မသပ်မရပ်ဟင်းဟောင်း
((( အောက်ချင်းငှက်များ ပျောက်ဆုံးခြင်း )))
အောက်ချင်းငှက်တွေဟာ
နေအလင်းတောင် ဖောက်ခွင်းရခက်တဲ့ အမြဲစိမ်း တောနက်ထဲမှာ
မွေးဖွား ရှင်သန် ကြီးထွား အိုနွမ်း ငြိမ်းချမ်းခဲ့တယ် (အရင်က)။
မုန်တိုင်းဒဏ်ကြောင့် ဒီသစ်ကိုင်း ကျိုးသွားရင်
ဟိုဘက်သစ်ကိုင်းမှာ ပြောင်းရွေ့ အသိုက်ဆောက်
နှစ်ယောက်မှသည် မိသားစုဖြစ်တည် (ဒီတောထဲမှာပဲ)
မုန်တိုင်းဒဏ်ကြောင့် ဒီသစ်ပင် ပြိုလဲသွားရင်
ဟိုဘက်သစ်ပင်မှာ ပြောင်းရွေ့ အိမ်ယာတည်
မိသားစုမှသည် သိုင်းဝိုင်းစုဖွဲ့
(ဒီတောနက်ထဲမှာ)
လူ့လောဘသားဒဏ်ကြောင့် သစ်ပင်တွေ တဖြည်းဖြည်းပျောက်
နောက်.. တောအုပ်ကြီး လုံးဝ ပျောက်ဆုံး (တောင်ကတုံးစဉ်တွဲများဖြစ်လာ)
အိမ်ယာမဲ့သွားတဲ့ အောက်ချင်းငှက်တွေဟာ
ကောင်းကင်ကို မော့မော့ပြီး တောင်းဆိုခဲ့သေးရဲ့
ကိုယ်တော်က ဘာဆို ဘာတစ်ခုမှ မဖန်တီးပေးခဲ့ဘူး (လောလောဆယ်ကြုံရတဲ့ပြဿနာ)။
အမြဲစိမ်းသစ်တောထဲက အောက်ချင်းငှက်ဟာ
သမုဒ္ဒရာ ရေအောက်ကို ပြောင်းရွေ့ မနေနိုင်ပါ
သစ်ပင်မဲ့ ရေခဲတောင်တွေထက် သွား မနေနိုင်ပါ
ကန္တာရ လွင်တီးခေါင် သဲလွင်ပြင်မှာ သွား မနေနိုင်ပါ
အောက်ချင်းငှက်တွေဟာ
မရှိတော့တဲ့ သစ်ပင်ခြေရင်းက ဘိုးဘွားမြေပုံကို ကြည့်ပြီး မျက်ရည်ကျရှာ (သိပ်တော့မကြာခဲ့ဘူး)။
ဒီပတ်ဝန်းကျင်မှာရော ဟိုနယ်ကတောတွေမှာရော ဘာသစ်ပင် မရှိတော့ဘူး.ခင်
လာ...ကောင်းကင်ကို သွားကြစို့...
ငါတို့ရဲ့ ဝဋ်ဒုက္ခ ငါတို့ ဘုရားသခင်ကို ပြန်အပ်ရတော့မယ်..လို့ပြောပြီး
အောက်ချင်းဖိုနဲ့ အောက်ချင်းမဟာ ကောင်းကင်ကို အမြင့်ဆုံးထိ ပျံတက်
ပြီးတော့ တဟုန်ထိုး ဇောက်ထိုး မြေပြင်ကို ထိုး..ဆင်း..စိုက်ချလိုက်တယ် (အပြီးပဲ)။
အဲဒီ အောက်ချင်းငှက်စုံတွဲ ကျသွားတဲ့နေရာကို သွားကြည့်တဲ့အခါ
ကောင်လေးက ပင်နီအကျီနဲ့ပုဆိုးနဲ့၊ ကောင်မလေးက သနပ်ခါးနဲ့ချိတ်ထမီနဲ့၊
လက်ချင်းဆွဲချိတ်ပြီး သေနေကြရဲ့ ပုံပျက်ပန်းပျက (ဘာကြောင့်ဖြစ်ရတာတွေလဲ)။
သစ်ပင်ကိုသတ်တဲ့ကောင်ကြီးတွေကတော့ ရေစုံမီးစုံနဲ့ မြို့ကြီးတွေပေါ်မှာ ဂုတ်တိုဝဖီးလို့
( ကိုယ်တော်ဟာ အရက်မူးပြီး တလွဲတွေ လျှောက်လုပ်နေတာပဲ ဖြစ်မယ်)...။
သုအိုင်စံ
၂၆-၀၁-၁၃
(((မြန်မာပြည်လို့ အသံထွက်ကြည့်ရင် ဒီအသံ ရလား)))
တိုင်းပြည်ကို ၁၄ ပုံ မက ခုတ်ဖဲ့ ပုံတယ်
အနှစ် ၆၀ ကျော်ကြာ ခုတ်ဖဲ့ ပုံတယ်
ကြည့်လေ....
လုံးလုံး ပုံ မပျက်ပေမဲ့ လုံးဝ ပုံ မကောင်းတော့ဘူး
အရူးရောဂါကို ရေရှည် အမြစ်ချ မွေးမြူတယ်
မွေးသမျှလူကို အရောင်မျိုးစုံ တံဆိပ်ရိုက်တယ်
ဖားအံနားကကောင် ကရင် ဖြစ်စမ်း
တောင်ကြီးနားကကောင် ရှမ်း ဖြစ်စမ်း
ရေးနားကကောင် မွန် ဖြစ်စမ်း
ဟားခါးနားကကောင် ချင်း ဖြစ်စမ်း
မြစ်ကြီးနားနားကကောင် ကချင် ဖြစ်စမ်း
စစ်တွေနားကကောင် ရခိုင် ဖြစ်စမ်း
နေစမ်းပါဦး...
လူတွေဆိုတာ အလေ့ကျပေါက်ပင် မဟုတ်ဘူးလား
လူတွေကို ဖျားယောင်းသင်ပို့ချပြီး နွားကျောင်းချင်လို့ရမလား
ကိုယ်ခန္ဓာထဲမှာ သွေး ၄မျိုးနဲ့ ကောင်က ဘာဖြစ်ရမလဲ
ဟော...ဘာသာကြီး ၄ ရပ်က အရပ် ၄ မျက်နှာမှာ မင်းမူလို့
ကဲ...သာသာမဲ့သူတို့ကို ဘယ်သုသာန်မှာ သွားမြှုပ်နှံရမလဲ
မြန်မာပြည်ဆိုတာ လူအများ နာလည်ထားတဲ့ နိုင်ငံအမည် မဟုတ်တော့ဘူးလား
မြန်မာပြည်သားဆိုတာ လူအများ လက်ခံထားတဲ့ လူမျိုး မဟုတ်တော့ဘူးလား
ဒိထက်ပိုပြီး ဘာတွေကို ဘယ်လို ဖြည့်စွက် ပြည့်ဝပေးရဦးမှာလဲ
တောင်ပတ်လည်ဝိုင်းနေတဲ့ သြစတေးလျကလွဲရင် ဘယ်ကျွန်းမှ တိုက် မဖြစ်ခဲ့ပါ
မပီသတဲ့ အသံမျှင်ဟာ ဂီတရဲ့သံစဉ် မဟုတ်မှန်း နားတွေ ပိုသိတယ်
စာသားတွေ ပိုသိတယ်၊ လူသားတွေ ပိုသိတယ်၊ ကမ္ဘာသူ/သားတွေ ပိုသိတယ်၊
မြန်မာပြည်ဆိုတာ မြန်မာလို အတိုကောက် လုံးဝ ရေးလို့မရတဲ့ တိုင်းပြည်ပဲ
အဆုံးအစ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ခွဲခြားရေးလို့ မဖြစ်တဲ့ ပြည်ထောင်စုပဲ
မြန်မာပြည်လို့ပဲ အသံမှန်မှန်တင်း မာန်ထန်ထန်သွင်း ရွတ်ဆိုသင့်တိုင်းပြည်ပဲ
ဒီရင်ခွင်မှာပဲ အသံအားလှိုင်း ကြည်သာပီသတဲ့ လူ့ အဓိပ္ပါယ်အစစ်ကို
ဒီရင်ပြင်မှာပဲ အမှန်တရားတိုင်း ညီညာညီမျှတဲ့ သူ့ အဓိပ္ပါယ်ဖွင့်ဆိုကြတာ
မြန်မာပြည်ဆိုတာ မင်္ဂလာပါလို့ ပြောတတ်အောင်သင်ယူရရဲ့
မသင်ချင်တဲ့သူကလည်း ထွက်ခွာခွင့်ကိုင်ပြီး အပြီးထွက်ခွာသွားနိုင်တာပဲ ဟေ့လူရာ
ပျူစာနဲ့ ရေးသားတဲ့ အချစ်ဘွဲ့ဒဿန ဧချင်း တစ်ပုဒ်ဟာ
လူတကာအတွက် ရေးထားတဲ့ စစ်ထွက်အညတြတေးသီချင်းမှ မဟုတ်ပဲ
ပျူစာပေနဲ့ ပျူအုပ်ချုပ်ရေးနည်းလမ်းစဉ်ရပ်ဟာ
လူတကာအတွက် သူထုတ်လုပ်ပေးပြီး လမ်းထွင်ပြတာမှာ မဟုတ်ပဲ
ပျူများနဲ့ ပျူယဉ်ကျေးမှုတွေဟာ ပျက်စီးပေးခဲ့တာပဲ ရာဇဝင်ထဲမှာ
လူသားနဲ့ လူယဉ်ကျေးမှုတွေဟာ ဆက်ပြီးပြေးထွက်ခွာမြဲ ကမ္ဘာရင်ထဲမှာ
လူ့အခွင့်အရေးဆိုတာ သူ့ဝဋ်ကြွေးနဲ့ သူလာတာပဲ၊ သူ့ အပြစ်ဘေးနဲ့ သူပါတာပဲ၊
သူ့ အချိန်အခါနဲ့သူဖြစ်တာပဲ၊ သူ့ အရှိန်အဝါနဲ့ သူပွင့်တာပဲ၊ သူ့ကျိန်စာနဲ့ သူသင့်တာပဲ
ဖဲခိုးရိုက်တဲ့ကောင်ဟာ လူတိုင်း ဖြစ်နေတဲ့အခါ တရားဥပဒေဟာ သေတာပဲ
တရားတယ်ထင်ရင်လည်း ဒီတိုင်းပြည်လေးကို ၁၄ ပုံမက ခုတ်ပိုင်း ပုံ ကြည့်ပါ
ခင်ဗျားသချိုင်းကုန်းတောင် ခင်ဗျားမှာ မရှိတော့ဘူး တွေ့တယ်မဟုတ်လား
ဒီတိုင်းပြည်ဟာ တစ်ယောက်တစ်ပန်းကန် လုယက်စားရမဲ့အလှူအိမ်မှ မဟုတ်တာ
ဒီနိုင်ငံဆိုတာ တစ်ဖွဲ့လုံးတစ်အိုးထဲ အတူစားရမဲ့ တစ်နပ်တည်းသောရိက္ခာပါ
ဒါကတော့ ဘုန်းကြီးကျောင်းအတွက်ပဲ၊ ဒါကတော့ စစ်တပ်အတွက်ပဲ၊
ခေါင်းစဉ်တွေတပ်၊ ခွဲ၊ ခွဲခြားမနေပါနဲ့
အဲဒီ နှစ်လွှာစလုံးပဲ ပြည်သူ့ဆန်ကို မျှဝေ စားကြတာချင်း အတူတူ
လှပတဲ့လူအစစ် ဖြစ်ရန် မျှတတဲ့လူအကျင့်ကို ကျင့်ကြံပါ
၁ ခိုင် ၁၄ ပွင့် ဆိုတာဟာ အဖြေမှန် မဖြစ်နိုင်ပေဘူး
၁၄ ပွင့် ၁ ခိုင် ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ်
ဒီ အမိမြေဖဲဝိုင်းထဲ ဆက်ထိုင်နေချင်သေးတယ် ဆိုရင်တော့
အားလုံးပဲ ကိုယ် ခိုးထားတဲ့ ဖဲချပ်တွေကို အခု ပစ်တင်လိုက်ကြစမ်းပါ
မွန်၊ ရှမ်း၊ ကရင်၊ ကချင်၊ ဗမာ၊ ရခိုင်၊ ချင်း၊ စသော ပြည်တွင်းဖြစ် မှန်သမျှ
ဘုံပိုင်အနာဂတ်ကို အကုန်တေ့ဆိုင် တွဲဖက်လျှက် စိုက်ပျိုးဖူးဝေပွင့်ကြဖို့
ခွဲထွက်တဲ့ ၁ ခုံ ၁၄ ပုံ ဝါဒကို ရိုက်ချိုးတူးချေပစ်ကြစို့
ပြည်တွင်းဖြစ်တို့ သွေးမှန်သမျှ ရဲမက်နီစွေးမြဲ တွဲလက်ညီကြေးပဲပေါ့
ပြီးတော့ဗျာ...
ဧည့်သည်တွေဟာ ဧည့်သည်တွေလိုနေစမ်းပါ
တိုင်းပြည်ဟာ သူ့တာဝန်သူ ထမ်းနေပါတယ်။ ။
သုအိုင်စံ
၁၁-၀၈-၂၀၁၃
((( လူရဲ့အန္တာတိက )))
လေတိုက်နှုန်း ၃၅ မိုင်နှုန်း
နေလုံးဟာ ခရမ်းချည်သီးလို ခပ်ဝါးဝါးပဲ
ကိုယ်ထဲကသွေး ရေခဲမြစ်လို လှည့်စီးသွားတယ်
ကျုပ်တို့အားလုံး ဒီမှာ ဘာလာလုပ်နေကြတာလဲဟင်
အင်္ဂလန် ရုရှ နော်ဝေး ဂျာမနီ သြစတေးလျ
အမေရိက ဂျပန် နယ်သာလန် ချိုင်းနား
ပထမတော့ အလံတိုင်လေးတွေ ပဲ စိုက်ထားတာ
နောက်တော့ ရေခဲပေါ် ခြံစည်းရိုးဆွဲ တား လာပြီ
ဟုတ်တယ်
ကျုပ်တို့ ရောက်စက ခင်ဗျားကို လူ လို့ပဲ မြင်တာဗျ
ဟောဟိုက ပင်ဂွင်းတွေကို ပင်ဂွင်းလို့ပဲ မြင်သလိုပေါ့
နောက်တော့ ဘယ်နိုင်ငံသားပါလို့ ခင်ဗျားလိုပဲ မြင်လာတာ
ကျုပ်တို့ အပြုံးဟာ အဲဒီ ရေခဲတုံးကြီးလို မဖြူတော့ပါဘူး
ပြီးတော့ ဒီဒေသရဲ့ အဖြစ်အပျက် နေ့စဉ်ထူးခြားချက်ကို
ခင်ဗျားလိုပဲ ကျုပ်လည်း ဌာနချုပ်ကို သတင်းပို့နေရတယ်
ဟောဒီ ရေခဲပြင်အောက်မှာ
အဲဒါတွေ ရှိတယ်လို့ ခင်ဗျားတို့လိုပဲ ကျုပ်လည်းယုံကြည် လာခဲ့တာ
ဘာဆက်လုပ်ရမလဲ ဘာဆက်လုပ်ရမလဲ
နောက်ဆုံးအမိန့် သဲသဲကွဲကွဲ ကြားအောင် နားထောင်နေရတာနဲ့
နာရီပိုင်းပဲပေါ်လာတဲ့ နေရောင်လေးတောင် မမြင်လိုက်ရဘူးလေ
အခု ကျုပ်တို့ကြည့်နေတဲ့
ဘရာဇီး ကမ္ဘာ့ဖလားပွဲက ဘယ်သူ နိုင်နိုင် အရေးမကြီးပေမဲ့
ကျုပ်တို့ရဲ့ စက်ခန်းထဲက အပူပေးစက် မပျက်ဖို့က အရေးကြီးဆုံးပဲ
ခင်ဗျားလည်း သိမှာပါ
ကျုပ်တို့ ခေါင်းဆောင်တွေ ကုလသမ္မထဲကို လှိုက်စားနေဆဲပဲ
အန္တာတိကတိုက်ကြီးကို စူပါပါဝါအချိုးနဲ့ ဘယ်လိုခွဲကြမလဲ ဆိုတာကိုပေါ့
တနေ့နေ့မှာတော့
ကျုပ်တို့ ဆွဲထားတဲ့ ရေခဲပြင်ပေါ်က စည်းရိုးမျဉ်းကြောင်းတွေဟာ
ကျုပ်တို့ရဲ့ ရှင်ဆဲအရိုးတွေပဲလို့ တရားဝင် ကြေငြာ ဖြစ်လာတဲ့အခါ
ကျုပ်လက်ထဲက ရေခဲတူးပေါက်ချွန်းဟာ
ခင်ဗျားနဖူးမှာ သွားစိုက်ရင် စိုက် နေနိုင်တာပဲ၊
(ခင်ဗျားလည်းအဲဒီလိုပေါ့)
အခုချိန်ထိတော့ ကိုယ့်နိုင်ငံက ပို့ထားတဲ့ ရိက္ခာတွေ
ကျုပ်တို့ အဖွဲ့ ကိုယ်စီမှာ အပြည့်အဝပဲလေ
ဒီရေခဲရင်ပြင်မှာ အအေးပို ပို လာလို့ ရေသိပ်ခဲလာခဲ့ရင်
ပင်းဂွင်းတွေ ငါးတွေလည်း ဖမ်းမရတော့ဘူး
ရိက္ခာလေယာဉ်လည်း မီးလုံးပစ်ချလို့မလောင်၊ ဆင်းမရတော့ဘူးဆို
ဘယ်သူက ဘယ်သူ့ကို စတင် သတ်စားမလဲ
ခင်ဗျားလိုပဲ ကျနော်လည်း တွေးကြည့်ဖူးတာပေါ့
ဒါကိုမေ့ပြီးတော့ ကျုပ်တို့ ဘီယာအတူသောက်နေကြတာ
မနေ့ညက ဗျာ
နောက်ဆုံး စုတ်တင်လိုက်တဲ့ သမုဒ္ဒရာကြမ်းပြင်မြေဆီခဲဟာ
သိသိသာသာကို အပူဓါတ်ပိုနေတာ တွေ့ရှိရတယ်
ဒါဟာ ရေခဲတိုက်အောက်ခြေမှာ အရည်ပျော်နေတာလေ
ဒီကိစ္စကို ကျုပ်တို့ရဲ့ ဌာနချုပ်တွေက ဘာအမိန့်မှ မချဘူးဗျ
နောက် ၄ ဒီဂရီ ပိုနွေးလာရင်
ကမ္ဘာမြေဟာ ရေပူပြင်ထဲ ကူးခပ်ရတော့မယ်
ဒါနဲ့ စကားမစပ် ခင်ဗျား ရေကူးတတ်ရဲ့လား
ခင်ဗျားမှ မဟုတ်ပါဘူး
လောကမှာ
ဘယ်ငါးမှရေတကယ်မကူးတတ်ခဲ့တဲ့ကျု ပ်တို့လူသားတွေ။ ။
သုအိုင်စံ
၁၇-၀၁-၂၀၁၄
((("ကမ္ဘာမကျေဘူး" ကိုဆိုလိုက်တဲ့အခါ၊
ငါ ကြက်သည်း ဖြန်းဖြန်း မထတော့တာ ကြာပြီ )))
ငါတို့ဟာ
ဖြောင့်မှန်တဲ့ သွေးသစ္စာပရပိုဒ်ထဲမှာ
ဖောက်ပြန်တဲ့ ခွေးအကျင့်မြှာစရိုက်လည်းပါတာကို မမြင်နိုင်ခဲ့ဘူး
ဟစ်တလာ အာဏာမရူးခင်က ဓမ္မဓိဌာန်ကျတဲ့ ပန်းချီကားတွေ ဆွဲပြခဲ့ရဲ့.....
