဲရင်
ငါး ပေါင်းစုံ တထောင်လောက် သေတယ်
ငါးကြီး တရာလာက်ပဲ ယူမယ်
ကျန်တဲ့ ၉ရာလောက် ရေထဲမှာ ပုတ်
အဲဒါ-- သူတို့ အလုပ်မှ မဟုတ်တာ
ငါးကြီးတစ်ကောင်ဆီက
အဆီအိပ်တခုပဲ ဖြုတ်ယူကာ
ကျန်တာတွေ အားလုံး လွှင့်ပစ်
ဖြစ်ချင်ရာဖြစ် သူတို့ပစ္စည်းမှ မဟုတ်တာ
အသေးဆုံး ဂွေးကောင်လေးတွေက
အကြီးဆုံး စီးပွားရေး ဖြစ်သတဲ့
နည်းနည်းချင်း သဲ့ ဖမ်း၊ ဖြေးဖြေးချင်း စုပုံ
ခုံဖိနပ်ကြမ်းနဲ့တက်နင်း၊ ကြပ်တင်ရင်းနေလှန်းထား
ရန်ကုန်သွားမဲ့ မျှင်ငပိများဖြစ်လာ
အဲဒါ-- သူတို့ မစားတဲ့ အရာပဲ
ဆီအုန်းခြံ တခင်း သိန်း တထောင်
မှောင်ခိုလှေ ၂ စီး သိန်း ၁၀၀
ပလောပီနန် တခင်း သိန်း ၂၀၀
လက်ခတ်လှေ တစီး ၅၀၀ ကျပ်
တောတွင်း လက်နက်ခွန် ပေးဆက်ကြ နှစ်စဉ်
ဒီပင်လယ်ပြင် ဒီဂွင်တွင်
သူပုန်အဖွဲ့ ၄ ဖွဲ့က သူတောင်းစားခွက် ၄ ခွက်
ခွက်တိုင်းထဲကို သင့်ရာတင့်ရာ ပစ်ထည့်ပေးထား
အစိုးရက ခွက်အကြီးစား တခွက်၊
ခွက်ကြီးထဲကိုက မှန်မှန် နဲ့ မျာျးများ ပစ်ထည့်ပေးထား
ကျေးလက်သူဌေးများရဲ့စီးပွားရေးေ တွ ပြထားလိုက်တာ
တရားဝင်ပါပဲ ပင်လယ်ဓါးပြတိုက်တာကလွဲရင်
ဒီကျွန်းရွာမှာ
ရိုသေခံ ဘုရားလူကြီး၊ အရေးပါသော ဂေါပက၊
မရှိမဖြစ် ရွာဥက္ကဌ၊ စီမံခန့်ခွဲရေး ရပ်မိရပ်ဖနဲ့၊
ပညာရေးနာယက၊ လူမှုရေးအကြံပေး စတဲ့ တာဝန်တွေကို
ထိုလူကြီးတစ်ဦးတည်းကပဲ ဂုဏ်ယူစွာ လုပ်ဆောင်တယ်
သူရဲ့နာမည်က အားလုံးက လေးစားတဲ့ ဦးဝဇ္ဖာ
အားလုံးက မေ့ထားတာက ဗိုလ်မိစ္ဆာနာမည်နဲ့ ပင်လယ်ဓါးပြတိုက်တာ
သူ့ရပ် သူ့ရွာအထာလေးနဲ့ သူ့ဓမ္မ သူ့ဘာသာရေးမှာ
ငရဲအမုန်းဟာ ဘုရားပဲ ဖြစ်နေ ဖြစ်နေ၊
အသဲနှလုံးမှာ မြှားပဲ နစ်စေ နစ်စေ
ရေချို မထွက်တဲ့ကျွန်းလို ဝိုင်း ပစ်ပယ်ထားလေ၊
ပရှူးဓါးပြတွေ ရေထဲက မတက်တော့လေ ပဲ။ ။
သုအိုင်စံ
၁၀-၀၇-၂၀၁၅
Comments
Post a Comment