မွေးနေ့အမှတ်တရ ကဗျာတိုလေးတွေ.. ဖတ်မလား...

မွေးနေ့အမှတ်တရ ကဗျာတိုလေးတွေ.. ဖတ်မလား...
-
((( Heavy Metal )))
လူ့မာန ဓါးနဲ့ တီးတဲ့ ခေတ် သီချင်း
လူ့သဘာဝ အမှားနဲ့ စီးတဲ့ မြစ်တစ်စင်း
ဂီတ အနှစ်သာရဟာ ဝုန်းဒိုင်း ပေါက်ကွဲ
ဒီဘဝအဖြစ်ထာဝရဟာ ဒုန်းစိုင်း တစ်ယောက်တည်း
လူ့ပင်လယ်ထဲ...
ဒုက္ခနှစ်ထပ်ကိန်းနဲ့ အတိတ် ပစ္စုပ္ပန် နောက်ထပ် တီးလုံးများ
လုပ်သမျှဇတ်သိမ်းတဲ့ တိတ်ဆိတ်မှုနဲ့
သံစဉ်တွေ ပျောက်ရှ ပြီးဆုံးသွားဖို့ပေါ့...

သံစဉ် အဆိပ်မိုက် ၁၂ပါး နဲ့
မပြန်ခင် စိတ်ကြိုက် လှည့်ကစားခဲ့တဲ့....
ငါ့ရဲ့တေးအယ်ဘမ်ဟာ
နှစ် လေးဆယ်ကြာ တီးခတ်မှု လွဲနေတုန်း
တဝုန်း ဝုန်းနဲ့ ...Heavy Metal တီးလုံးတွေ။ ။
သုအိုင်စံ
၂၉.၀၃.၂၀၁၂
---------------------------------------------
((( ၄၁ ကျွန်းမြောက် ကုန်းမြေရိုင်း )))
ပစ်တင်သွားတာက ဘုရား
လွင့်စင်သွားတာက ငါ
ပင့်တင်ထားတာက ကမ္ဘာ
ဖြစ်စဉ်များက အများပိုင်နာမ် ဖြစ်ရပါတယ်
ကျင့်စဉ်များက ခင်ဗျား ဒိုင်ခံ ကျင့်ရပါမယ်
၉၈ဝါ ထက် ပို ဆိုမယ်လို့ မဖြစ်နိုင်ပါဘူး
၃ပုံ၂ပုံက ရေထဲမှာ နစ်ကူးနေ
၃ပုံ၁ပုံက လေထဲမှာ လွင့်လူးနေ
ခေတ်ရေပြင်ထဲ
လွင့်နေအစဉ်အမြဲ
(ရင်ထဲ ဗလာဒသနနဲ့လှေငယ်)
(အစဉ်အမြဲ ဗလာဒသနနဲ့ နေတယ်)
(တမင်ပဲ ဗလာဒသနနဲ့ သေမယ်)
လေးနေပေမဲ့ ကမ်းသို့ ပြေး မကပ်ခဲ့ဘူး
ဝေးနေပေမဲ့ အလွမ်းတို့ သွေး မကြွခဲ့ဘူး
ရူးရူးမူးမူး ဆက်ကူးခပ်ခဲ့
လေးဆယ့်တစ်ဝါမှာ
သွေးပျက်တာ တခါမှ မရှိဘူး
လှိုင်းမူးမှ အသက်ရှူ ဝတော့တာက လွဲလို့ပေါ့
ရေထဲ လေထဲ လေဆဲ
ပေဆဲ သေရဲတုန်းပဲ ဟေ့ရောင်
ပြောသာပြောရတာပါ...မြင်ကြတဲ့အတိုင်းပဲ
၄၁ခါ ဘဝ ဝါဆိုတော့
ရေးတဲ့ကဗျာ ရသဟာ အချိုပေါ့နေပြီ။ ။
သုအိုင်စံ
၂၉-၀၃-၂၀၁၃
--------------------------------------------------------
((( ၄၂ ခွက်မြောက် ကော်ဖီခါး )))
အခါးတွေနဲ့
အသားသေနေတာကွ
အမှားတွေနဲ့
ညားနေတာ မဟုတ်ဘူး