စစ်မှန်တဲ့ ယုံကြည်ချက်နဲ့ ပျိုးခက်ပွင့် အုတ်မြစ်ချ စမ်းရေစီးဆင်းလာ
ပွင့်အံလျှက် ဂုဏ်တည်ဖွဲ့တဲ့ မျိုးဆက်သစ် အလုပ်မြင့်မြတ် လမ်းမြေခရီးပြင်းမှာ
တော်လှန်မြေကမ္ဘာတည်ခဲ့ ခက်ခဲစွာရင်ဆိုင် နေ့ရက်ကြမ်းများရှင်းလျှက်
အဖော်မှန်တွေဟာချီတက် လက်တွဲကာယှဉ်ပြိုင် ရှေ့ဆက်လှမ်းသွားရင်းနဲ့
ဆေးသားစပ်ညီ အထူအပါးမှန်တဲ့ ပန်းချီတစ်ချပ် လှပသီဖြာဝင့်ထည်ဖို့
မွေးဖွားရပ်တည် လူသားဆန်တဲ့ ဒီဘဝခဏ မျှတညီညာတင့်တယ်ဖို့
ကျောသားရင်သား မခွဲခြားပဲ တန်းတူမြဲ
ကိုယ်ထူကိုယ်ထဆင်နွဲ ဝိုင်းဝန်းဖေးမအပြန်အလှန်
သဘောထားအမြင်များ ကွဲပြားလည်း လမ်းတူထဲ
အလိုမတူ၊အလိုမကျရင်လည်း ဝိုင်းဝန်းတွေးကြအမှန်အကန်
ပုဂ္ဂလိကဆန္ဒအကြံဥာဏ်များ ဆွေးနွေးထားခဲ့ခြင်းအား
အမြန်အဆန်ဦးစားပေး တိုးတက် လန်းသစ်ရေးရှာ
အလုပ်တိကျမြန်ဆန်သွားရေး အလေးထားလျှက်စဉ်းစား
မှန်ကန်ထူးခြားရေး တိုးချဲ့ လမ်းဖွင့်ပေးကာ
ဒီလူတို့၏ နုနယ်ပျိုမျှစ်သော ဘဝရဲ့လှိုင်းတံပိုးလှော်ခပ်၊
ကူးဆန့်ယိမ်းဖြာ ရင့်ကျက်လွန်းခြင်းအတွေ့အကြုံများရွှဲနင့်စဉ်
ပြည်သူတို့၏ ထုထည်လိုဖြစ်သော ဓမ္မနက်ရှိုင်းတန်ခိုးတော်မြတ်၊
နူးညံ့ငြိမ်းစွာ ပွင့်လက်ထွန်းလင်းမွေ့ထုံတရားထဲ နစ်ဝင်
ကမ္ဘာပတ်ပြီး အရာရာတတ်ကျွမ်းကျင်တဲ့ ရေပေါ်ဆီခေတ်ပညာရှင်
မြို့ပြ ရဲဘော်များက သခင်အနားမလာပဲ အောင်နက်လိုဟစ်
ရွာမှာငတ်ပြီး အခါခါဘဝလမ်းစဉ်ပျက် အဖြေမျှော်ရည်လင့်လာစဉ်
တချို့ကလွဲချော်သွားရ တမင်အမှားရှာမြဲ တကောင်ကြွက်လိုဖြစ်
လမ်းစစ်လမ်းမှန်ထက် တော်လှန်ရေးနဲ့ဒဏ်ရာခရီးသွားရဲ့
ဘဝပေးဆပ်အရင်းအနှီးက မြန်မြန်မသေသော် အဝေးလွင့်ဘေးသင့်ရှာ
နန်းသစ်နန်းစံမဲ့ တော်လှန်ရေးလက်ကျန်ဆရာကြီးများရဲ့ 
အမြတ်ဈေးဖြတ်ခြင်းနည်းက အမှန်အကန်ငွေပေါ် သူဌေးဖြစ်ရေးခေတ်မှာ
ဟစ်တလာ အာဏာမရူးခင်က ဓမ္မဓိဌာန်ကျတဲ့ ပန်းချီကားတွေ ဆွဲပြခဲ့ရဲ့
ဖောက်ပြန်တဲ့ ခွေးအကျင့်မြှာစရိုက်လည်းပါတာကို မမြင်နိုင်ခဲ့ဘူး
ဖြောင့်မှန်တဲ့ သွေးသစ္စာပရပိုဒ်ထဲမှာ
ငါတို့ဟာ
သုအိုင်စံ
၂၇-၀၃-၂၀၁၃
((( နဂါးခေါင်းဖြတ်နက္ခတ်ပွဲ )))
နဂါးဟာ ရေငတ်လာတယ်
နဂါးဟာ မြစ်ကြီးထဲကို ရေဆင်းသောက်တယ်
မြစ်ကြီးဟာ
ရာစု၁၅ခုစာမိုက်မဲမှုလောက်ကို
ကွေ့ကောက်ပြီးရှည်လျားတယ်
စဉ်းစားကြည့်
အဲဒီမှာ...သမိုင်းရေလွှာထုကြီး
ဘယ်လောက် နက်နေမယ် ဆိုတာ
အဲဒီထဲမှာပဲ
မြစ်ထဲမှာမွေးတဲ့ အကောင်ပေါင်း သန်း ၆၀ ဟာ
ရေချိုး ရေသောက် ရှင်သန်တယ်။
မြစ်ကြီးဟာ သိပ်ရှည်ပါတယ်
ဒါပေမဲ့
မြစ်ထက်ကို နဂါးအလျှားက ပိုရှည်နေတယ်
ဘာလို့လဲ
နဂါးဟာ သူ့အကောင် သန်း ၁၀၀၀ ကျော်ကို
ဓါးပြတိုက်ပြီး ရှာကျွေးနေရတယ်။
နဂါးလာတာကို မြစ်က ငြင်းဆန်တယ်
မြစ်ထဲက အကောင်တွေက လက်မခံဘူး
ဂုတ်ကိုကိုက်ပြီး အကုန်ကိုက်စုတ်သွားမှာပေါ့ လို့
ယုံကြည်တယ်--- ဟုတ်တာပေါ့
မြစ်ကြီး အကုန်ခမ်းခြောက် ပျောက်ဆုံးသွားရင်
အကောင် သန်း၆၀ကျော်လုံး အနာဂတ် သေဆုံးမှာလေ။
လောဘကြီးတဲ့ နဂါးဟာ လွယ်လွယ်နဲ့ မလျော့ပါဘူး
မြစ်နဲ့ ပတ်သက်တဲ့ ပိုင်ရာဆိုင်ရာတွေ
လူကြီးသူမ ဆိုတာတွေကို နည်းပေါင်းစုံနဲ့ ဝင်ပူးတယ်
ကဲ...အဲဒီမှာ...
ကမ္ဘာကျော် အမေအို မုဆိုးမကြီးကို တွေ့ပါလေရော...
နဂါးက အမေ့ကို ချွဲရင်း ချော့ရင်း ပြောတယ်
"မြစ်ဟာ မိန်းမအိပ်နဲ့ တူပါတယ်" တဲ့
"ထည့်ပေးရင်း ချီပေးရင်း ချမ်းသာကြွယ်ဝ လာမှာပါ" တဲ့
"နဂါးမှာလည်း ၁၀၀၀ စား/၁၀ အန်တဲ့ မူ ရှိပါတယ်" တဲ့
"အခုတော့ အစမို့ ဖြေး ဖြေး ချင်းပဲ ထည့် မှာပါ" တဲ့
အမေဟာ သိပ် ရမ္မက်လျှံ နေလို့လားမသိ
နဂါး စကားကို သိ နားလည် သလိုလိုနဲ့
နဂါးအလျှားကို ကြည့်ပြီး အားငယ် လာသလိုလိုနဲ့
သားသမီး သန်း ၆၀ကို စပြီး ချော့မော့ပြောတော့တယ်
လူ့ဘဝအသက်ရှင်သန်မှုရဲ့တန်ဖိုးဂု ဏ်သိက္ခာ ဆိုတာ
အဲဒီလောက်တောင် လွယ်ကူရရောလား
မြစ်တွင်းသား အကောင် သန်း ၆၀ ကျော် ကပဲ
ကိုင်းခုတ်ဓါး ထန်းလှီးဓါးတွေနဲ့ လည်ဖြတ်ဓါးတွေနဲ့
နဂါးကို လည် ဝိုင်းလှီးသတ် လိုက်မလား
အမေအိုကြီးကပဲ နဂါးရဲ့အလျှားနဲ့
အဆင့်ဆင့်နစ်ဝင်လာမှုမှာ မင်္ဂလာဖြိုင်သွားမလား
ဘုရား..တရား..သံဃာ ဧရာဝတီ စ/ဆုံး ပြသနာများ
နိုင်ငံရေးလုပ်ရာမှာ
မိန်းမအိပ်နဲ့ တူတဲ့ အမေအိုကြီးဟာ
မိန်းမအိပ်ဆန်တဲ့ စကားတွေဟောပြောပြီး
လူထုကြီးကို ဖျားယောင်းဆွဲခေါ်သွားတာ
ညှို့အားရွန်းစိုလှပစွာ မိန်းမသိပ်ဆန်တာပဲ
အမေရယ်
မြန်မာပြည်အနာဂတ်တမွဲ---
မိန်းမအိပ်ထဲ အထည့်ခံလိုက်ပြီလား
အမေ အားငယ်လို့ နောင်ဘဝစာ
သေခါနီး ရမ္မက်ရိက္ခာယူသွားတာက အရေးမကြီးပါ
မနက်ဖန်မှာမွေးမဲ့
အမေ့မြေးကို ပတ်ဖို့ မီးနေ အနှီးဝတ်လေးတောင်
ကျနော်တို့ရဲ့
ကိုယ်ပိုင်သမိုင်းနိုင်ငံလူ့ဘော င်မှာ ကျန်ခဲ့ပါ့မလား
နဂါးဟာ ညောင်ပင်အမြစ်ကိုတောင် အိမ်သယ်သေးတာ
အမေ့သမီးခလေးငယ် ပြည့်တန်ဆာဖြစ်မဲ့ကိစ္စ
အသဲကွဲနေတတ်မယ် ထင်လား
ဒီတော့ဗျာ----
ခင်ဗျားတို့ဘာသာ အားနာလို့
နဂါးကို ပြုံးချင်ကုန်း ပူးချင်နှူး
ကျုပ်တို့ကတော့
ကိုယ့် တိုင်းပြည်ကို အပေါင်ဆုံး လုံးဝ အဖြစ်မခံနိုင်ဘူး
ခင်ဗျားတို့အားလုံး
"တိုင်းပြည်ခေါင်းဆောင်အို...ငေ ကြာက်.စောက်ရူးတွေ"...
ဟေ့....ငါတို့ ညီနောင်သွေးချင်းသားတို့...
ငါတို့သည်-- ခလေးပဲဖြစ်စေ-- ခွေးပဲဖြစ်စေ--
ဒီ မိခင် မြစ်မ ဧရာဝတီမြတ်အား
သစ္စာထားလျှက် စွဲမက်မြတ်နိုး ရှင်သန်ကိုးကွယ်
သမိုင်းမြတ်အလယ်က ရာဇဝင်ကြွယ်ဝတဲ့
မြန်မာ့ လက်ခမောင်းခတ်အားနဲ့ အမှန်တရားပဲ
ဘဝ အသက်ပေါင်း ထပ်ထားတဲ့ မာန်အားပဲ
ပေးဆက်ဂုဏ်များနဲ့ ရဲအသက်တွေ အပီစွန့်ထားတယ်
သွေးစက်ဆုံအားရဲ့ တွဲလက်တွေ ညီညွတ်သွားမယ်
ရန်နဂါး ချေမှုန်းရေးဆိုင်ရာ ဓါးလွယ်ရမ်း ခုတ်ချက်တွေနဲ့
နဂါး လည်တိုင်ဂုတ်ထက်က သွေးပန်းထွက်ပေမည်
ဧရာဝတီတော့ နီရဦးမှာပေါ့ ခဏတာ။ ။
သုအိုင်စံ
၂၈-၁၂-၂၀၁၃
((( လက်နက်ကြီးရဲဘော် )))
ဘုရားသခင် ရေးဆွဲတဲ့ဗျူဟာနဲ့ လူဟာ သူ့ ဘဝကို စစ်ဆင်နွဲ
ဘဝဟာ ကိုယ်ကွဲရတဲ့ပွဲ ပိုများတဲ့ နောက်တန်းမဲ့စစ်ဆင်ရေးပဲ။
အနာဂတ်သိမ်းထိုးစစ်မှာ ဘဝပေးစစ်ရိက္ခာ ပို့ယမ်းချပ်ရေက ပိုပြီးနည်းသထက်နည်းလာမှာပဲ
လက်တွေ့လက်ရှိမှာ ပစ်မှတ်ကို မမှီတော့တဲ့ လက်နက်ကြီးကို အသဲအသန် ရွှေ့ ထမ်းသယ်ရင်း
နေ့စဉ် ရန်သူ့မိုင်းကွင်းထဲ ဇွတ်တိုးတက်နေရာယူနေရတာနဲ့ပဲ အခါခါလဲပြို ကိုယ်က မချိန်ရွယ်အား
ကိုယ့်အတွက် အရေးကြီးဆုံး ဘဝပင်မအားဇုံ စိုးမိုးကုန်းကို ကိုယ် ဘယ်တော့များ သိမ်းပိုက်နိုင်ပါ့
ကျည်မျောလို့ ကျည်နဲ့လိုက်ရတဲ့ တိုက်ပွဲတွေမှာ လိုက်ဖဲတွေလွဲပေမဲ့ ရိုက်မြဲ ရိုက်နေရတဲ့ ဘဝစစ်ဖဲ
လောကဓံက လက်နက်ကြီး/လက်နက်ငယ်နဲ့ အတွဲလိုက် အတွဲလုံးလိုက်တွေ ပစ်သွန်ချနေလည်း
ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်မရတဲ့သေနတ်နဲ့ သူရစစ်သည်ဟာ ဆုတ်လမ်းမဲ့ ရန်သူ့သတ်ကွင်းထဲ ရဲရဲ
လူ့ဘဝရဲ့ဖြစ်တည်ခြင်းဆိုတာ ကိုယ့်လက်နက်ကြီးတပ်ခွဲထဲ သူ့လက်နက်ကြီးကျကွဲတာပဲပေါ့ကွာ
၉၀ဒီဂရီ ထောင်ပစ်တိုင်း တည့်တည့်မကျကွဲသလို အလယ်မှာ ကျကွဲတိုင်းလည်း အကုန်မထိပါဘူး
တကယ်တော့- ရဲဘော်ရဲ့ စစ်ရေဗူးထဲမှာ ရေပဲဖြစ်သင့်တယ်-အရက်ဟာမကောင်းဘူး မဟုတ်လား
ဘဝမှာ မူးမူးနဲ့တက်သိမ်းလို့ ရခဲ့တဲ့စခန်းတွေရှိသလို အကုန်ကျသေကျန်ခဲ့တဲ့ပွဲတွေလည်း ရှိလေရဲ့
အေး...တစ်ခုပဲ ရှိတယ်၊ ချီတက်သွားတဲ့ရှေ့တန်းဟာ ဆုတ်ခွာပြန်တဲ့နောက်တန်း ဖြစ်နေရင်တော့
သေနတ်ပြပြီး အခွန်သက်သက် ကောက်စားတဲ့ မင်းလိုစစ်ကြောင်းကို ဘယ်လူထုကမှ မကြိုဆိုဘူး
ဘယ်သူမှ ဝိုင်း မထမ်းပေးတဲ့ လက်နက်ကြီးဆို စစ်ကြောင်းလျှောက်ရတာ ပိုလေးသွားတာပေါ့ကွာ။ ။
သုအိုင်စံ
၀၅-၀၁-၁၃
((( လူလည် )))
ခြေ ၂ ခြောင်းနဲ့
ရပ်ကြည့်တယ်၊ သွားကြည့်တယ်
ရတယ်
ဘီး ၂ လုံးနဲ့၊ တီထွင်ကြည့်တယ်
ရပ်ကြည့်တယ်၊ သွားကြည့်တယ်
ရတယ်
ပိုကောင်းအောင်
ဘီး ၄ လုံးနဲ့၊ တီထွင်ကြည့်တယ်
ရပ်ကြည့်တယ်၊ သွားကြည့်တယ်
ရတယ်
ပိုကောင်းအောင်
ခြေ ၄ ခြောင်းနဲ့၊ မတီထွင်ကြည့်ဘူး
မရပ်ကြည့်ဘူး၊ မသွားကြည့်ဘူး
ငြင်းတယ်
သူများကို နွားလိုခိုင်းစားပြီး
ကိုယ်က နွားလို ရုန်းရမှာ
သိပ် ကြောက်တဲ့ လူလည်
ကမ္ဘာကို ဒိုင်ကိုင်နေတယ်။ ။
သုအိုင်စံ
၂၉-၀၃-၂၀၁၃
((( မြေးအဖိုးနှစ်ယောက် လမ်းလျှောက်နေတယ် )))
ပေါ့ပေါ့ပါးပါး ဆော့ကစကားနေတဲ့
ကလေးငယ်က ရုတ်တရက် ထအော်တယ်
"ဘိုးဘိုး ဗိုက်ဆာပြီ" တဲ့။
လေးလေးနက်နက် အတွေးချဲ့နေတဲ့
အဖိုးအိုက အလန့်တကြား ဖြေတယ်
"အေး...သွားမယ်"တဲ့။
မြေးအဖိုး နှစ်ယောက်
ပေါင်မုန့် ခြောက်ဆိုင်လေးဆီ လျှောက်လာခဲ့တယ်။
ကလေးတစ်ယောက်ရဲ့ အစာအိမ်အတွက်
လောလောဆယ် လိုနေတာ ကစားစရာ မဟုတ်ဘူး
လူကြီးတစ်ယောက်ရဲ့ ဦးနှောက်အတွက်
လောလောဆယ် လိုနေတာ အတွေးအခေါ်မဟုတ်ဘူး
ဒီ လူသား ၂ ယောက်ရဲ့ ဖြစ်တည်မှုအတွက်
လောလောဆယ် လိုနေတာ ပေါင်မုန့်ခြောက်ဖြစ်နေတယ်။
လမ်းတလျှောက်လုံး ဘယ်ပေါင်မုန့် ခြောက်ဆိုင်မှ မဖွင့်တော့
ခြေလှမ်းတွေဟာ ဆာလောင်စွာ ဆက်လျှောက်နေခဲ့တယ်
တွေ့လေနိုးနိုးရယ် လူ့ဘဝအဓိပ္ပါယ်တရားတစ်ခု။ ။
သုအိုင်စံ
၁၄-၁၂-၂၀၁၂
((( ခေါင်းဆောင်များ )))
ဒီပွဲမှာ---
အစားခံရမဲ့အကွက်က ၁၂ ကွက်တောင် ရွှေ့ရမှာဗျ
ကျနော့်မှာက ရဲဘော်ပွန်း ၈ ကောင်ပဲ ရှိတယ်လေ
(ဒါများကွာ..ပါဝါတွေ ချရင်းလိုက်ပေါ့)
မရဘူးဗျ
အဲဒီကောင်တွေက ခေါင်းဆောင်ငကြောက်တွေ...။
(ရွှေ့ကွာ...အစားခံရမဲ့အကွက်...စ ဉ်းစားမနေနဲ့...)
