((( ဒေဝါလီလူမျိုးများ )))
((( ဒေဝါလီလူမျိုးများ )))
(("တော်ဝင်မဟာ" ဆိုတဲ့နိုင်ငံဟာ
တစ်နှစ်ကို ၁၀ ဒေါ်လာနဲ့  လည်ပတ်တယ်))။
(၁) အာကာသလေ့လာရေးယာဉ် တီထွင်၊ လက်ဦးစွာ လွှတ်တင် = (၁) ဒေါ်လာ
(၂) နယူးကလီးယားဗုံးသိမ်းဖို့  ရေငုတ်သင်္ဘောတည်ဆောက် = (၀.၅) ဒေါ်လာ
(၃) မောင်းသူမဲ့ ဗုံးကျဲလေယာဉ်နဲ့ ခေတ်မှီဗုံးတွေ တပ်ဆင် = (၀.၅) ဒေါ်လာ
(၄) စစ်သားလခ (၀.၅) ဒေါ်လာ + စစ်ဗိုလ်လခ (၀.၅) ဒေါ်လာ = (၁) ဒေါ်လာ
(၅) ပြည်သူ့ ဆေးရုံ + အမျိုးသားတက္ကသိုလ်သစ် တည်ဆောက် = (၁) ဒေါ်လာ
(၆) နိုင်ငံပိုင် ဆယ်တယ်လိုက် နောက်ဆုံးပေါ် အသစ်လဲ = (၁) ဒေါ်လာ
(၇) လူမျိုးခြား ခိုးမဝင်နိုင်ရန် နိုင်ငံ့ခြံစည်းရိုး မွန်းမံတည်ဆောက် = (၁) ဒေါ်လာ
(၈) ပြည်တွင်းစစ်ဆင်ရေး (၁.၅) ဒေါ်လာ + ဘုရားလှူ (၀.၅) ဒေါ်လာ = (၂) ဒေါ်လာ
(၉) လူမွဲထမင်းဝိုင်း (၀.၅) ဒေါ်လာ + ဘူဇွာအရက်ဝိုင်း (၀.၅) ဒေါ်လာ = (၁) ဒေါ်လာ
(၁၀) ကမ္ဘာ့ဘဏ်အတိုးသတ် = (၁) ဒေါ်လာ။
((၁၀ ဒေါ်လာ ဆုံးရှုံးခြင်း))။
(၁) ကမ္ဘာ့ဆွဲအားထဲကို ပြန်အဝင်မှာ အာကာသယာဉ် ပျက်ကျတယ်
(၂) နယူးကလီးယားဗုံးငုံထားတဲ့ ရေငုတ်သင်္ဘော ၂ စီး တိုက်ကွဲတယ်
(၃) တိုက်လေယာဉ် ဗုံးအဖြုတ်မှာ ဗုံးကွဲပြီး၊ လေယာဉ် လေထဲ မီးလောင်တယ်
(၄) စစ်သားနဲ့ စစ်ဗိုလ် လစာ မတူပေမဲ့ လခ ထုတ်တာခြင်း တူတယ်
(၅) ဆေးရုံကို သူပုန်က မီးရှို့တယ်၊ တက္ကသိုလ်ဆောင်ကို အစိုးရက မိုင်းခွဲတယ်
(၆) နောက်ဆုံးပေါ် ဆယ်တယ်လိုက်ကို ဆိုလာစတုမ်း တိုက်ဖျက်သွားတယ်
(၇) နိုင်ငံ့ပတ်လည် ခြံစည်းရိုး ကျိုးသွားတယ်၊ လူမျိုးခြားတွေ ခိုး ဆိုး လာတယ်
(၈) ပြည်တွင်းစစ်ဆင်ရေးက ဘာမှ ပြန်မရဘူး၊ ဘုရားထံကလည်း ဘာမှ ပြန်မရဘူး
(၉) လူမွဲလည်း ဗိုက် ပြန်ဆာလာတာပဲ၊ ဘူဇွာလည်း ပြန် အရက်နာကျလာတာပဲ
(၁၀) ဘဏ်ကြွေး အတိုးပဲသတ်ခဲ့တော့ ဘဏ်ကြွေး အတိုးပဲ ထပ်တက်တာပေါ့။
((ဖြေရှင်းပုံ))။
ပျောက်ဆုံးသွားရတဲ့ (၁၀) ဒေါ်လာကို အပြတ် မေ့လို့
နောက် သုံးသွားရမဲ့ (၁၀) ဒေါ်လာကို ထပ်တွေ့ဖို့ ရှာတယ်
မကြာပါ....ခေါင်းဆောင်များဟာ ခေါင်းစားမခံချင်ကြဘူး
စာမေးပွဲမှာ စာ ခိုးကူးချသလို ရေနံတူး ရောင်းစားတယ်
အမေ့ နားကပ် ဖြုတ်သလို သစ်ပင်ခုတ် ရောင်းစားတယ်
ပုလင်းလှုပ်သောက်သလို ဓါတ်ငွေ့ထုတ် ရောင်းစားတယ်
အမွေဥစ္စာခေါင်းတလားထဲမှာ
အသေရုပ်ဟာ အလောင်းအသားကြွေလောက်မှ
ကုလသမ္မဂ္ဂထံ ဆင်းရဲသားအဖြစ် လျှောက်ထားခံယူ
လူမွဲအလံကို ထူလိုက်ပြီ
ဒေဝါလီခေတ်ကြီးထဲက ကျွန်တိုင်းပြည်မွဲမှာ ကြီးပြင်းတဲ့
သေရွာနဒီမြစ်ကြီးလည်း အခွံအတိုင်း တည်မြဲစွာ စီးဆင်းခဲ့ပေမဲ့
အမျိုးကို လက်ညိုးထိုး ရောင်းစားခဲ့တဲ့ လူ့သမိုင်းကို
ဘယ်သူ့သချိုင်းကမှ လက်မခံပါ
"တော်ဝင်မဟာ" သည်
လူ မစည်တဲ့ ဈာပန ပြာလို ပျံတက်၊
လူ မသတီတဲ့ တခါက ဖာလို ကျန်ခဲ့တယ်။ ။
သုအိုင်စံ
၂၅-၀၉-၂၀၁၃

Comments
Post a Comment