၎ ပုံ ၂ ပုံ ကျော်တော့ ဖြတ်ကျော်ပြီးခဲ့ပေါ့
ခရီးမှ မည်ခဲ့ရဲ့လား၊ ပဲ့ကျန်ထားခဲ့ အတိတ်မှာ
၎ ပုံ ၂ ပုံ လျော့ ရှိနိုင်သေးတဲ့ မနက်ဖန်များရဲ့
လက်ကျန်အားနဲ့ အင်ဂျင်ထဲလှည့်ပတ်ဆဲ ရိက္ခာ
ပြီးသွားတဲ့ အစိုးရသက်တမ်းမှာ
ကိုယ်ဟာ နိုင်ငံရေး သေခဲ့သလား
မပြီးသေးတဲ့ အစိုးရသက်တမ်းမှာ
ကိုယ်ဟာ အနာဂတ် သေနေသလား
ရေရှား မြေရှား လူ့ ပထဝီဘာသာရပ်ကို
ပေါချောင်ကောင်းရမှတ်နဲ့ အောင်ခဲ့လား
ပြည်သူ့မွဲဆေး၊ ဘူဇွာတို့ရဲ့ ခရိုနီ စီးပွားရေးဗျူဟာနဲ့
တိုင်းပြည်ကိုချောက်ချ၊ ကိုယ် အမြင့်ရောက်ခဲ့ရလား
ပြန်လည် စဉ်းစား သုံးသပ် ဝေဖန်ကြည့်ပါသည်
အမှန်တကယ် အရှင်းသား လုံးဝ ရေခံသည့် နာရီဟာ
စက်မှန်စွာ လက်ဖျံမှာ သွေးများလို ပြေးလွှားနေဆဲ
အမှားတွေနဲ့ ညားနေတာ မဟုတ်ဘူး
အခါးတွေနဲ့ အသားသေနေတာကွ
အများနဲ့ မတူပေမဲ့လည်း တရားနဲ့အတူနေလျှက်ပဲ
ကော်ဖီခါးခါးကိုပဲ ဆက်မော့နေလိုက်တော့တယ်။ ။
သုအိုင်စံ
၂၉-၀၃-၂၀၁၄
--------------------------------------------------------
((( ၄၃ လုံးမြောက် ရေခဲတောင်)))
လေးဆယ်သုံး
အပြေးသွက်တုန်းပါပဲ
သွေးထွက်တုန်းပါပဲ
ဝေးလျှက်မဆုံးလည်း
ပြေးတက်တုန်းပါပဲ
လေးပုံသုံးပုံတော့
အုပ်ဂူထဲမှာ သိုလှောင်ပြီးသွား
လေးပုံတစ်ပုံတော့
ကိုယ်ထဲမှာ လောင်မီးစားဆဲကောင်
တောင်ခရီးသွားစဉ်
နွယ်မြက်ပင်များ တွယ်တက်သွားပေါ့
ရေခဲများ အရည်ပျော်ဆင်းသွားပေါ့
ကိုယ်ကတော့
ဆင်းနေတာလား တက်နေတာလား
ကျောက်တောင်ကမ်းပါးမှာ ကပ်မှီ ကြာခဲ့ရ
ခုန်ချနိုင်တာထက် ပိုမြင့်တဲ့ ဘဝဟာ
လေပေါ်မှာလိုလို
မြေပေါ်မှာလိုလို။ ။
သုအိုင်စံ
၂၉-၀၃-၂၀၁၅

((( သွေးလမ်းကြောပိတ်သွားတဲ့လမ်းပေါ်ကသွေး၄၄ )))

ဘဝမှာ ဆေးဝဋ်နဲ့မျောပါခဲ့တာ သိပ်များခဲ့တော့
ငါ့မှာ သွေးလွှတ်တဲ့အကြောဟာ ပိတ်သွားခဲ့ပေါ့

မင်းဝင်လာလို့ မရတော့ဘူး
ငါ့-အသက်ဒဏ်ကြွေးနဲ့ အမှားပိတ်သွားပြီ
သိပ်ချစ်ခဲ့ရပါသော ဘိန်းဖြူရေ