မဟုတ်ဘူး
ဒီကိစ္စပြီးရင် နှစ်ဆပြန်စားနိုင်ဖို့ ပိုစဉ်းစားရမယ်ဗျ
အခု ကျနော် စဉ်းစားနေတာက
ဘုရင်သေလို့ တိုင်းပြည်မပျက်ရင်
ဘုရင်ကို ချကျွေးပစ်လိုက်ရင် ကောင်းမလားလို့
ပြည်သူတွေကတော့ ကောင်းစားသွားမယ်လေ....။
(မင်းဟာက
ဘုရင်ကိုယ်တိုင်
သူ့ကိုယ်သူ ကိုင်ရွှေ့ရမဲ့အကွက်ကြီး
သိပ်ပြီး အိမ်မက်ဆန်လွန်းတယ်...။)
စစ်တုရင်လောကမှာ
အဲဒီအကွက်က တကယ်ပြောင်မြောက်ပေမဲ့
လူ့လောကမှာ
အဲဒီအကွက်က ကွယ်ပျောက်နေလျှက်ပဲ
မရင်းရဲတဲ့အကြောက်တရား၊
အဖွဲ့အစည်းတစ်ခုရဲ့ အရာရာကို နန်းသိမ်းထားတယ်။ ။
သုအိုင်စံ
၂၉-၀၁-၁၃
((( လိပ်ပြာသန့်ခြင်း မသန့်ခြင်း )))
ဟိုတုန်းက
ADSDF စစ်ကြောင်းတွေ စစ်ဆင်ရေးဆင်းရင်
ရန်ကုန် / မုတ္တမ ကားလမ်း ပေါ်ကို ရောက်တဲ့အခါ
ငါတို့ ရဲဘော်တွေဟာ ခဏလောက် လှိမ့် လှိမ့်ပြီး အိပ်ကြည့်တယ်
(တောထဲမှာ အနေကြာ..မြို့ပြ၏ အရသာ ဝေးကွာနေရလို့လေ)
---
အခုတော့
မနေ့က
ရန်ကုန်ရဲ့ နာမည်ကြီး ဟော်တယ် တစ်ခုပေါ်မှ
ဗိုလ်မှူးမိုက်မိုက်ရဲ့ မင်္ဂလာဆောင်ကနေ အပြန်မှာ ငါမေးကြည့်မိ
ငါဟာ လက်ရှိ ဘာကောင်လဲ
ငါဟာ လက်ရှိ ဘာကောင်းလဲ
ဆိုင်ကယ်ကို အမှောင်ထဲ လီဗာကုန် မောင်းနှင်နေမိတဲ့အထိ
ဖောက်ပြန်ခဲ့တာလား---အရောက်ပြန် ခဲ့တာလား
အမေ့အိမ်တော့သားပြန်ဝင်ခဲ့မိပေါ့
မသိတော့ဘူး- -ရဲဘော်ရေ---မသိတော့ဘူး။ ။
သုအိုင်စံ
၁၅-၀၁-၂၀၁၅
((( ဘော်လုံးထဲကလေ )))
စီစဉ်ထားတဲ့ အချိန် အပတ်ရေနဲ့
စီစဉ်ထားတဲ့ အရှိန် အဆနှုန်းနဲ့
အတွင်းခုံးနံရံပေါ်မှာ
သံသရာလမ်းလို အခါခါပတ်မောင်း
အက်ကြောင်းထ ဝဋ်ုဒုက္ခတွေ သံမှိုစွဲ
နံရံကိုဖြိုခွဲထွက်မရတဲ့ ဆိုင်ကယ်တွေ
အပြိုင်လည်ပတ်နေတဲ့ ဆပ်ကပ်ပွဲမှာ
ဘောလုံးထဲကလေလို လူတိုင်းရှင်သန်
တခါတရံ အချင်းချင်း မုန်တိုင်းဆန်ကြ
ရန်ဖြစ်ကြ၊ ခဏကြာ ပြန်သင့်ကြ
လောင်အိမ်ဥပဒေသနဲ့ နေတတ်အောင်ကျင့်
လူ့ဖြစ်တည်ခြင်းဆိုတာ
ကန်ဖြိုလို့မရတဲ့ နံရံမှာ..ပန်းချီဆွဲနေလိုက်တာပဲ
ကြာတော့ နံရံပြိုပျက်သွားမှာကို စိုးရိမ်လာ
သူ့အိုးအိမ်သူ မွန်းမံ ကာကွယ် စောင့်ရှောက်
လွတ်မြောက်ရကောင်းမှန်း မတွေးတော့ပြီ
ဤငရဲ၌ တည်မြဲ စိုက်ထူထား
လူသားအလံတော်။ ။
သုအိုင်စံ
၀၇-၀၅-၂၀၁၃
((( အလောင်းအစား )))
ကိုယ့် သေနတ်ခလုပ်ကွင်းထဲက လက်ညိုးဟာ
သွေးတိုးပြီး တဆတ်ဆတ် တုန်ခါနေတယ်
ကိုယ့် စစ်ခမောက်အောက်က နားထင်မှာ
ဇောပြန်ကာ ချွေးပေါက်တွေ တဒီးဒီးကျနေတယ်
လက်ညိုးတံအား ဆ ညှစ်ကွေးလိုက်ရမလား
ဆက်တိုးရန်အနားကပ် ခွင့်ပေးလိုက်ရမလား
ဝတ်ရုံဖားလျှားရဲ့ အောက်ကအရာဟာ အသေခံဗုံးလား
ဝတ်ရုံဖားလျှားနဲ့ လျှောက်ကပ်လာတာ နယ်မြေခံများလား
ရန်သူလား ပြည်သူလား ခွဲခြားမရတဲ့ ဒီ တဒင်္ဂဂ
ပစ်ရမယ် မပစ်ရဘူး ကြားမှာ ရူးသွားတဲ့ သတိစိတ်
တဒိတ်ဒိတ်ဟိန်း ခုန်နေတဲ့ ချပ်ဝတ်ကာ ကိုယ့် ရင်အုံ
ဒီနေရာမှာ ဆုံနေကြသော အသေခံဗုံးနဲ့ သောက်ရေပုံး
ကပ်လာသူဟာ ပြည်သူဆို ဘယ်လို အပြုံးနဲ့ ပြသရမလဲ
ကပ်လာသူဟာ ရန်သူဆို ဘယ်လို စကားလုံးနဲ့ ရပ်ရမလဲ
ရပ်ပါလို့ ပြောရမလား ကပ်မလာနဲ့လို့ ပြောရမလား
ဝတ်ရုံဖားလျှားက ဖောင်းကြွ ယိမ်းယိုင် ဘယ်ညာ
တခုခု ဝှက်သယ်လာသလို ဖက်တွယ်လာသလိုလို
လက်နဲ့လူ ဗလာလိုလို အသက်ဆက်ယူလာသလိုလို
ကိုယ်ဘယ်လို ကိုင်ရမလဲ ကိုယ်ဘယ်လို လုပ်ရမလဲ
မလုပ်တတ်လည်း လုပ်ရမြဲ မလုပ်ချင်လည်း လုပ်ရမြဲ
ကိုယ့်စစ်မြေကန္တာရထဲ ကိုယ်ဗိုလ်မှူးပဲ ကိုယ်တပ်သားပဲ
ရွာသားတွေလည်း ဖြတ်သွားဖြတ်လာ နေ့စဉ်ပြသနာရှိ
စစ်မိန့် တာဝန်ပိနေသော လူ့နှလုံးသားအသေကောင်
နှစ်ဖက်အမုန်းဒဏ်ကန္တာရတို့၏ သဲမြေပူ အလယ်ခေါင်
အသက်ဆုံးခံ ပြန်လာရဖို့ မသိ၊ ငရဲတွေယူ သယ်ဆောင်
ကိုယ်တစ်ကောင်တည်း တပ်ခွဲလိုက်ကြီး အထီးကျန်ခဲ့
ကိုယ့်တပ်ခွဲလိုက်ကြီး တစ်ကောင်တည်း သည်းခံလျှက်
မရင်းတပ်ခွဲဟာ အသေခံဗုံးတို့ရဲ့ ငွေစုဘဏ် ဖြစ်ခဲ့တယ်
ကျနော်ဟာ ရိုးရိုး သာမာန် အရပ်သားပါလို့ ပြောလာလို့
အနားကပ်လို့ အနီးကပ် လျှောက်လာဖို့ ခွင့်ပြု ပြန်တော့
အနားရောက်မှ အသေခံဗုံးခွဲ သတ်ဖြတ် လုပ်ကြံသွားခဲ့
တွက်ရ ချက်ရ ခက်တဲ့ ရိုးရိုး ရှင်းရှင်း ဘဝညီမျှခြင်းတစ်ခု
တခါတခါ သေနတ်ကို အရမ်းကြောက်သူ၊ လမ်းလျှောက်မူပျက်
ဝတ်ရုံဖားလျှားနဲ့ထိုလူ မျက်နှာတွေပျက် လက်ခါနေတဲ့ ဟန်ပုံလွဲ
ကိုယ့် စိတ်ထဲမှာတော့ ဒါဟာ အသေခံ ဆူဆိုဒ်တဲ့ အရပ်သားပါ
အဖြေမှန် ယူလိုက်လျှက် ပြတ်သားစွာ အတွဲလိုက် သွန်ပစ်ချစဉ်
ဒီဟာ အမှန်လို့ ကိုယ်တွက်ထင်ထားတာ ( လျှပ်တပျက်) လွဲနေ
ကျည်လာမှန်လို့ ထိုအသက်အရှင်များစွာ ( ဘဝအပျက်) လဲသေ
ပြသနာတွေပဲ ထပ်လာနေမြဲ နေ့စဉ်အမျှ တွေ့မြင်ရ အနိဌာရုံနဲ့
တွက်ရ ချက်ရခက်တဲ့ ရိုးရိုး ရှင်းရှင်း ဘဝညီမျှခြင်းတစ်ခု
မင်္ဂလာနံနက်ခင်းပါ အရှေ့အလယ်ပိုင်း ဒီနေ့ရဲ့ အာရပ်မြေ
ဒီနေ့ ထပ်သေမှာ အမေရိကန် စစ်သားလား ရိုးရိုရွာခံလား
ဆက်ဆွဲချသွားရမဲ့ အသက်ဖဲတစ်ချပ်၊ မရဲလည်းဆွဲ ရဲလည်းဆွဲ
မလောင်းမစားလည်း အကြောင်းတရားထဲ အလောင်းအစားပဲ
ဗုံးမှန်ထိတဲ့ အမေရိကန်တပ်သား အလောင်းများကိုတော့
လေယာဉ်နဲ့ အပြတ်ထုပ်ပိုးကာ တင်ဆောင်ဖို့ လုပ်ကြတယ်
သေနတ်မှန်ထိတဲ့ နယ်ခံ အရပ်သား အလောင်းများကိုတော့
မြေပြင်ထက် လဒသုတ်ထိုးကာ ယင်ကောင်တို့ ပုတ်ပွတယ်
ဒီကန္တာရမြေမှာ သဲတွေဟာ အားလုံး ညီတူလျှက်သာ ဖြူနေကြရဲ့
ဒီကန္တာရမြေမှာ ငရဲတွေဟာ အခါးဆုံး ဆီဆူပွက်ကာ ပူနေကြရဲ့
အမှားဆုံးနဲ့ မတော်တဆ ထိခိုက် သေတဲ့ မသာတွေကလွဲရင်ပေါ့
ငရဲဝင်ရာ လမ်းကြောင်းကား မသာအလောင်း အတန်းအစား
ခွဲခြားပြီး ဆက်ဆံနေ လာဒ်ပေးလာဒ်ယူတွေနဲ့ လုပ်စားနေကြ
မသေခင် ကိုယ့် အကုသိုလ်ကို အာမခံ လုပ်သွားကြဖို့ လိုအပ်
ဘယ်လိုသတ်လို့ပဲ သေသေပါ ဘယ်သူသတ်လို့ပဲ သေသေပါ
သဲမြေမှာ တာဝန်မရှိဘူး
အဖူးကြွေတွေဟာ လူအပင်ရဲ့ အောက်ခြေမှာ လူးသေနေရှာရဲ့။ ။
သုအိုင်စံ
၁၄-၀၂-၂၀၁၅
(((ငါတို့ ဘုရားသီချင်းဟာလည်း ဘာလို့ အမှားမကင်းတာလဲ)))
ရေချိုထက် ရေငန်က ပိုများတဲ့ ကမ္ဘာမှာ
ရေချိုတစ်ခွက်လည်း တစ်မဲစီထည့်
ရေငန်တစ်ခွက်လည်း တစ်မဲစီထည့်
ဒီမိုကရေစီနည်းနဲ့
ရေအိုးစင်သမ္မတ ရွေးကောက်ပွဲမှာ
သောက်ရေချိုကပဲ ထပ်မံ အရွေးခံရပါတယ်
ဒီအတိုင်းသာဆို
နယူးကလီးယားဗုံးဆိုတာလည်း မကွဲနိုင်သေးဘူးပေါ့
တတိယကမ္ဘာစစ်ဆိုတာလည်း မဖြစ်နိုင်သေးဘူးပေါ့
ဘာသာရေးတွေဆိုတာလည်း မပျက်သုန်းနိုင်သေးဘူးပေါ့
နိုင်ငံတကာ့ကြွေးမြီတွေဆိုတာလည်း မပေးချေနိုင်သေးဘူးပေါ့
ကမ္ဘာကို တစ်ကောင်ကောင်ကလည်း ဦးမဆောင်နိုင်လောက်သေးဘူးပေါ့
ကြောက်ချေးတွေတော့ပါနေသည်
ဒီလောက်လေးနဲ့များ
ကိုယ့် စစ်လက်နက်အင်အားကို ကိုယ့်နိုင်ငံနဲ့ အလေးပြုတယ်
ကိုယ့် နိုင်ငံတော်သီချင်းကို ကိုယ့်အမျိုးသားရေးမာန်နဲ့ ဆိုတယ်
မူဝါဒနည်းကွဲသူတွေကို xီးဘဲလို့ ဟောင်ဖွာဟောင်ဖွာ ဟောင်တယ်
အမေရိကန်လို ဟောင်တယ် ရုရှလို ဟောင်တယ်
တရုတ်လို ဟောင်တယ် ကုလားလို ဟောင်တယ်
လူ့အခွင့်အရေး ကြေငြာစာတမ်းကြီးကို အကြောင်ရိုက်တယ်
ဒီမိုကရေစီကို အုပ်စုဖွဲ့ ဗိုလ်ကျ အနိုင်ကျင့်ပြီး ဓါးပြတိုက်တယ်
ဒီအသိုက်စုတ်ထဲမှာ နွားတွေဟာလည်း ဆက်မျိုးပွားနေဆဲပဲ
ဒီစရိုက်ယုတ်ထဲမှာ ကျားတွေဟာလည်း ဆက်တိုးပွားနေဆဲပဲ
အုပ်ရောရော ကျောက်ရောရော ဘုရားဖူးတွေလည်း ရောက်လာနေမြဲ
အဟုတ်ဟောဟော နောက်ဟောဟော တရားထူးတွေလည်း ပျောက်ကာနေမြဲ
ဂဠုန်ဆားချက်တဲ့ ဆူဆိုက်ဗုံးကွဲတွေက ထွက်ရပ်လမ်းကိုရှာတယ်
အကုန်စားမဲ့ လူမိုက်အပြုံးငရဲတွေက လက်ပြလှမ်းကြိုလာတယ်
စတော့ရှယ်ယာ ဈေးကွက်က ဘယ်တော့အခါမှ ပြေးမထွက်ရေး
အရင်က တင်ကျန်နေတဲ့ သခင့်အကြွေးကိုလည်း ဆက်ယူထားကြပါ
သင် ဘဝရှင်သန်နေတဲ့ သင့်သွေးကိုလည်း ဆက်လှူ သွားကြပါ
xီးတောင်လို့  လူများလာကြတာကို ထိန်းကြရမှန်းလည်း မသိတာလား
မီးလောင်လို့  အပူများလာရတာကို ငြိမ်းသတ်ရမှန်းလည်း မသိတာလား
တကမ္ဘာလုံးစာ သိုဆောင်းထားခဲ့တဲ့ ရိက္ခာကုန်လို့ ပူပင်ဆူပွက်ကာ စုတ်ပြတ်လာတဲ့အခါ
တခါသုံး ငါ တစ်ကိုယ်ကောင်းစားခဲ့တဲ့ မိစ္ဆာဘုံသို့ လူဝင်လူထွက် လာ မလုပ်ကြပါနဲ့တဲ့
ရေမယူပဲနဲ့ ပြန်လာမရတဲ့ နေပူကျဲတဲ့ ကန္တာရထဲကို အတ္တသွေးများ ဖြတ်ပြေးသွား၏
စက်မှု ၏စွမ်းအင်ကို ပုံချ ရင်းထားတဲ့ ကမ္ဘာ့ဓါတ်ဆီယန္တယားကြီး ဘီးလည်ဖို့ 
အသက်လုမည့်လမ်းစဉ်ကို ပုံထပ်ခင်းထားတဲ့ အာရပ်ပြည်တန်းလျားကြီးကို သိမ်းမယ်
အမှားပြစ်ကျွေးကို တရားမှာ စစ်ဆေးဖို့လည်း ဘုရားဟာ ညစ်ထေးနံစော်ဆဲ
မဆွဲချင်သော်လည်းဆွဲ မဆွဲရဲသော်လည်းဆွဲ
မွဲဖဲတွေပဲ ထပ်ပေါ် ဝိုင်းပတ်ဗိုလ်ကျ၊ ပျော်နေကြဆဲ
ခိုးဖဲတွေကိုလည်း အိမ်တိုင်းက ပြန်မအပ်ကြတော့ဘူးလား
ငါ့နိုင်ငံအားတစ်ခု ထပ်မံတိုးပွား ထကြွလာရင် မတရား ရန်စတိုက်မှာပဲ
ငါ့နိုင်ငံသားထု ဘဝဒဏ်ဆိုးဝါး ငတ်ပြတ်လာရင် အသနားခံပြလိုက်မှာပဲ
အကြင်နာဆုံးလက်များရဲ့ ကမ်းလင့်သွေးတွေဟာ အကိုက်ခံပြီး ကျွေးရှာမွေးရှာဆဲပါ
ရင်မှာအမုန်းဖက်ထားတဲ့ လမ်းလွင့်ခွေးတွေဟာ ကိုက်ပြန်ပြီး ခွေးဟာခွေးပါပဲဗျာ
သွေးဆာဆဲ သွေးဖြာရဲနေတဲ့ မျက်ခွက်ကွဲအောက်မှာ အပြုံးစစ်ပျူ ငှာဟာ ပျောက်ဖုံးခဲ့ရှာတယ်
လူတကာ သောက်သုံးခဲ့ပါတယ်ဆိုတဲ့ သစ္စာတရားဟာ သောက်ရေချိုအစစ်တွေပဲ မဟုတ်လား
ရေငန်အောက်ထဲ နစ်မြုပ်သွားတဲ့ ကုန်းမြင့်ရေချို စစ်စစ် မြစ်များဟာ
အမုန်းပွင့်တွေ ဖြစ် ဖြစ်သွားတာလား
အပြုးံစစ်တွေအဖြစ် နစ်သွားရှာလား
ရေငန်တွေရဲ့ အားကောင်းဝါးမျို ကြီးစိုးထားတဲ့ ဒီကမ္ဘာကြီးကို
ရေချိုတစ်ခွက်က လမ်းပြဦးဆောင်သည်၊ အလင်းရောင်ခြည်သစ်လမ်းဆီ
ဒီမိုကရေစီစစ်စစ်ရဲ့ ဒူးတိုက်ဦးတိုက်အနှစ်သာရတရားဆိုတာ
လူမိုက်ကြီးစိုး မဲခိုးအနိုင်ကျင့်တတ်တဲ့ လူညစ်ပတ်များရဲ့အားအင်လှိုင်း မဟုတ်သလို
အများ မှားရင် ဝိုင်းပြင်ပေးနိုင်မှု ဥပဒေတစ်ရပ်ကို ပြဌာန်း ထုတ်ပြန်ရန်သာ လိုအပ်ရဲ့
ဘယ်နိုင်ငံရေး ကျမ်းဂန်စာအုပ်အိုတွေထဲမှာမှ မပါတဲ့ အဲ့ဒီ ပျက်ကွက်ထားမှုဟာ
အမှန်တရားရဲ့ စိတ်အသွင်ကို
အမြန် အဖျားတက် အဆိပ်ဝင်စေကာ ဘက်ပြောင်းသွားစေတတ်ကြောင်း
ဥာဏ်နီဥာဏ်နက်များတဲ့ လူသားက ကောင်းကောင်းကြီး အသုံးချသွားလေရဲ့
လုံးဝ မှားနေခဲ့တာတွေကိုတောင် မှန်အောင် လုပ်နိုင်ခဲ့ပြီ
ကျွဲ နဲ့ ဤ မတူညီ၊ကွဲပြားချက်ဟာလည်း လူ ညီ/မညီ ဆွဲအားနဲ့ပဲ သက်ဆိုင်ကြောင်း
အမှားတွေ ထ လက်ခမောင်းခတ် နိုင်ခဲ့ပါတယ်
ကမ္ဘာကျယ်မှာ ရေ မဟုတ်တဲ့ အရက်ဟာ ရောင်းကောင်းနေခဲ့တာ
မထူးဆန်းစွာ ကြာပြီ မဟုတ်လား
ငါတို့ ဘုရားသီချင်းဟာလည်း ဘာလို့ အမှားမကင်းတာလဲကွာ။ ။
သုအိုင်စံ
၁၁-၁၀-၂၀၁၃
Turn off for: Burmese
(((ရှေ့တန်းပြန်)))
တောင်ယာမြေက မေးပြီ
ခင်ဗျားတို့ စစ်ကြီး ပြီးသွားပြီဆို
ကျုပ်မျိုထားရတဲ့ နင်းမိုင်းကို
ဘယ်မှာ သွားထွေးထုတ်ရမလဲ တဲ့
ခလေးတစ်အုပ်ဟာလည်း
ဒီနားမှာပဲ လာ လာ ခုန်ပေါက်ကစားနေကြတယ်
ခင်ဗျားတို့မှာ ဦးနှောက် အပို မပါသလိုပဲ
သူတို့မှာလည်း ခြေထောက် အပို မပါဘူး
လာ ပြန်ခူးစမ်းပါ
ခင်ဗျားတို့ စိုက်ခဲ့တဲ့ ငရဲသီး
ဒီ လူသတ်မိုင်းဟာ ဝဖီး ရင့်မှည့်နေပြီ
နေပြည်တော်က ပို့လိုက်တဲ့ စစ်ပစ္စည်းတွေ
နေပြည်တော်ကိုပဲ ပြန်ယူသွားကြ
လွှတ်တော်ထဲက လာတဲ့ လူသတ်မိန့်တွေ
လွှတ်တော်ထဲမှာ ပြန်အိပ်စက်ပါစေ
ကိုယ်ထုတ်တဲ့ သေဒဏ်ဟာ
ကိုယ့်ကို ပြန်သက်ရောက်လာရင် ဘယ်လိုလဲ
အဲဒါကိုပဲ ကျုပ်တို့ နှစ် ၆၀ ပူးတွဲပျက်စီးခဲ့တာ
အဲဒီမှာ အမတ် ၅၀၀ ကျော် ဟာ
အစာအိမ်ဖောင်း အိပ်ငိုက်ကောင်းနေတုန်း
အဲဒီတိုင်းပြည်ထဲမှာ လူ သန်း ၅၀ ကျော်ဟာ
အစာအိမ်ကပ် သိပ်ငတ်နေကြတယ်
ဒီကိစ္စ လွှတ်တော်ထဲ ဆွေးနွေးသင့်တယ်လို့
ခင်ဗျားတို့ ဗိုလ်ကြီးအုန်းကျော်မြင့် မလုပ်ကြဘူး
ကျုပ်တို့တောင်တန်းမှာဖူးတဲ့ ချယ်ရီပန်းဟာ
ခင်ဗျားတို့ရဲ့ချွေးနဲ့ မဖြန်းဖြစ်လည်း လန်းပွင့်နေတာပဲ
ကျုပ်တို့က ရိုးရိုးသားသားပဲ ဘိန်းစိုက်စားပါ့မယ်
ရိုးရိုးသားသားပဲ ဘုရားသခင်ကို ဦးတိုက်သွားပါ့မယ်
ဈေးခွေးမိခင် သားချီ သလို
ခင်ဗျား မိုင်းကို ခင်ဗျား ပြန်ကိုက်ချီသွားပါ
အဲဒီ ခလေးစစ်သားတစ်ဦးဟာလည်း
စစ်သား အမေထံ ပြန်လည်ဖူးသင့်ပါတယ်
စစ်ယူနီဖောင်း ခဏချွတ်ပြီး
သင်္ကန်းစည်းချင် စည်းသင့်ပါတယ်
ကျုပ်တို့ရဲ့ ဓမ္မတေးသံကိုလည်း
ဗမာသံစဉ်တွေ လာ လာမထည့်ချင်ပါစမ်းနဲ့
စစ်စိတ်မိုက်ကန်းကန်းကို တုံ့ကနဲရပ်လိုက်
ပင်လုံစာချုပ်ကို ဖျက်လိုက်တဲ့ လက်ဟာ
တိုင်းပြည်ကို ဖျက်ပစ်လိုက်တာပဲ မဟုတ်လား
ခင်ဗျားတို့သွားတော့
အခုချိန်ဆို
စစ်သားမယားဟာ အိုဗာတိုင်က ပြန်ရောက်နေလောက်ပြီ
ကြည်နူးတဲ့ မိသားစု ရင်ခွင်ထဲ
ခင်ဗျားတို့ အလွမ်းတွေကို ပြန်ဗုံးကြဲလိုက်ဗျာ
မြန်မာ့ မြေပြန့်ဟာ ငြိမ်းချမ်းပါစေ
မြန်မာ့ တောင်တန်းဟာ စိမ်းလန်းပါစေ။ ။
သုအိုင်စံ
၁၆-၁၁-၂၀၁၃
((( ဘောလုံးထဲကဘောလုံးပွဲ )))
ဘောလုံးတစ်လုံးထဲက လေထုဟာ
အောက်ဆီဂျင်လား ကာဗွန်ဒိုင်အောက်ဆိုဒ်လား
မွန်းကြပ်မှုထဲမှာ လွပ်လပ်နေတဲ့
လေအမျိုးအစားတစ်ခုဆိုတာတော့ သေချာတယ်။
ကျနော့်အဖေနဲ့ ကျနော့်သား ကန်တဲ့ပွဲမှာ
ဒိုင်အဖြစ်ကစားခဲ့တာ ကျနော်ပါ။
ကျနော်က ကမ္ဘာကြီးကို ကွင်းလယ်ထဲပစ်ချ
ပွဲစအချက်ပေးဝီစီကို မှုတ်လိုက်တဲ့အခါ
ကျနော့်အဖေက ငယ်သွေးငယ်ခြေတွေပြတော့တာပဲ။
+အာဒမ်ကဧဝပေါင်ကြားထဲ ကန်ထည့်လိုက်တဲ့ ကန်ချက်မျိုး
+မီးကိုတွေ့ပြီး ကန်မိလိုက်တဲ့ ယောင်ယောင်ကန်းကန်း ကန်ချက်မျိုး
+လူရိုင်းတစ်စုနဲ့တစ်စု သတ်ကြတဲ့ ကန်ချက်မျိုး
+ကိုလံဘတ်က မြောက်အမေရိကကို တအားကြုံးကန်လိုက်တဲ့ ကန်ချက်မျိုး
+ပထမကမ္ဘာစစ်ကြီး ဦးကျိုးသွားတဲ့ ခွေးကျကျတဲ့ကြောင်ရဲ့ ကန်ချက်မျိုး
+နွားနဲ့ကား အပြေးပြိုင်တဲ့ ကန်ချက်မျိုး
+ဟစ်တလာအရူးထတီးခတ်တဲ့ ဂျူးတွေဘုန်းဘုန်းသေ ကန်ချက်မျိုး
+ဟီရိုရှီးမားကို အမေရိကန်ကကန်လိုက်တဲ့ လေယာဉ်ပေါ်က ကန်ချက်မျိုး
+ယဉ်ကျေးမှုတော်လှန်ရေးပြီးနောက် ကွန်မြူနစ်တွေကျဆုံးတဲ့ ကန်ချက်မျိုး
+ဘီဂိတ်က ကွန်ပြူတာထဲကန်ထည့်လိုက်တဲ့ သပ်ရပ်သစ်လွင်တဲ့ ကန်ချက်မျိုး
အဲဒီကန်ချက်မျိုးစုံနဲ့
ကျနော့်အဖေက တဝုန်းဝုန်းကန်ထည့်ပေမဲ့
တစ်ဂိုးပဲရတယ်
အဲဒီဂိုးက "သမိုင်း" တဲ့။
ဒီပွဲမှာ မီးစင်ကြည့်ကန်ခဲ့တဲ့ ကျနော့်သားက
သူ့ခေတ် သူ့ဗျူဟာနဲ့ ကန်သွင်းခဲ့သမျှ
နှစ်ဂိုးရတယ်
ပထမဂိုးက "ပြောင်းလဲခြင်းအသစ်"
ဒုတိယဂိုးက "ငြိမ်းချမ်းရေးအစစ်" တဲ့
ဒီဒုတိယဂိုးဟာ
တချို့က "ဂိုးတယ်" တချို့က "မဂိုးဘူး" တဲ့
အခုချိန်ထိ ကျနော် ဆုံးဖြတ်ရခက်ဆဲ
ကမ္ဘာကြီးကို ကျနော်တို့ ဆက်ကန်နေဆဲပဲ။
ကမ္ဘာကြီးထဲက လူသားတွေဟာ
ချစ်ခြင်းသင်္ကေတတွေလား မုန်းခြင်းသင်္ကေတတွေလား
ဘောလုံးထဲရောက်နေတဲ့
ကွင်းလယ်က ကစားသမားတွေဆိုတာတော့ သေချာတယ်။ ။
သုအိုင်စံ
၀၈.၁၂.၂၀၀၄
((( ဆာလောင်နေသောတစပြင် )))
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
ကျောင်းဆာနေတဲ့ ကလေးများ
အလုပ်ဆာနေတဲ့ ဘွဲ့ရများ
တရားတဲ့အမိန့်ဆာနေတဲ့ စစ်သည်များ
လွပ်လပ်မှုဆာနေတဲ့ နိုင်ငံရေးအကျဉ်းသားများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
ပညာဆာနေတဲ့ ဦးနှောက်များ
အစာဆာနေတဲ့ အစာအိမ်များ
အလှအပဆာနေတဲ့ မျက်လုံးများ
အချစ်ဆာနေတဲ့ နှလုံးသားများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
သီလဆာနေတဲ့ ကိုယ်ကျင့်တရားများ
စစ်ဆာနေတဲ့ ရန်ငြိုးများ
အကျွတ်တရားဆာနေတဲ့ မိုက်မဲမှုများ
ကယ်တင်ခြင်းဆာနေတဲ့ ဒုက္ခများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
ငြိမ်းချမ်းရေးဆာနေတဲ့ မတည်ငြိမ်မှုများ
ပြောင်းလဲခြင်းဆာနေတဲ့ ခေတ်နောက်ကျမှုများ
သင်္ချိုင်းဆာနေတဲ့ လူအရိုးများ
နိဂုံးဆာနေတဲ့ စစ်ပွဲများ
အဓိပ္ပါယ်မှန်ဆာနေတဲ့ လူ့ဘဝများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
အရိပ်ဆာနေတဲ့ လွင်တီးခေါင်များ
စိမ်းလန်းခြင်းဆာနေတဲ့ တောတောင်များ
သီးနှံဆာနေတဲ့ မီးလောင်မြေများ
အသုံးပြုမှုဆာနေတဲ့ မြစ်တေလေများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
အောင်ပွဲဆာနေတဲ့ ယုံကြည်ချက်များ
ခြေလှမ်းဆာနေတဲ့ လမ်းမများ
ခေါင်းစဉ်ဆာနေတဲ့ ခြေလှမ်းများ
ကောင်းကင်ဆာနေတဲ့ ခေါင်းစဉ်များ
ကောင်းကင်ဆာနေတဲ့ ပြည်သူများ
မကောင်းဆိုးဝါးကောင်းကင်အောက်မှာ
အဲဒီမကောင်းဆိုးဝါးကောင်းကင်ကိုဖြိုချ
ကမ္ဘာကို ကောင်းကင်သစ်နဲ့ အမိုးမိုးကြမယ်
သင်ဆာနေတာဟာ ကောင်းကင်သစ်ဆိုရင်တော့
ကောင်းကင်သစ်က ဆာနေတာဟာ သင်ပဲဖြစ်တယ်။ ။
သုအိုင်စံ
၀၁.၀၁.၂၀၀၃
((( အသုံးမပြုရသေးသောဆန္ဒများ )))
(၁)
ငါ့အသက်ထက် ဆထက်များစွာ
ရှည်ကြာရင့်အို ဗုံးခိုကတုတ်
ခပ်စုတ်စုတ်ဟာ ငါ့တိုက်တာပေါ့။
ငါဆိုတာက ထာဝရလင်း
ထင်းမီးဖိုဘေး မွေးဖွားချက်ဖြတ်
သေနတ်သံကြား ဗုံးဆံကြားမှာ
ကြီးထွားလူဖြစ် ရှစ်နှစ်အရွယ်
ကောင်လေးငယ်ငယ်။
စာအုပ်မဟုတ် ခဲတံမဟုတ်
လွယ်အိပ်စုတ်ထဲ ကျောက်ခဲလေးခွ
ဓါးမပဲ့ဆောင် ငှက်ထောင်ထင်းခွေ
အပြင်းဖြေ ခရုငုတ်
နေ့စဉ်ဆက်လုပ် ငါ့အလုပ်။
နံနက်လင်းသော် လှေကားပေါ်မှ
ခုန်ချပြေးသွား လျှိုမြောင်ကြားရောက်
မြစ်ကမ်းနားရောက် တောင်ကမ်းပါးရောက်
နေလုံးပျောက်သော် လှေကားပေါ်တက်
ဒီတစ်ရက်မှာ စုဆောင်းစရာ
ဘာမှမပါခဲ့
အသက်တစ်ရက်ကြီးခဲ့တယ်။
(၂)
အဲဒီလိုနဲ့
ညကိုနေ့မျို နေ့ကိုညမျို
နေ့နဲ့ညက ငါ့ကိုမျိုချ
ဒီလိုဘဝမှာ.....