မင်းဝင်ပါလို့ မရတော့ဘူး
ဘဝ-ဆက်ဆံရေးရဲ့ တံခါးပိတ်သွားပြီ
သိပ်အပြစ်မဲ့လှပါသော တစိမ်းလူရေ

အခု ငါ့ကိုယ်ငါ ပြန်ကြည့်နေတယ်

ရုပ်နာမ်နဲ့ ဖြစ်တည်ခဲ့သော လေးဆယ်လေးမှာ
ငါသည်-သွေးထွက်သေးပါသည် ( နောက်ဆုံးစက်အရောက် )
အရှုပ်ဒဏ်နဲ့ စစ်ချီခဲ့သော လေးဆယ်လေးမှာ
ငါသည်-သွေးထွက်နှေးလာပြီ ( သောက်သုံးခဲ့သလောက် )

သွေးအကြောင်းတွေးကြည့်ရင်
သွေးပွက်နဲ့ ရေးခဲ့တဲ့ အာဏာရှင်တော်လှန်ရေး၏ ကမ္ဘာတခု
သွေးစက်နဲ့ သွေးခဲ့တဲ့ ကဗျာစာဆင်မှော်ဆန်ရေးသည့် ကဗျာပန်းပု
သွေးဆက်နဲ့ ဝေးခဲ့တဲ့ ရွာမဟာတွင်မျှော်ကျန်သေးသည့် ရွာမိသားစု
ငါ-တခုမှ လုံးဝ စာမေးပွဲ မအောင်သေးပဲ၊ ငါ-တရာစုလုံး ကျောင်းပြေးဆဲ
သွေးဟာအလောင်းကို ကန်ထုတ်ခဲ့။ အလောင်းဟာသွေးကို အန်ထုတ်ခဲ့

လမ်းအကြောင်းတွေးကြည့်ရင်
ခြေထောက်လောက်မှ မရှည်တဲ့ လမ်းတွေပေါ် ငါလျှောက်စဉ်
အတက်မရှိတဲ့ ကုန်းမြေတွေအပေါ်မှာ ငါ အထင်သေးခဲ့မိပါလား
အရှက်မရှိတဲ့ အပြုံးတွေအပေါ်မှာ ငါယဉ်ကျေးခဲ့မိတာ -အမှား
ဘယ်လိုလျှောက်လျှောက် ဘယ်ကိုမှမရောက်တဲ့ လမ်းတွေပေါ် ငါလျှောက်စဉ်
ဘယ်လိုဖျောက်ဖျောက် ဘယ်လိုမှမပျောက်တဲ့ စဉ်လာဆိုးတွေကို လမ်းစဉ်တင်
ဘယ်လိုဖောက်ဖောက် ဘယ်လိုမှမပေါက်တဲ့ ဝင်္ကဘာရိုးတွေကို အရမ်းခင်မင်
လမ်း-မဆုံးတော့သည့် တာဝန်များနဲ့၊ စွမ်း-မရုန်းတော့သည့်ငါ-ခွန်အားမဲ့
စိတ်ပျက်ကြောင်းကိုလည်း အိပ်စက်ကောင်းခဲ့တယ်လေ

လမ်းပေါ်မှာ ငါနဲ့ငါ တွဲလှမ်းခဲ့တယ်
သွေးပေါ်မှာ ငါနဲ့ငါ ရဲစွမ်းခဲ့တယ်
ဆေးအဖော်ဟာ ငါနဲ့ပါ စွဲလမ်းခဲ့တယ်

သို့...
ငါ့အနာဂတ်/
ငါစာရေးလိုက်တယ်
ဆေးမသောက်ပဲနဲ့ ငါ
ပြေးလျှောက်မြဲ ဆက်လာမယ်
အောင်ပွဲမှန်များနဲ့ ရှောင်လွှဲချန်မသွားနဲ့
စောက်ခွက် ဖြတ်ကန်ခံထိမယ်...သတိထား..။ ။

သုအိုင်စံ
၂၉-၀၃-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))