တခါတခါ ကျည်ဖောက်ရာက
ဝင်လာတတ်တဲ့ အလင်းစက်လေး
ငါငေးကြောင်ကြည့် တွေးနေမိ။
(၃)
အမိုးပြောတယ် ငါ့အရွယ်ဟာ
ပညာကိုရှာ ကျောင်းမှာစာကျက်
ဖြစ်သင့်သတဲ့
ကျောင်းဘယ်မှာလဲ ငါလည်းမေးတော့
မျက်နှာဖျော့ညှိုး အမိုးဖြေခဲ့
စစ်မဲ့နေရာ ငြိမ်းချမ်းမြေမှာ
မြို့တွေမှာတော့ ကျောင်းရှိတာပေါ့
အမိုးတို့မှာ အသပြာမဲ့
အရာရာမဲ့ သိပ်ခက်တယ်။
ကလေးများအတွက်
ထိုက်သင့်တဲ့မြေ ငြိမ်းချမ်းတဲ့မြေ
ဖြစ်ပါစေတော့
"အို...စစ်တွကို ရပ်ကြပါတော့
ကျမသားလေး ကျောင်းအပ်ပါရစေ"။
(၄)
အမိုးစကား ပဲ့တင်ကြားလျှက်
ကျောင်းတက်ချင်တယ် စာသင်ချင်တယ်
ငါ့ရင်ထဲက
ငါ့ဆန္ဒတွေ ငါ့ဆန္ဒတွေ...။
(၅)
ကျည်သီးတစ်လုံး ဘတ်သုံးထောင်တဲ့
ကျည်သီးဆိုတာ တောင်ယာခင်းထဲ
ကျကွဲမီးလောင် တောင်ယာပြာကြွင်း
စပါးခင်းပျောက် သိပ်ကြောက်စရာ။
စစ်ပူတုန်းက
အိမ်စုတ်ရဲ့ဘေး ဝါးရုံးဘေး၌
မြေထဲစိုက်ပြီး မကွဲကျည်သီး
တူးပြီးရောင်းချ ငွေရနိုင်သည်
ပေါက်တူးကိုကိုင် ချွေးဖြိုင်ဖြိုင်ကျ
တူးဆွဖော်စဉ် အမိုးမြင်သော်
ဝါးတုတ်ကိုဆွဲ တအားလွှဲရိုက်
ငါငိုရှိုက်တော့...
အမိုးလည်းငို ငါလည်းငိုခဲ့
ဘယ်လိုပါလဲ ဝေခွဲခက်ခဲ့။
(၆)
တစ်ညနက်နက် ငှက်ဖျားတက်စဉ်
ရမ်းယောင်အိမ်မက် ကျောင်းတက်ချင်တယ်
စာသင်ချင်တယ် အမိုးရယ်ဗျာ
လိုက်ပို့ပါလား ခြောက်ခြားအော်ဟစ်
နိုးလာရစ်သော်...
ငါ့ရဲ့နဘေး မီးဖိုဘေးမှာ
ပူဆွေးစိတ်ပျက် အားကိုးရာမဲ့
ဝေဒနာဆိုးနဲ့ ငါ့ရဲ့အမိုး
ဆန်ပြုတ်အိုးလေးတူးနေစဉ်
ဆန် ပြုတ် အိုး လေး တူး နေ စဉ်။ ။
(ဒါကို
ရေးခဲ့တာ ၁၆ နှစ်လောက်ရှိပြီ။ တောခေါင်ခေါင် လူမျိုးစုဒေသတွေဆီက
ပညာသင်ခွင့်မဲ့နေတဲ့ ကလေးတွေရဲ့ဘဝကို တွေ့ကြုံခံစားရေးဖွဲ့တာပါ။ အဲဒီတုန်းက
အဲဒီကလေးတွေဟာ ကျနော်တို့ ပြောက်ကျားစစ်ကြောင်းတွေကို
များစွာကူညီခဲ့ဖူးပါတယ်။)
သုအိုင်စံ
၂၀၁၁
((( (၁၈) နှစ်အောက်မဝင်ရ )))
အရက်သမားလူထွက်တွေ
ဘုန်းကြီးဟောင်းတွေ
စိတ်ခမ်းနိုင်ငံရေးသမားတွေ
စစ်ကျန်စစ်သားတွေ
စုပေါင်းတီးခတ်တဲ့
လောကီ နိုက်ကလပ်တဲမှာ ပုထုဇဉ်ဂီတ။
အောင်မြင်မှုတို့ ဘုန်းဘုန်းသေသော
ပေးဆပ်မှုတို့ အဓိပ္ပါယ်အသော
လူ့တန်ဖိုးတို့ လူရုပ်မပေါက်သော
ဒီမြေရဲ့ စိတ်ကျရောဂါဟာ
အမြဲစိမ်းသစ်တောတစ်ခုလို ကျမ္မာလို့
စပိန်နွားရိုင်းတစ်ကောင်လို သန်စွမ်းလို့။
အမှန်တရားကို မြတ်နိုးနေတုန်း
လောကလက်ဆောင်ဆိုးတွေ လာဘ်ထိုးခံရအတိတ်များ
ဖြစ်တည်ခြင်းကို ပုံသွင်းမှားခဲ့သော
တစ်ခင်းလုံးပိုးကျ ဥယာဉ်မှူးရဲ့ စိတ္တဇများ
အရာရာဟာ
ကွန်မြူနစ်စနစ်ကြီးလို လုပ်ကြံခံရပြီးနောက်
ဒီအခန်းရဲ့ စောင့်ရှောက်မှုမှာ တည်ငြိမ်။
ဒီမှာတော့
အနာဂတ်တွေ အိမ်မက်တွေ
လောဘတွေ ရမ္မက်တွေ
အံဝင်ဂွင်ကျမှုတွေ ဆန္ဒတွ
အားလုံးသေခဲ့
ဒုတ်ပြီးဓါးပြီး အတွေ့အကြုံတို့နဲ့ ရင့်ရော်ရင့်ကျက်တယ်။
ဘုရားအပါးပါးတို့ရဲ့ ဥပေက္ခာမြေဆိုတာ
ဘာစိုက်စိုက် မပေါက်တဲ့ ဆာဟာရ ပေါ့ကွာ။ ။
သုအိုင်စံ
၂၀၀၁
((( ခေါင်းဆောင်တွေခေါင်းထဲ တည့်တည့်ပစ်လိုက်တဲ့မေးခွန်း )))
ငါ့ရဲ့လောဘတွေအကုန်လုံးပေါင်းမှ
ဒီပန်းသီးတစ်လုံးစာတောင်မရှိပါဘူးလို့ဆိုတဲ့
ပန်းသီးထဲကပိုးကောင်တွေကလည်း
တစ်ဝက်ချန်တစ်ဝက်စားရေးမူနဲ့
မနက်ဖန်ကိုဆက်သွား (လူသားဆန်ဆန်)။
ရေခဲသေတ္တထဲကဆောင်းဥတုတစ်ခုလို
ကိုယ့်ကိုယ်ကိုယ်ရစ်ပတ်ထုပ်ပိုး
မပုတ်သိုးရုံသဘောတရားများကလည်း
အဓိပ္ပါယ်ဆွဲဆန့်ရေးသင်ခန်းစာနဲ့
အမူးလွန်ဒသနတွေကိုပဲစားမြုံ့ပြန် (ကွန်ဆာဗေးတစ်စံ)။
နေကလည်းကျဲကျဲတောက်
ရေကလည်းနည်းနည်းလောက်နဲ့
ကန္တာရကိုဖြတ်သန်းလာတဲ့ခရီးရှည်များ
အိုအေစစ်တွေအဝှက်ခံထားရတဲ့ခေတ်ြ ကီးမှာ(နည်းဗျူဟာလေလား)။
အထက်ပါတို့သည်
ခင်ဗျားတို့၏ အကြောင်းအရာများဖြစ်၍
အောက်ပါတို့သည်
ကျွန်ပ်တို့၏ အကြောင်းအရာများဖြစ်သည်။
ဒုက္ခတွေရှုပ်ပွပြီး ရေရှည်သေနေတဲ့ ဒီနိုင်ငံသားအုပ်စုဘဝကြီး
ဘာလုပ်လို့ဘာလုပ်ရမှန်းမသိတဲ့
ကျုပ်တို့ပြည်သူတွေက ဘာဆက်လုပ်ရမှာလဲ (အခုချက်ချင်းဖြေ)။ ။
သုအိုင်စံ
((( စိတ်ခြေကျင်း )))
ခြေထောက်ညောင်းနေမျှော်လင့်ချက် ဟာ
ရိလွယ်ပြဲလွယ်ပြက္ခဒိန်ပေါ်တက်
ငှက်ဖျားရင့်ရင့်တက်နေခဲ့ပြီ။
အနေအထားက
ေ၀၀ါးရှုပ်ထွေး
ပုတ်ဆွေးဆွေး ယုံကြည်ချက်က
တုံ့နှေးနှေးချီတက်လာ
ဒီညစာကိုတော့
ဖောက်ပြန်ခြင်းနဲ့မက်လုံး ရောချက်စားလိုက်ပြီ။
ဝါဒတွေကို
ဝါဒီတွေကစိုက်ပျိုး
ဝါဒီတွေက
ဝါဒတွေကိုရိုက်ချိုး
ကြိုးညှိရင်းကြိုးငြိကြ
ငါတို့ရဲ့ပဋိပက္ခတွေကို
ရာစုအထောင်ထောင်ထိသယ်ဆောင်ကြ။
လမ်းများစွာပေါ်က
တန်းများစွာကိုကျော်ဖြတ်ခဲ့ခြင်းများ
ရောင်းစားဖို့မှမဟုတ်တာ။
အလွှဲအပြောင်းလေးကြား
ဖဲကောင်းလေးများတက်လာမလားလို့.. .တချို့
လိုအပ်ရင်
စားခဲ့တာထက်လည်းပိုအန်နိုင်တယ်. ..တချို့
မှားခဲ့တာထက်လည်းပိုခံနိုင်တယ်. ..တချို့
သွားခဲ့တာထက်လည်းပိုပြန်နိုင်တယ် ...တချို့
ပြီးတော့
"လေသူ" တွေဟာ
"လူသေ" တွေပဲ ဖြစ်ဖြစ်ကြသွားတဲ့...တချို့။
ဒါတွေပြောခဲ့ချင်တယ်
၁၉၈၈...................
...........................
...........................
...........................
...........................
...........................
....................၁၉၉၄။
အနာဂတ်ရေ
ခင်ဗျားလာရင်
ကိုယ့်လည်ပင်းကိုယ်ဓါးနဲ့ထောက်ခဲ့
ဖောက်ထွက်ရတော့မယ်။ ။
သုအိုင်စံ
၁၉၉၄
((( DIPLOMACY )))
နှုတ်ဆက်လက်ဆွဲ
အလုပ်အတွက်လက်တွဲကြမယ်
မဲ့ပြုံးထဲမှာ
ဝှက်ဖုံးထားတယ် သူ့ဓါး
မျက်လုံးထဲမှာ
ထဲ့သုံးထားတယ် မုသား
တစ်ယောက်သဘောထားဟာ
တစ်ယောက်နောက်ကျောဓါးပဲ
တခြားတစ်ယောက်ရဲ့အမြင်က
အသားထဲလောက်ထွက်တဲ့ဂွင်
ငါတို့ဟာ
အတိတ်ရဲ့အသိအမှတ်ပြုချက်နဲ့
မိတ်ဖက်ပဋိပက္ခတစ်ခုရဲ့အသက်ပါ
ငါတို့ဟာ
အကြံနဲ့စာဖိတ်ခေါ်ထားတဲ့
ရန်ဖက်မဟာမိတ်တော်အားတွေပါ
ရန်သူသေနတ်ပြောင်းဝမှာကံကြမ္မာပုံထပ်
အကြံတူချလောင်းကြတယ်ရန်ငါဆုံရပ်
သံတမန်နိုင်ငံခြားဆက်ဆံရေးဆိုတာ
အပြန်အလှန်ပြိုင်ကန်ထားတဲ့ရန်ကျွေးပေါ့ကွာ။ ။
သုအိုင်စံ
၂၇.၀၇.၂၀၁၂
DIPLOMACY (1)
ခင်ဗျားရဲ့
အရုပ်မြင်နိုင်စေခြင်းကို
ကျနော်ရဲ့
မျက်လုံးတစ်စုံနဲ့ နားလည်ရ
ခင်ဗျားရဲ့
အသံကြားနိုင်စေခြင်းကို
ကျနော်ရဲ့
နားတစ်စုံနဲ့ နားလည်ရ
ခင်ဗျားဟာ
တင်ဆက်နေတဲ့ ရုပ်မြင်သံကြားပဲ
ကျနော်ဟာ
ခံစားနေတဲ့ မျက်လုံးတွေ၊ နားတွေပဲ
မျက်နှာချင်း မဆိုင်မိကြတဲ့အခါ
ကျနော်တို့ဟာ သီးခြားတဲ့ အရာ
ကျနော်တို့ဟာ သီးခြားတဲ့ ကမ္ဘာ
ကိုယ်စီတူညီ လက်ဆွဲနှုတ်ဆက်မှ
ရုပ်မြင်သံကြားကို သိရှီနားလည်ရ
အဲဒီလို ဆုံရန် ခင်ဗျားနဲ့ ကျနော်က
တူညီစွာ ကိုယ်စီ ဆန့်ကျင်ထားရ
၎ နဲ့ ၃ လို ဓါးသွားချင်း ခုတ် နမ်းကြ
၃ နဲ့ ၄ လို ဆူးတောင်ချင်း ယှက် ချိုးကြ
သံအမတ်တွေက စပိုင် လုပ်ကြတယ်
ရန်စတွေက အပြိုင် ပုတ်သတ်တယ်
ဒစ်ပလိုမေစီဆိုတာ ရုပ်မြင်သံကြားရေးရာပဲ
ဒီမိုကရဘေယ်သူမှားလဲ ခံသွားရပေမဲ့
ဒစ်ပလိုမေစီမှာ လည်သူစားမြဲ စံစားရလေရဲ့
ရုပ်မြင်သံကြားထဲမှာ အမှန်တရားသေခဲ့တယ်။ ။
သုအိုင်စံ
၁၁-၀၆-၂၀၁၄
((( ခွက်ထဲမှခွဲထွက်ခြင်း ))
ငါ့ဘဝ ရရချင်း
ဒုက္ခနဲ့ အချင်းဆေးခဲ့။
ဖေဖေနဲ့မေမေဟာ
ပုံစံခွက်တစ်ခုထဲမှာ ချစ်ကြိုက်
စိုက်ပျိုးခြင်းခံရတဲ့ငါ
ပုံစံအနာကြီးနဲ့ပေါ့။
ထောင်လိုမျိုး
ဘောင်အိုဆိုးတွေနဲ့ စည်းရိုးကာ
ခေတ်များစွာကို
စစ်သွားမာမာကြီးနဲ့ စားလာတဲ့ခွက်
နင်းမိုင်းတွေကို မြေမျိုထားတဲ့ခွက်
သချိုင်းတွေကို အရည်ကြိုထားတဲ့ခွက်
ဘဝတွေကို ခိုးစားထားတဲ့ခွက်
အလှတွေကို ပိုးစားသွားတဲ့ခွက်
တစပြင်ကို မျိုးပွားထားတဲ့ခွက်
အနာဂတ်မျိုးဆက်တွေကို
အာဏာပြ ချိုးဖျက်ထားတဲ့ခွက်
ခွက်၊
ရှိခွင့် မရှိတော့တဲ့ခွက်။
အဖိုးကထိုးချေ
အဖေကကန်ခွဲ
မကွဲသေးတဲ့ဒီခွက်
ခု...ငါ့အလှည့်။
ခွက်ကိုရိုက်ခွဲ
တိုက်ပွဲဝင် ရဲရဲပေးဆပ်
ငါလွပ်လပ်ရမယ်
...ငါလွပ်လပ်ရမယ်
......ငါလွပ်လပ်ရမယ်
.........ငါလွပ်လပ်ရမယ်။ ။
သုအိုင်စံ
၁၉၉၈
((( အမွေ (၁) )))
ငါဟာ အကြီးမြတ်ဆုံးမေတ္တာတွေကိုစားပြီး ကြီးထွားလာတဲ့သားတစ်ယောက်ပေါ့
မှိုချိုးမျှစ်ချိုး စိုက်ပျိုးခံရတဲ့ ပြည်သူတစ်ယောက်လည်းဖြစ်တယ်။
ဂန္တဝင်မြောက် စစ်သီချင်းအို စစ်သီချင်းသစ်တွေနဲ့ ကြီးပြင်းခဲ့တဲ့ငါဟာ
လူသားအားလုံး သီဆိုနိုင်မဲ့ အကောင်းဆုံးတေးတစ်ပုဒ်ကို ကြိုးစားရေးခဲ့တယ်
အမည်က ငြိမ်းချမ်းရေး တဲ့။
ငါ့ရဲ့တေးမှာ မုဒိန်းကျင့်ခံလိုက်ရတဲ့ လူထုတွေရဲ့ရိုးသားမှုဟာ အပျိုရည်ပျက်လို့
ငါ့ရဲ့တေးမှာ ဘယ်သူ့အဖေခေါ်ရမှန်းမသိတဲ့ မနက်ဖန်တွေဟာ အိုးအိမ်မဲ့လို့
ငါ့ရဲ့တေးမှာ ကျောင်းပိတ်ခံထားရတဲ့ ပညာရေးတွေရဲ့ ဦးနှောက်ဟာထုံထိုင်းပိန်ချုံးလို့ 
ငါ့ရဲ့တေးမှာ ခေတ်ဆီကဘာမှမရပဲ ခေတ်ကိုရှိသမျှတွေပုံပေးနေကြတဲ့ ဘဝတွေဟာရဲရင့်လို့
ငါ့ရဲ့တေးမှာ ပြည်သူ့အတွက်ကလွဲရင် ဘာမဆိုကြိုးစားလုပ်ကြတဲ့ အစိုးရတွေဟာ အဆီအစ်ဗိုက်ရွှဲလို့
ငါ့ရဲ့တေးမှာ နားရွက်ဆွဲပါးရိုက်ခံနေရတဲ့ သမိုင်းတွေဟာ ကျွမ်းထိုးမှောက်ခုံ ကွဲပြဲလို့
ငါ့ရဲ့တေးမှာ အမုန်းနှစ်ခု ခေါင်းချင်းပြေးတိုက်ရာက ကြေမွသွားတဲ့တိုးတက်မှုတွေဟာ ကုသမှုမဲ့လို့
ငါ့ရဲ့တေးမှာ နောက်ဆုံးပေါ် အသားအရောင်ခွဲခြားမှုတွေဟာ ခေတ်ရှေ့ပြေးလို့
ငါ့ရဲ့တေးမှာ ဘာသာရေးအားပြိုင်မှုတံတိုင်းကြီးတွေဟာ တစ်နေ့တခြားမြင့်မားလို့
ငါ့ရဲ့တေးမှာ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခံရတဲ့ လူသားချင်းစာနာမှုတွေဟာ ရိုင်းပျလို့
ငါ့ရဲ့တေးမှာ ပါးစပ်ပေါက်ကျယ်ကျယ်ကောင်တွေက ပါးစပ်ပေါက်ငယ်ငယ်ကောင်တွေကို ကိုက်စားလို့
ငါ့ရဲ့တေးမှာ အကျိုးအမြတ်ကို အနံ့ခံလိုက်နေတဲ့ အရင်းရှင်စနစ်ကြီးဟာ လက်နက်အပြည့်အစုံ တပ်ဆင်လို့
ငါ့ရဲ့တေးမှာ သွေးညှီနံ့ နံနေတဲ့ ယမ်းငွေ့တွေဟာ ကောင်းကင်မှာတရစပ် ပျံဝဲလို့
ငါ့ရဲ့တေးမှာ အရိုးပေါ်အရေတင်နေတဲ့ အလှအပတွေဟာ အကျည်းတန်လို့
ငါ့ရဲ့တေးမှာ လိုအပ်စွာ စနစ်တကျ ဥပေက္ခာပြုခံထားရတဲ့ အချစ်တွေဟာ အသဲကွဲလို့
ငါ့ရဲ့တေးမှာ ရှထောင့်များစွာကတက်လာတဲ့ အမှန်တရားများစွာဟာ လက်ရှိမှာ ရိုက်ပွဲတွေဖြစ်လို့
ငါ့ရဲ့တေးမှာ ငါတို့ရဲ့လောဘတွေက ငါတို့ရဲ့အနာဂတ်တွေကို ခွက်ဇောင်းခုတ်လို့
ငါ့ရဲ့တေးမှာ လူရဲ့လွပ်လပ်မှုတွေဟာ လူရဲ့အကျဉ်းထောင်ထဲမှာ ရက်စက်စွာပြည့်ကျပ်လို့
ငါ့ရဲ့တေးမှာ ဂျွန်လင်နွန်တွေ ချေဂွေဗားရားတွေ ဗိုလ်ချုပ်အောင်ဆန်းတွေကို နေ့စဉ်လုပ်ကြံကြလို့
ငါ့ရဲ့တေးမှာ သေသင့်တဲ့ခေတ်စနစ်တွေကို ယုံကြည်ချက်နဲ့ပစ်သတ်နေတဲ့ငါဟာ ဧရာမ သူပုန်ကြီးဖြစ်လို့
ငါ့ရဲ့တေးမှာ ငါဟာ ငါ့ကိုယ်ငါ ငါ့ဒဏ်ရာတွေနဲ့ ဂုဏ်ယူစွာ သယ်ပိုးထွက်ခွာလို့
ငါ့ရဲ့တေးမှာ..............
သားရေ...
ဒီတေးကို ဒိထက်ကောင်းအောင်ဆက်ရေးဖို့ မင်းကို အဖေ ပေးခဲ့တယ်။ ။
(၀၇.၀၉.၂၀၀၃ ဖခင်များနေ့
ကျဆုံးလေပြီးသော ရဲဘော်ဖခင်အား ဒီကဗျာဖြင့်အလေးပြုသည်...။)
သုအိုင်စံ
((( ငါတို့ဘော်လုံးအသင်း )))
အ၀ါကဒ်တွေလည်းရ အနီကဒ်တွေလည်းရ
မူမမှန်တဲ့ခေါင်းဆောင်တွေ နှုတ်ထွက်သွားခဲ့ကြ
ဟိုနား တဘုန်းဘုန်းလဲကြ ဒီနား တ၀ုန်းဝုန်းကွဲကြ
ရဲဘော်တွေ တသီတတွဲကြီး ဖိတ်စင် ကျဆုံးကြရ
"ဂိုး" လို့ထအော်ချင်နေတဲ့ ပရိသတ်က ပွဲကိုအားမရ
လူလဲကစားဖို့ကလည်း မျိုးဆက်သစ်က ခါးချိုးခံထားရ
အမှန်တရားကိုယ်တိုင် ဒိုင်လူကြီး ၀င်လုပ်တာတောင်မှ
ဘောလုံးဟာ ဂိုးဧရိယာစပ်ကို အခုထိမဖြတ်
သေနတ်ပြကစားတဲ့ ရန်ဘက်တွေကလည်း ကြမ်းရမ်းညစ်ပတ်
တစ်ယောက်တည်း ကစားချင်တဲ့ ကိုယ့်ကောင်တွေကလည်း ပေကပ်ကပ်
ခေါက်ဆွဲစားချင်တဲ့ ကိုယ့်ကောင်တွေကိုလည်း အပစ်ပေး ဒဏ်ခတ်မရ
၁၉၄၇ခုနှစ်ဟာ ဒီပွဲနဲ့ ဒီပြသနာတွေရဲ့အစ
ဒီညနေမှာပဲ ဒီပွဲကို ကြိုးစားအနိုင်ယူ အဆုံးသတ်
ဆရာစံဆန်ဆန် ကစားသမားတွေက
ဓါးအိမ်ကိုကိုင်ပြီး ဓါးကိုပြန်လိုက်ရှာကြ
ဂန်ဒီဆန်ဆန် ကစားသမားတွေက
ဓါးနဲ့မတိုက်လည်း စကားနဲ့တိုက်ကြ
ဘယ်လိုကန်ကန် ဂိုးရဖို့သာ အဓိက
လူထုကို အမြန်ဆုံး ကယ်တင် ကျေးဇူးဆပ်။ ။
သုအိုင်စံ
၂၀၁၃
((( ကမ္ဘာသေ )))
"စာအုပ်ကို ငါလုပ်ခဲ့တယ်ဟေ့"...လို့
ကမ္ဘာဦးမှာ၊ စကားဦးကို ကြားဖူးအောင်
လက်ဦးစွာ ဟစ်ကြွေးထားတယ်။
စာအုပ်ထဲမှာ...
ဆုံမှတ်ကြောင့်ရတဲ့ သုံညဘဝတွေပါတယ်
သုံညတွေကို ပုံထပ်ထားတဲ့ ဘုံဘဝရဲ့ ဂုဏ်ဒြပ်တွေပါတယ်
စာအုပ်ထဲမှာ...
ဘဝတစ်ခုကို အစပြုတဲ့ ပုံသေနည်းတွေပါတယ်
ဖြစ်တည်မှုကို "ယုံစေသတည်း" ဆိုတဲ့ စေစားချက်တွေပါတယ်
ဝေဝါးရင် သေသွားမယ်ဆိုတဲ့ ခြိမ်းခြောက်ချက်တွေပါတယ်
မတိမ်းမှောက်အောင် ထိန်းလျှောက်ရမယ့် ဥပဒေသတွေပါတယ်
စာအုပ်ထဲမှာ...
လူ့အတွေးအခေါ်ကို စု ဆေးဖော်ထားတဲ့ ဝါကျတွေပါတယ်
ဆေးဖော်ထားချက်ကို ဈေးခေါ်သွားတဲ့ ခေတ်အချိုးတွေပါတယ်
တခါတရံက လူ့သမိုင်းဇတ်ခုံအား
ကာရန်ထပ်ပြု ဝိုင်းပတ်ခြုံထားတဲ့ ယဉ်ကျေးမှုတွေပါတယ်
အတိတ် လူ့မာန်စဉ်မာနအား
အဆိပ် စု သံစဉ်စပ်ထားတဲ့ တေးစာသားတွေပါတယ်
စာအုပ်ထဲမှာ...
မနေ့တုန်းက လူ့ရာဇဝင်များအား
တွေ့ သုံးသပ် စု စာတင်ထားတဲ့ ပုံပြင်တွေပါတယ်
ဒီနေ့ဒီရက် ပီပြင်ပြတ်သားစွာဖြစ်မဲ့ ဒုက္ခအတွက်
ချီ၍ ချီတက်လာ စီစဉ်ချထားနှင့်တဲ့ ပုဒ်မတွေပါတယ်
မနက်ဖန်ဟာ လက်ကျန်လား ဆက်ရန်လား
မပြတ်သားတဲ့ ဒသနတရားတွေပါတယ်
စာအုပ်ထဲမှာ...
လွဲမှားရင်တောင် စွဲသွားစေမယ်ဆိုတဲ့
မူးယစ်ဆေးဝါးလို လူ့ပြစ်ကြွေးများပါတယ်
စာအုပ်ထဲမှာ...။
("တခါတရံတွင်
ပိုးစားခြကိုက်သွားသော စာသားများအား
လွမ်းဖျားလေ့ရှိသော ကျမ်းစာအုပ်အိုသည် ငိုကြွေး၏။")
"ကမ္ဘာတစ်ခုကို ငါပြုခဲ့တယ်"...လို့
ဘာသာတစ်ခုလို စာပြု ရေးသား
ဖန်ဆင်းရှင်ရေးစပ်ထားတဲ့ ဖန်ဆင်းချက်တေးဓမ္မများ
နားမဲ့၊ မျက်စိမဲ့ နှလုံးသားမဲ့၊ ဦးနှောက်မဲ့ သက်ရှိ/သက်မဲ့များ...
စာသားအဖြစ် စာအုပ်ထဲမှာ...။
ကမ္ဘာကျန်းမာရန် သမ္မာကျမ်းစာအံခဲ့တယ်
ကျောင်းပြီးလို့ ဘွဲ့ရမသွားတဲ့ ဘုရားသခင်ဟာ
စောင်းတီးလို့ ကျွဲ မကြားတဲ့သံစဉ်တွေကို ရှာနေတုန်းပဲ။ ။
သုအိုင်စံ
၂၂.၀၃.၂၀၁၂
((( ဒေဝါလီလူမျိုးများ )))
(("တော်ဝင်မဟာ" ဆိုတဲ့နိုင်ငံဟာ
တစ်နှစ်ကို ၁၀ ဒေါ်လာနဲ့  လည်ပတ်တယ်))။
(၁) အာကာသလေ့လာရေးယာဉ် တီထွင်၊ လက်ဦးစွာ လွှတ်တင် = (၁) ဒေါ်လာ
(၂) နယူးကလီးယားဗုံးသိမ်းဖို့  ရေငုတ်သင်္ဘောတည်ဆောက် = (၀.၅) ဒေါ်လာ
(၃) မောင်းသူမဲ့ ဗုံးကျဲလေယာဉ်နဲ့ ခေတ်မှီဗုံးတွေ တပ်ဆင် = (၀.၅) ဒေါ်လာ
(၄) စစ်သားလခ (၀.၅) ဒေါ်လာ + စစ်ဗိုလ်လခ (၀.၅) ဒေါ်လာ = (၁) ဒေါ်လာ
(၅) ပြည်သူ့ ဆေးရုံ + အမျိုးသားတက္ကသိုလ်သစ် တည်ဆောက် = (၁) ဒေါ်လာ
(၆) နိုင်ငံပိုင် ဆယ်တယ်လိုက် နောက်ဆုံးပေါ် အသစ်လဲ = (၁) ဒေါ်လာ
(၇) လူမျိုးခြား ခိုးမဝင်နိုင်ရန် နိုင်ငံ့ခြံစည်းရိုး မွန်းမံတည်ဆောက် = (၁) ဒေါ်လာ
(၈) ပြည်တွင်းစစ်ဆင်ရေး (၁.၅) ဒေါ်လာ + ဘုရားလှူ (၀.၅) ဒေါ်လာ = (၂) ဒေါ်လာ
(၉) လူမွဲထမင်းဝိုင်း (၀.၅) ဒေါ်လာ + ဘူဇွာအရက်ဝိုင်း (၀.၅) ဒေါ်လာ = (၁) ဒေါ်လာ
(၁၀) ကမ္ဘာ့ဘဏ်အတိုးသတ် = (၁) ဒေါ်လာ။
((၁၀ ဒေါ်လာ ဆုံးရှုံးခြင်း))။
(၁) ကမ္ဘာ့ဆွဲအားထဲကို ပြန်အဝင်မှာ အာကာသယာဉ် ပျက်ကျတယ်
(၂) နယူးကလီးယားဗုံးငုံထားတဲ့ ရေငုတ်သင်္ဘော ၂ စီး တိုက်ကွဲတယ်
(၃) တိုက်လေယာဉ် ဗုံးအဖြုတ်မှာ ဗုံးကွဲပြီး၊ လေယာဉ် လေထဲ မီးလောင်တယ်
(၄) စစ်သားနဲ့ စစ်ဗိုလ် လစာ မတူပေမဲ့ (ပုံမှန်ပဲ) လခ ထုတ်တာခြင်း တူတယ်
(၅) ဆေးရုံကို သူပုန်က မီးရှို့တယ်၊ တက္ကသိုလ်ဆောင်ကို အစိုးရက မိုင်းခွဲတယ်
(၆) နောက်ဆုံးပေါ် ဆယ်တယ်လိုက်ကို ဆိုလာစတုမ်း တိုက်ဖျက်သွားတယ်
(၇) နိုင်ငံ့ပတ်လည် ခြံစည်းရိုး ကျိုးသွားတယ်၊ လူမျိုးခြားတွေ ခိုး ဆိုး လာတယ်
(၈) ပြည်တွင်းစစ်ဆင်ရေးက ဘာမှ ပြန်မရဘူး၊ ဘုရားထံကလည်း ဘာမှ ပြန်မရဘူး
(၉) လူမွဲလည်း ဗိုက် ပြန် ဆာလာတာပဲ၊ ဘူဇွာလည်း ပြန် အရက်နာကျလာတာပဲ
(၁၀) ဘဏ်ကြွေး အတိုးပဲသတ်ခဲ့တော့ ဘဏ်ကြွေး အတိုးပဲ ထပ်တက်တာပေါ့။
((ဖြေရှင်းပုံ))။
ပျောက်ဆုံးသွားရတဲ့ (၁၀) ဒေါ်လာကို အပြတ် မေ့လို့
နောက် သုံးသွားရမဲ့ (၁၀) ဒေါ်လာကို ထပ်တွေ့ဖို့ ရှာတယ်
မကြာပါ....ခေါင်းဆောင်များဟာ ခေါင်းစားမခံချင်ကြဘူး
စာမေးပွဲမှာ စာ ခိုးကူးချသလို ရေနံတူး ရောင်းစားတယ်
အမေ့ နားကပ် ဖြုတ်သလို သစ်ပင်ခုတ် ရောင်းစားတယ်
ပုလင်းလှုပ်သောက်သလို ဓါတ်ငွေ့ထုတ် ရောင်းစားတယ်
အမွေဥစ္စာခေါင်းတလားထဲမှာ
အသေရုပ်ဟာ အလောင်းအသားကြွေလောက်မှ
ကုလသမ္မဂ္ဂထံ ဆင်းရဲသားအဖြစ် လျှောက်ထားခံယူ
လူမွဲအလံကို ထူလိုက်ပြီ
ဒေဝါလီခေတ်ကြီးထဲက ကျွန်တိုင်းပြည်မွဲမှာ ကြီးပြင်းတဲ့
သေရွာနဒီမြစ်ကြီးလည်း အခွံအတိုင်း တည်မြဲစွာ စီးဆင်းခဲ့ပေမဲ့
အမျိုးကို လက်ညိုးထိုး ရောင်းစားခဲ့တဲ့ လူ့သမိုင်းကို
ဘယ်သူ့ သချိုင်းကုန်းကမှ လက်မခံပါ
"တော်ဝင်မဟာ" သည်
လူ မစည်တဲ့ ဈာပန ပြာလို ပျံတက်၊ လူ မသတီတဲ့ တခါက ဖာလို ကျန်ခဲ့တယ်။ ။
သုအိုင်စံ
၂၅-၀၉-၂၀၁၃
((( ကျား ပါပြီး မကိုက်တဲ့ ဖဲ )))
ငြိမ်းချမ်းရေး စာချုပ်အတွက် မိတ်ဆုံစားပွဲ အမှတ်တရ
စိမ်းလန်းရေး ကဗျာတပုဒ်ရဲ့ နမိတ်ပုံများ တွဲ ထ ကကြ
ဝေး ဝေးသွားခဲ့ပြီ စစ်မက်အမုန်း အရိုးစုများနှင့် ပြည်တွင်းစစ်
မွေး မွေးဖွားခဲ့ပြီ အသစ်ဖွဲ့အပြုံး အမျိုးထုအားသစ် ပြည်တွင်းဖြစ်
သွေးသောက်များ ပေါင်းထားတဲ့ ရန်/ ငါ ပေါင်းဆုံ လူမျိုးစုံ ပြည်ထောင်စုအစစ်
အဝေးရောက်များ ကျောင်းသားနဲ့သံဃာပေါင်းစုံ လူမျိုးကုန် တည်ထောင်မှုအသစ်
အဆိုးမြင် သီးခြား ရှင်သန်လျှက် ခွဲထွက်လို့ ဆုတ်ယုတ် ပျက်စီး ဆိုးဝါးခဲ့သမျှ
အကျိုးယှဉ် စီးပွား အမြင်မှန်နဲ့ တွဲဖက်လို့ အလုပ်လုပ် ဆက်ပြီး ကြိုးစားကြ
ပြည်သူ့အရေးကို စံတင်တားတဲ့ တိုးတက်သစ်လွင်တဲ့ ခေါင်းစီးအောက်က
အတည်ပြုတေးဆို သံစဉ်များရဲ့ မျိုးဆက်ကျင့်စဉ်နဲ့ ပေါင်းစည်းလျှောက်ကြ
အများရဲ့ သဘောထားကို ခွဲဝေယှဉ်တွဲ အတိအကျစုဝေး ရိုးသားတဲ့လမ်းထက်
အားမဲ့ ပြောစကားဆို နည်းနေရင်လည်း အသိအမှတ်ပြုပေး နိုးကြားလျှက်လှမ်းဆက်
ကိုယ်စီ သက်ဝင်တဲ့ ဘာသာတရား လွပ်လပ်မှုပေး အတွင်းမှန်စိတ်မြတ် အပြန်အလှန်
ကိုယ်စီ ဖွဲ့ဆင်တဲ့ ဘာသာစကား လွပ်လပ်မှုပေး အဆင်းသဏ္ဍာန်စိတ်ဓါတ် အမှန်အကန်
ဘုံသုံးတဲ့ အချုပ်အခြာအာဏာအား ဗဟို/ကျေးလက် တွဲထားတဲ့စနစ်ကို စိုက်ပျိုး ဆက်ထိန်း
အကုန်လုံးရဲ့ လုပ်စာပါဝါများ အပိုပေးမဲ့ ခွဲခြားတဲ့အကျင့်ကို ရိုက်ချိုး ဖျက်သိမ်း
တိုးတက်ရေးလမ်းများထက် အကုန်ထပ်ပြီး နည်းမှန်လမ်းမှန်နဲ့ အပြီးလှမ်းသွား ဘဝလမ်းများ
မျိုးဆက်ချွေးစွမ်းအား ထဲ့ ပုံအပ်ပြီး စည်းမှန်ကမ်းမှန်နဲ့ ခရီးကြမ်းများ ဖြတ်သန်းသွား
တောင်တန်း ပင်မ တစ်လမ်းစီ မခွဲထွက်တဲ့ အခြေခံပညာ အသန်ဆုံးအားရဲ့ လမ်းစဉ်နဲ့ကိုင်တွယ်
ထောင် တန်း ပြင်ပ တစ်လမ်းညီ တွဲလက်ဆက် အဖြေမှန်သင်္ချာ စံနှုန်းထားနဲ့ ပန်းဝင်ခဲ့နိုင်မယ်
လက်ရှိ အခြေအနေတွင် အပြောင်းအလဲသည် အရပ်ကောင်း၍ အလောင်းလှ နေပါသော်လည်း
ထွက်သည့် အဖြေတွင် အဟောင်းအမွဲသည် အဆွကောင်း၍ အရောင်းထ နေပါသည်
(အထက်ပါတို့သည် အားလုံးမြင်နေရသော နိုင်ငံရေး ထွက်ဖဲများ ဖြစ်၍
အောက်ပါတို့သည် အခုမှ ဆက်ဆွဲသည့် နိုင်ငံရေး တက်ဖဲများ ဖြစ်သည်)
ငြိမ်းချမ်းရေးအတွက် ရှေ့ကရေးထိုးတဲ့ ပထမဆုံးလက်မှတ်ရဲ့ ရင်ဗဟိုအား
စိမ်းလန်းရေးမဲ့ စေ့စပ်ရေးအကျိုးအပျက်မှာ ပထမဆုံးထပေါက်တဲ့ ကျည်ဆံက
ပစ်.....ဖောက်.....ဖြို.....ခွင်း.....သွား.....လေ.....ရဲ့။
ဆွဲဖဲနဲ့ တက်ဖဲ ဆက် ဆက် လွဲခဲ့၊ ဆက် ဆက် မွဲလျှက်၊
ကျား ပါပြီး မကိုက်တဲ့ ဖဲ၊ ကုလား ပါပြီး မလိုက်တဲ့ ဖဲ၊
အား ပါပြီး မတိုက်တဲ့ ပွဲ၊ အများ ပါပြီး မထိုက်တဲ့ ပွဲ။ ။
(မမှန်ကန်သော စေ့စပ်ရေးသို့)
သုအိုင်စံ
၁၃-၀၈-၂၀၁၂
((( ဂျော်ကာသေ )))
ဘယ်တော့မှ သူ့ဇတ်သူမနိုင်သေးရှာတဲ့
အမြဲတမ်း ကုလနိုင်ငံရေးရာ
နိုင်ငံကိုယ်စားတက်လာတဲ့
စပိုင်သူလျှိုဓါးချက်များ
သံတမန်သုံး
ဟန်ပန်ပြုံးအောက်က ဗုံး
လူ့အခွင့်အရေးဟာ
သူ့အဆင့်သူရေးဆွဲရင်
လူ့အခွင့်အရေးဟာ
သူ့အပြစ်သူပေးရဲရမှာပေါ့
အမြစ်မရှိရင် သေတဲ့ သစ်ပင်လို
စစ်မရှိရင် သေတဲ့ စစ်ဘုရင်များ
လက်နက်နဲ့ပိုက်ဆံဟာ
အသက်ဆက်တဲ့ မနက်ဖန်ပဲလား
အသင်းဝင်နိုင်ငံရေးလုပ်ကွက်နဲ့
အတွင်းအပြင် အပိုင် ရန်သွေးစုတ်ချက်တွေ
အိမ်ရှင်ရဲ့ မသတီ မချေငံနိုင်သေးလို့
အိမ်ပြင်တဲ့ ပထဝီ နိုင်ငံရေးတွေ
အသွင်တူအမျိုးသား မကြီးပွား နိုင်သေးပေမဲ့
အပြင်လူသူခိုးများ ကြီးထွားနေတဲ့ နိုင်ငံရေးတွေ
လူသာတဲ့ဆီကိုသာ တည့်တည့်ဆိုက်တယ်
စူပါပါဝါနဲ့ ဗီတိုအာဏာရဲ့ ရွက်တိုက်လှေ
အနောက်တိုင်း အတွေးအယူ ဇတ်ခုံမှာ
အယောက်တိုင်း ဈေးတူ ဘဝဆုံတယ်
အရှေ့တိုင်း အတွေးအယူ ဇတ်ခုံမှာ
အကွေ့တိုင်း အပေးအယူ ထပ်ကြုံတယ်
ပြုသမျှ နုရတဲ့ ကုလဟာ
ဖြစ်သင့်တဲ့ နိုင်ငံသစ်လေးတစ်ခု မွေးဖွားဖို့တော့
အဆင့်ဆင့် ထိုင်ရန်ဖြစ် လု ဈေးကစားနေလေရဲ့
တော်ရာမှာနေ ဂျော်ကာဟာ သေခဲ့ပြီ။ ။
သုအိုင်စံ
၂၈.၀၄.၂၀၁၂
(((ဒီနှစ် ခင်ဗျား သိပ်ချမ်းနေပြီလား ကိုအောင်ကိုကို)))
ခင်ဗျား ပျော်ရွှင်စွာ ခုန်ချ ပျောက်ဆုံးသွားတဲ့ မဟာရေတံခွန်ဟာ
ဒီနှစ်တော့--
ရွာအပြင်က ဘိုးဘိုးအောင်ရုပ်ထုအိုအစုတ်ကြီးလိုပဲ
အေးခဲတောင့်ခိုင် အစိမ်းသေ မတ်တပ်ရပ် သေသွားတယ်
ကျနော်လား...
အခု ရွှေတိဂုံကုန်းပေါ်က ကောင်းပြီး တွေးလွမ်းနေတာဗျ
(သိပါ့...မထိုက်တန်ဘူးဆိုတာ သိပ်သိတာပေါ့)
စမ်းချောင်းကအိမ်ကို ကျနော် သွားတတ်တာပေါ့
ယုံကြည်ချက်သေတွေကို ငုံထားရတဲ့ ဟောဒီပါးစပ်က
ခင်ဗျားအမေကို ဘယ်လိုစကားလုံးတွေ အန်ချ ပြရမှာလဲ
ရန်ကုန်မြေထဲကို တစ်လှမ်းချင်း ကျနော် စ ခြေချ နင်းတော့
ခင်ဗျားတို့ရဲ့ အသဲနှလုံးတွေကို တစ်လုံးပြီးတစ်လုံး ဆက်တိုက်နင်းခွဲခဲ့ရတာ
ရာဇဝင် အနာဆုံးပဲဗျာ
ခင်ဗျားမှာ ကျည်အပို ရှိသေးရင် ကျနော့်ရင်ကို အတွဲလိုက် ကုတ်လိုက်စမ်းပါ
ဒီအရပ်မှာ ခွပ်ဒေါင်းအလံဟာ မြင့် မြင့် မှ မပျံသန်းတတ်တော့တာ
ခင်ဗျားဘော်ဒါတွေလည်း (သွေးမုန်တိုင်း)ကို တီးတာ မကြားမိတော့သလိုပဲ
ဒီလိုပါပဲ--- ဖဲဝိုင်းဟာ ထုံအီမိုးသောက်
ဖဲခိုးဒိုင်က လွှတ်တော်ထဲကနေ Time Out ခေါ်သွားတယ်
ဟား ဟား ဟား....
သတ်ကွင်းမြေထဲ ဖြတ်ဆင်းသေသွားသူတွေကို ခင်ဗျား သိပ် သိချင်နေတယ်လား
(၁) ဒေါ်----
(၂) ဦး----
(၃) ကို----
(၄) မ----
(၅) ရဲဘော်----
(၆) ရဲမေ----
.............................. .......................
စာရင်းက အရှည်ကြိး...အများကြီးပေါ့ဗျာ..
အောက်ဆုံးနားမှာ ကျနော့်ကဗျာအမည်လည်းပါတယ်
ကိုယ့်လျှာကိုယ်ဖြတ်ပြီး ပြောရဆိုရတာ သွေးပန်းထွက်တယ်ဗျာ...
ဒီအရပ်မှာ ခွပ်ဒေါင်းအလံဟာ မြင့် မြင့် မပျံသန်းတတ်တော့ဘူး ဆိုတာ
ခင်ဗျားဟာ မယုံကြည်နိုင်ဘူး ဖြစ်နေတယ် မဟုတ်လား...
ကဲဗျာ... လွှတ်တော်ထဲမှာ ဖာခန်းဖွင့်ထားတယ် ဆိုတာရော ယုံနိုင်မလား
ဟား-ဟား-ဟား....အဲဒါ ကျနော် သက်သက် ကြပ်ပြောတာဗျ....
ဖာခန်းဟာ ဖာမသူနဲ့ဖာချသူပဲ ပတ်သက်တာဆိုတော့ ကျနော် မသိဘူး...
ကဲဗျာ.. ရွှေတိဂုံဘုရားပေါ် လဒ နားတယ် ဆိုတာရော ယုံကြည်နိုင်မလား
ဟုတ်တယ်...အဲဒါ...အမှန်ပဲ
ရွှေတိဂုံဘုရားထီး ငှက်နားတော်ပေါ် လဒ နားသွားတာ ကျနော့်မျက်မြင်ပဲ
ဟုတ်တယ်...လဒဟာ တိုင်းပြည်အနာဂတ်မှာ နားနေတုန်းပဲ
လဒဟာ မြန်မာပြည်အနာဂတ်မှာ နားနေတုန်းပဲ
ခင်ဗျားကို ကျနော်တို့ ဘယ်တော့မှ အမျှဝေရမှာလဲ
Great Fall ကြီးရေခဲနေတုန်း ခင်ဗျား ပြန် ကုတ်တက်လာခဲ့ပါလား
ပြီးရင် ခင်ဗျား ဆဲချင်တာတွေ ကိုမိုးသီးဆီ Email ပို့ပြီး ပြန်ခုန်ချသွားလိုက်ဦး
အဲဒါသာ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ အထိုက်တန်ဆုံးပဲ
ကျနော်လည်း ကျကွဲဖို့ လေ့လာနေတယ် ရဲဘော်....။ ။
သုအိုင်စံ
၁၁-၀၁-၂၀၁၄
(((ချော့တေး)))
ချစ်သူရေ...
ငါ့ ရင်ခွင်ထဲက ပဲခူးရိုးမကြီးထဲမှာ
နင် ဦးဆောင်ထားတဲ့ ကွန်မြူ နစ်တွေ
ခြေကုတ်ယူ တပ်စွဲထားကြပြီ။
ဗဟိုအစိုးရလို
တပ်မတွေကို တသုတ်ပြီးတသုတ်ပို့
နင် ယုံကြည်လို့လျှောက်တဲ့ လက်ဝဲလမ်းစဉ်ကို
တပင် တငုတ် မကျန်အောင်
ငါ အမြစ်ပြုတ် မတိုက်ထုတ်လိုဘူး။
နင့် ရင်ခွင်ထဲ
ခဲယမ်းလက်နက်အစုံ၊ အသံလွှင့်ရုံတရုံနဲ့
တရုတ်တွေ အပြုံလိုက် ပြို ကျလာမှာကို
ငါ မလိုလားဘူး။
ငါတို့ရဲ့ ချစ်ခြင်းမှာ မတည်ငြိမ် ဆူပွက်လာတိုင်း
ငါကပဲ ရိုင်းစိုင်းစွာ စစ်အာဏာသိမ်းမှာ မဟုတ်သလို
နင့်ကိုလည်း
ဗဟိုအစိုးရ ဘာတွေကိုပဲ ကောင်းတာ လုပ်လုပ်
အမြဲ ကန့်ကွက်စာချည်းပဲထုတ် မရှုံ့ချစေလိုပါ
ငါတို့ဟာ အတူတကွ
လွပ်လပ်ရေးတခုကို တိုက်ယူခဲ့ဖူးကြတာကို မမေ့နဲ့
တော်လှန်ရေးတခုထဲ တိုက်ရဲခဲ့ဖူးကြတာကို မမေ့နဲ
မြန်မာပြည်ဆိုတာ
ရဲဘော် ၃ ကျိပ်တွေ့ရှိခဲ့တဲ့ မြောက်အမေရိကပါ
ဒီရေလမ်းမှာ နင်နဲ့ငါ အားစွမ်းညီညာ ရွက်တိုက်ခဲ့တာလေ။
နင့်ဘက်က လွန်ဆွဲချက်နဲ့
ငါ့ဘက်က လွန်ဆွဲချက် ကြားမှာ
စာကျက်ပျက်နေကြတဲ့ သားသမီးတွေက
မနက်ဖန်ကို အောင်မှတ် ရပါ့မလား။
နင်နဲ့ ငါနဲ့ သမီးနဲ့ သားနဲ့
လက်ချင်းဆုံလျှက်
အတူ လက်တွဲစားမှ အရသာကောင်းလေမဲ့ ထမင်းစားပွဲမှာ
ဆက်ငြင်းခုန်မဲ့
မတူတဲ့ ကွဲပြားချက် ပြသနာဟောင်းတွေကို မစဉ်းစားပဲ
ဝမ်းမနည်းကြေး ရဲရဲသာ ဘေးဖယ်ထားပါ
ခလေးငယ်များမှာ ရွေးချယ်သွားစရာ
စိတ်ချင်းတွဲဖက်ညီတဲ့ မိဘမျိုးရဲ့ မေတ္တာတရားပဲ ဖြစ်အပ်ပါတယ်
စိတ်ရင်းကွဲတဲ့ ပြည်ဖျက်ပဋိပက္ခဆိုးရဲ့ အပြစ်အနာများ မဟုတ်ဘူး
ဘဝကို လက်ခုပ်သံဂီတနဲ့ ကခုန်ပျော်မြူးဖို့ရာ
လက်နှစ်ဖက်ကို ရိုက်ပုတ်ပူးကပ် သံစဉ်များ ထွက်ရသတဲ့
အာဃာတဖက် အမှားနစ်နေတဲ့ မာန်မာနမိုက်ဟာ
အနာဂတ်အတွက် မထားသင့်လေတဲ့ သယံဇာတသိုက်ပဲ
မိုက်ရဲစွာ ရိုက်ခွဲကာ ရောင်းထုတ်ပစ်ကြရမယ်။
ချစ်သူရေ...မသေမချင်း မှတ်ထား
"ချစ်ခြင်း" တဲ့
အာဏာသိမ်းလို့ကောင်းတဲ့အရာ မဟုတ်သလို
ခွဲထွက်ခွင့်ဆိုတာလည်း မတောင်းဆိုအပ်ဘူး
(အနည်းဆုံးတော့) ၂ ဦး ညီဖို့ လိုတယ်
နင်ရယ်(ဗကပ ရယ်) ငါရယ်(မဆလ ရယ်)
ဘယ်လဲ ဘာလဲ
ဒီ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲလေးလည်း မပျက်စေချင်။ ။
သုအိုင်စံ
၁၉၉၆
((( ကမ္ဘာဖျားမှု၊ အစာရှားမှု၊ ရာဘာပြားဥပဒေ နှင့် ရှုံးဆုံးသွားသော လူ့အခွင့်အရေး )))
"လူက လူကို ပြန်စားကြစို့"ဆိုတဲ့ အယူအဆ တင်လာတဲ့ကောင်တွေကို
အစိုးရတိုင်းက ဖမ်းဆီးထောင်ချ ဆေးထိုးသတ်လိုက်ကြပြီ။
ကမ္ဘာတွင်
နေ့စဉ် လစဉ် နှစ်စဉ် ရေရှား နေပြင်း
သီးနှံစိုက်ခင်းများ ပိန်လှီ ခြောက်သွေ့
လိုအပ် ရိက္ခာကို ဆက် မဖြည့်နိုင်တော့ပြီ။
လူတောင် နပ်မမှန်ချင်တော့တာ
မွေးထားတဲ့ တိရိစ္ဆာန်ကို ပစ်ထားရပြီပေါ့ဗျာ
ကြက် ဝက်များ ခြောက်ကပ် ပိန်ချုံး
ကျွဲ နွားကောင်လုံးကြီးတွေ လဲပြို သေဆုံး
ဒါဟာ လူတို့စားလိုက်ရတဲ့ နောက်ဆုံးအသားတုံးပဲ။
အလုပ်အကိုင်တွေ ရှာပါးကာ
၁၀၉/၁၁၀တွေ များပြားလာတဲ့ လူဖိုလူမတွေဟာ
(ဘာအလုပ်မှမရှိလို့)
လျှံတက်လာတဲ့ ရမ္မက်ကိလေသာကို ခဏခဏ ဖြေရှင်း
ထမင်းစားမဲ့ ပါးစပ်ပေါက်တွေကိုပဲ ထပ် ထပ်ပြီး ဖန်ဆင်းတယ်။
"လူ၂ယောက်က လူ၂ယောက်ပဲမွေးရမယ်"ဆိုတဲ့ ဥပဒေထုတ်ထားတာတောင်မှ
မွေးတဲ့ ၂ယောက်က မြန်ဆန်ပြီး
သေမဲ့ ၂ယောက်က နှေးကွေးနေတာ
ဒါဟာလည်း ရိက္ခာ မလောက်တော့မဲ့ ပြဿနာများထဲက တခုပေါ့
ချက်ချင်းကုရတော့မဲ့ ရောဂါတွေနဲ့ချည်း လူတွေ လေကုန်ကြပြီ။
အပြည်ပြည်ဆိုင်ရာ ပညာရှင်တွေ ထိပ်တိုက် ဆွေးနွေး အဖြေရှာ
"သားကြော ခဏဖြတ်ရမယ်" ဆိုတဲ့ သိပ်မဆိုးလှတဲ့ အယူအဆ တင်ပြတာကို
သုတ်သန်လွန်းတဲ့ လူ့ဘာသာတရားတစ်ခုက အပြင်းအထန် ငြင်းပယ်ချ
နောက်ထပ် ဖြစ်နိုင်ချေ အမျိုးမျိုးကို ထပ်စဉ်းစားကြတယ်
"လူအိုတွေကို သတ်သင့်တယ်" အယူအဆကြောင့် ကွန်မြူနစ်တွေ ကျဆုံးတာကို အမှတ်ရ
အဲဒါမျိုးကို ဒီခေတ်မှာ ဘယ်သူမှ မဟကြတော့ဘူး
"မမွေးသေးတဲ့ ခလေးတွေကို ရပ်သင့်တယ်" အယူအဆကိုလည်း လူ့အခွင့်အရေးက လက်မခံ
ကမ္ဘာကလည်း ပြန်လည်နေကောင်းလာမှာ မဟုတ်တော့
လူသားဘက်က လျှော့လို့ရတာတွေကို လျှော့ကြရင် အချိန်မလွန်လောက်သေးပါဘူး တဲ့
"မပေါက်ပြဲတတ်တဲ့ ကွန်ဒွန်ထူတွေကို သုံးကြမယ်" ဆိုတဲ့ အယူအဆကို ဥပဒေပြုလိုက်ကြ
သူ့ရိုက်ခတ်မှုဒဏ်က လူ့ရမ္မက်ဆန္ဒတွေတောင် ပြုဆက်ဆံရမှာ ကြောက်လာကြပြီ။
ချစ်သူရေ
မင်းနွံအိုင်နဲ့ ငါ့ပြွန်တိုင်ကြား
ကွန်ဒွန်ရာဘာထူပြားကြီးခြားသွား ခဲ့ပြီ
ဒီအဖြစ်ဟာ လူသားရဲ့အကြီးမားဆုံး နစ်နာချက်ပဲ
ဒီဥပဒေကရော ဘယ်အထိတဲ့လဲ
၁နှစ်လား ၁၀နှစ်လား တစ်သက်လား
ကြားရုံနဲ့ ဖျားကုန်တဲ့ ရမ္မက်တွေက ဘာကို စိတ်နာရမလဲ
အစာရိက္ခာ မပြတ်ရေးကိုပဲ အကောင်းမြင် ကျေးဇူးတင်ရ
ငါ့တုတ်က ရုတ်တရက် လန်းထူမတ် အားစိုက် တောင့် မာ လာစဉ်
ကွန်ဒွန်ထုပ်ကို လှမ်းယူရ တအားကိုက်ဖောက်နေရခြင်းဟာ မမိုက်ဘူး
ဂွင်းတိုက်ထုတ်လိုက်တာကမှ အလုပ်ရှုပ် သက်သာမှုရှိသေးရဲ့
ရုတ်တရက်မှာပဲ အသိက ဝင်လာ ချစ်သူကို ငါ စော်ကားမိပြီပဲ
ရင်ခွင်ထဲ ဆွဲထဲ့ ချော့သိပ်စကား ဆိုလိုက်မိရဲ့
"ငါတို့ရဲ့ရမ္မက်တွေကို ထောင်ချထားတာဟာ ငါတို့ရဲ့ အစာအိမ်လွတ်မြောက်ဖို့ပါ"
"အစာရှားကာ အပြင်းပူတဲ့ ဒီကမ္ဘာမှာ ငါ့အနားမှာ မင်း လူဖြစ်ချင်သေးတယ် မဟုတ်လား"
"အဲဒါကို ဆုတ်ကိုင်ရုံလေးပဲ ဆုတ်ကိုင်ထားလိုက်ပါ ချစ်သူ"။
လူက လူကို ပြန်စားကြရမှာ ထက်တော့ ငါတို့ အများကြီး သက်သာသေးတာပေါ့ကွာ။ ။
သုအိုင်စံ
၁၀-၀၅-၂၀၁၃
(((အတွေးအခေါ်)))
သူငယ်ချင်း ၂ ယောက်
အရက်မူးပြီး အိပ်ပျော်သွားခဲ့ကြတယ်။
နိုးလာတဲ့အခါ
ဦးနှောက်တခုက
အရက်နာကျပြီး မူးခဲ့တဲ့ အကြောင်းတွေ ပြန်စဉ်းစားတယ်။
နိုးလာတဲ့အခါ
နောက် ဦးနှောက်တခုက
နောက်တနာရီမှာ ကျောင်းအမှီသွားဖို့ စစဉ်းစားတယ်။
အဲဒီမှာ ကမ္ဘာ ၂ခု ကွဲသွားတော့တာပဲ။
ပထမ ကမ္ဘာမှာ
စစ် ပဋိပက္ခနဲ့ လူအိုတွေ
လျှပ်စစ်မီးမဲ့ မှောင်မိုက်ထဲ စမ်းတဝါးဝါး ရမ်းသွားလို့။
ဒုတိယ ကမ္ဘာမှာ
ငြိမ်းချမ်းရေး ညီညွတ်ရေးနဲ့ ခလေးတွေ
တက်နေခြည်ဝင်းထဲ လွပ်လပ် ပျော်ပါး ပြေးလွှားလို့။
ဦးနှောက်ဆိုတာ
အတွေးအခေါ်နဲ့ ထွန်းရတဲ့ ဖယောင်းတိုင်ပဲ။ ။
သုအိုင်စံ
၁၄-၀၉-၂၀၁၃
ဒါက
၂၀၀၇တုန်းက ဘိုလိုရေးထားတဲ့ကဗျာကို အခုမှ ပျင်းလို့ မြန်မာလို
ပြန်ရေးကြည့်တာပါ...တိကျတဲ့ဘာသာပြန်တော့ မဟုတ်ဘူး..အဆင်ပြေသလိုပဲ
ဖလှယ်ဖြည့်စွက်ထားတာ... ကျနော်က ကဗျာကို ဘာသာပြန်ရတာကို
မုန်းပါတယ်...တရားဝင်တော့ မလုပ်ဘူးလေ...၂၀၀၇ တုန်းက အင်္ဂလိပ်စာက
သေးသေးကွေးကွေးလေးပါလား...ကဗျာေ တွကို အတွေးဦးစားပေးနဲ့ ကျနော်ရေးခဲ့ပါလိမ့်မယ်...အခု ဒီကဗျာ ကြည့်ပါလား ရိုးရိုးလေးကို ဘယ်လောက်ထိ တွေးယူဆွဲထားသလဲ ဆိုတာ...။
((( ကိုယ်ပိုင်အကြွေး )))
ရန်သူအတွက် လူသတ်ဗုံး နဲ့
မိတ်ဆွေအတွက် ပေါင်မုန့်တုံး၊
ဒီ လမ်းစဉ် ၂ ခုစလုံးကို
ငါက တီထွင်ပြီး ချသုံးတယ်
စီမံချက် ၂ရပ် စလုံးကိုတော့
ငါ့ ရေတပ်နဲ့ ကြည်းတပ်တို့က
ထောက်ပို့ကြတာပေါ့
ငါ ကြဲချလိုက်တဲ့ လူသတ်ဗုံးက
မိတ်ဆွေရဲ့ အိမ်ခေါင်မိုးပေါ်ကျပြီး
ငါ ကြဲချလိုက်တဲ့ ပေါင်မုန့်တုံးက
ရန်သူရဲ့ ပါးစပ်ပေါက်ထဲ ကျသွားတယ်
ဘာကမှားပြီး ဘယ်လိုရှင်းရမလဲ ဆိုတာ
ငါ သိပ် သိတာပေါ့
ငါ့ အမှားကို ပြင်ဆင်ခွင့်ပေးပါ
ကမ္ဘာကြီးကို ငါ သိပ်ချစ်လို့ပါကွာ
ကမ္ဘာကြီးက
ငါ့ကို နေဖို့နိုင်ငံ ပေးထားတယ်လေ
ငါ့ အမှားကို မေ့လျှော့ခွင့်ပေးပါ
စစ်ပွဲကြီးကို ငါ သိပ်ချစ်လို့ပါကွာ
စစ်ပွဲကြီးက
ငါ့ကို ရှင်ဖို့ပိုက်ဆံ ပေးထားတယ်လေ
ရန်သူက မိတ်ဆွေ ဖြစ်လာပြီး
မိတ်ဆွေက ရန်သူ ဖြစ်လာတဲ့အခါ
ဘယ်လိုပြင်ရမလဲ ငါသိတာပေါ့
ဒါပေမဲ့ ဒီကနေ့ခေတ်ဟာ
လူတွေက ဗုံးတွေ ဖြစ်လာပြီး
ဗုံးတွေက လူတွေ ဖြစ် မလာတဲ့ ခေတ်ပါ
အဲဒါကို ဘယ်လို အသစ်ပြင်ဆင်ကြမလဲ
ငါ့ ဦးနှောက်က အဆုံးမမြင်အောင်ပဲ
နည်း နည်းလှတယ်
ငါ့ ဥာဏ်ပညာက အသုံးမဝင်အောင်ပဲ
မွဲ မွဲလှတယ်
ငါရယ်၊ ငါ့ မိတ်ဆွေတွေနဲ့ ငါ့ ရန်သူများ
အားလုံးဟာ ပေါင်မုန့် စားကြတဲ့ လူတွေပါ
ငါတို့ဟာ ဗုံးတွေကိုလည်း တီထွင်ခဲ့တယ်
ငါတို့ဟာ လူတွေကိုလည်း တီထွင်ခဲ့တယ်
ငါတို့ဟာ ပေါင်မုန့်ကိုလည်း တီထွင်ခဲ့တယ်
ဒါပေမဲ့ အကန့်သတ်မဲ့စွာ မှားယွင်းလာခဲ့ကြ
ဥပမာ ဗုံးတွေက အရမ်းကို များ များသွားတာမျိုးဗျာ
ပေါင်မုန့်က အရမ်းကို ရှား ရှားသွားတာမျိုးတွေကွာ
ငါတို့ဟာ မှားယွင်းစွာနဲ့ အကန့်အသတ်မဲ့ကာ
လူကြီးလူကောင်းမင်း
မနုသဘောင်တွင်းက လူ့ဇတ်ဆောင်ရင်းတို့ရေ...
ကိုယ့်အကြွေးတွေ ကိုယ် ပြန်ဆပ်ကြရအောင်လား
ကျနော်တို့ဟာ တအားကို ဗိုက်ဆာလာတဲ့အခါ
ဗုံးတွေကို မစားကြပဲနဲ့
ပေါင်မုန့်ကိုပဲ စားခဲ့ကြတယ် မဟုတ်လား
ထုတ်ထားတဲ့ ဗုံးတွေကို ပြန်လည်ရုပ်သိမ်းပြီး
မထုတ်ရသေးတဲ့ ပေါင်မုန့်တွေကို ဆက်ထုတ်သွားကြဖို့
ကိုယ်ပိုင်အကြွေးတို့အား ကိုယ်တိုင်ပေးစို့လား
စားပြီးတဲ့ အစာအိမ်က အရင်လိုပဲ ပြန် ထပ်ဆာလာ
အကြွေးတွေသာ အမြန် ဆပ်ကြဗျာ။ ။
ဧကရာဇ်ရန်နိုင်
၂၀၀၇
SELF-DEBT
-----------------
I' ve got "Bomb For Foe and Bread For Friend" policy
Both things are occupied by my air-force and navy
Bread fallen into foe's mouth
Bomb fallen over friend's house
I know what's wrong and how to sort it out
Let me correct my mistake 'cause I love this world
This world supplies me a country to live
Let me forget my mistake 'cause I love this war
This war supplies me the money to exist
When A friend has become foe
And foe has become friend
I know how to fix the things
But these days, human has become bomb
And bomb never become human being
I've got no idea how to adjust the things
I, my friend and my enemy are all human that eats bread
We' ve invented bomb, human and bread but wrongly unlimited
Gentleman, lets pay back our debts
When human gets hungry,
They don't eat bombs but breads!
A'karikz Yannaing
2007
((( ခေတ်သစ်မာနယ်ပလော )))
တချို့က
ပြည်တွင်းကို ဝင်ပြေးသွားကြတယ်
တချို့က
ပြည်ပကို ထွက်ပြေးသွားကြတယ်
သူတို့ ရှိခဲ့ သွားလာခဲ့ နေထိုင်ခဲ့ဖူးတဲ့ ဒီနေရာမှာ
ကျည်ခွံရယ် လူရိုးရယ်
နေရာမသိနင်းမိုင်းရယ် သချိုင်းမြေပုံရယ်
ပစ်ကျင်းရယ် ဆက်သွယ်ရေးမြောင်းရယ်
စခန်းကုန်းရယ် ခြံစည်းရိုးရယ်
ညှောင်ကျင်းရယ် တောင်ယာသေရယ်
ရွာသားခြေပြတ်ရယ် တောင်ကြားမြစ်ရယ်
တောင်ကုန်းအနွမ်းရယ် ပဒပ်စာပန်းရယ်
ဒီနေရာဟာ
သူတို့ မလာခင်တုန်းကလိုပဲ
သူတို့ ပြန်ထွက်သွားပြီးနောက်
ပြန်သေနေတော့တယ်
ပြန်ခွေနေတော့တယ်
ဒီနေရာဟာ
တော်လှန်ရေးနယ်မြေ
ပြည်တွင်းစစ်ပျိုးခင်း
ငှက်ဖျားပိုးဌာနချုပ်
ဒီနေရာဟာ
ကျဆုံးကျန်ခဲ့သူတို့ရဲ့ မိုးချုပ်ရပ်ရွာ
ဆက်ရှင်သန်သူတို့ရဲ့ချန်ရစ်လမ်း ခွဲ
သောင်ရင်းမြစ်ထဲမှာလည်း ဝိညာဉ်အသေတွေနဲ့
သံလွင်မြစ်ထဲမှာလည်း ဝိညာဉ်အသေတွေနဲ့
ဒီနေရာဟာ
နောင်အနာဂတ်မှာ တောခိုလာမဲ့
လွတ်မြောက်ရေး မုဆိုးတွေအတွက်
သစ်ငုတ်တိုတွေနဲ့ ထိုင်စောင့်နေရှာတဲ့
ဖုန်းဆိုးမြေတစပြင်နယ်မြေပျက်ရိုင်း
ထားခဲ့ခံရတဲ့အတိုင်းပဲ
ခြေပြတ်ကြီးနဲ့ တောင်ယာခုတ်စားနေခဲ့တယ်
ပဋိပက္ခရန်ကျွေးရဲ့ ငှက်ဖျားတွေ တက်လာရင်
ရှိသမျှ ကျန်သေးတဲ့ အသက်များ ကြွေပဲ့ပါသွားမလား
ဆေးဝါးမဲ့မဲ့ ဘဝတွင်သာ
ဝေးသွားခဲ့တဲ့ တစပြင်ဟာ
အခုတော့ ရင်နာနေတဲ့ မာနယ်ပလောပဲ
သူ့ လက်ခုပ်ထဲမှာ သူ ကွက်မျက်ခဲ့ဖူးတဲ့
တော်လှန်ရေးသမား အပြစ်မဲ့ဝိညာဉ်တွေရဲ့ သွေးဟောက်သံတွေ
ကျောက်တောင်နံရံက ပြန် ပြန် လာ ရိုက် တုန်ခါနေရဲ့
ဓါးကို သွား မျိုတော့မဲ့ သံစဉ်တေးကွက်ဆန်းဆန်းတွေနဲ့
မိတ်ဖက်သွေးကြွေး ရာဇဝင်ရှင်းတမ်း ဆန်တဲ့
ခုံရုံးတက်ရမဲ့ အတွင်းစည်း ရာဇဝတ်မှုတွေအတွက်
တရားလိုတွေ ထွက်ခဲ့ပါ။ ။
သုအိုင်စံ
၁၀-၀၇-၂၀၁၅
((( လမ်းဖွင့်ပွဲ )))
ဒါ-- အနှစ် ၆၀ တောင်ယာပါ ဆရာ
အခု လမ်းနဲ့ မလွတ်ဘူး
ဖျက်ကွာ---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
ဒါ-- ပြည်တွင်းစစ်ထဲက သူပုန်စစ်သချိုင်းပါ
ဆရာ
အခု လမ်းနဲ့ မလွတ်ဘူး
ဖျက်ကွာ---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
ဒါ--- စီမံကိန်း ကြိုးဝိုင်းစိုက်ခင်းပါ ဆရာ
အခု လမ်းနဲ့ မလွတ်ဘူး
ဖျက်ကွာ---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
မြဝတီ--ကော့ကရိတ်--အာရှလမ်းမ
ကျနော်တို့ အခု ဖောက်နေကြတယ်
ဒီချောင်းကို အုတ်ခံသံတံတား ထိုးလိုက်မယ် ဆရာ
လုပ်ကွာ---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
လမ်းဖောက်နေတဲ့ဆီ
သူပုန်စစ်သား တစ်ယောက်မှ လာမကူရင်နေပါ
လမ်းဖောက်နေတဲ့ဆီ
အစိုးရစစ်သား တစ်ယောက်မှ လာမကူရင်နေပါ
လမ်းဖောက်နေတုန်းမှာ
တိုက်ပွဲတစ်ပွဲ လာမဖြစ်ရင် တော်ပြီ
ဒီ လမ်းဖောက်နေတဲ့ဆီ
ရွာသားရပ်သား အားလုံး လာကူညီဖြစ်တယ်
မိုက်တယ်---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
လမ်းဖောက်နေတုန်းမှာ
လမ်းပေါ်မှာ ဘတ်ဂိတ်တွေ ဘာစစ်သားတွေမှ မရှိဘူး
လမ်းဖောက်ပြီးသွားတော့ လမ်းပေါ်ကို
သူပုန်ရဲ့အကောက်ဂိတ်တွေ ရောက်လာတယ်
သူပုန်ရဲ့အကောက်စစ်သားတွေ ရောက်လာတယ်
အစိုးရရဲ့အကောက်ဂိတ်တွေ ရောက်လာတယ်
အစိုးရရဲ့အကောက်စစ်သားတွေ ရောက်လာတယ်
ကြည့်လုပ်ကြ---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
ငွေကြေးဟာ
သေဆေးတွေဖော်လာပြီး
လမ်းပေါ်က လူနာလောဘမီးကို တိုက်ကျွေးလိုက်ပြီ
ညတုန်းက စားခွက်လုတိုက်ပွဲမှာ
ချောင်းကူးသံတံတားကို
စစ်သားတွေ မိုင်းခွဲပြီးချိုးလိုက်ကြပြီ ဆရာ
မိုက်ရိုင်းပါ့---ဒီလမ်းဟာ နိုင်ငံတော် အနာဂတ်အတွက်ပဲ
ငါတို့ရဲ့ အာရှလမ်းမဖွင့်ပွဲမှာကား
ငါတို့ရဲ့ မသာက ပန်းထပွင့်ဆဲပါလား
ကရင်ပြည်သူတွေ လိုလိုတတ လိုလားနေတဲ့ ငြိမ်းချမ်းရေး
ဝေး ဝေး သို့ အကြောက်တလန့် ထွက်ပြေးနေတုန်း
ဝုန်းကနဲ နင်းမိုင်းကို ပြည်သူစီးလာတဲ့ ကားတစ်စီး တက်ကြိတ်ခွဲတယ်
လမ်းဖွင့်ပွဲက သွေးသံရဲရဲ နိုင်ငံတော် အနာဂတ်သေဟာ
သေနတ်သံတွေက ဖားစည်သံကို ဖုံးသွားတာ ဝေလို့
သေနတ်သံတွေက ကျွဲချိုသံကို လွှမ်းသွားတာ ညံလို့
ရန်တို့ရဲ့သုသာန်မြေက ကရင်ပြည်သူရဲ့အသုဘ
လမ်းဖွင့်ပွဲလာကြတဲ့ ဘယ်သူမှ လာမကူကြဘူး။ ။
သုအိုင်စံ
၀၉-၀၇-၂၀၁၅
((( ပုံဝက်ပန်းချီ )))
ချခင်းထားတဲ့ မြေလမ်းတံတားက
ဟိုဘက်ကမ်းကို ရောက်ပေမဲ့
ဖြတ်နင်းသွားတဲ့ ခြေလှမ်းများက
ဟိုဘက်ကမ်းကို မရောက်ခဲ့လေဘူး
ခရီးရှည်ရဲ့ခေတ်ကြမ်း လမ်းတလျှောက်မှာ
လေမုန်တိုင်းမှောက်သွားခဲ့တာလား
စီးနေတဲ့ရေ မြစ်လမ်း ခမ်းခြောက်ကာ
ရေစုန်လှိုင်းပျောက်သွားခဲ့တာလား
တံတား အလယ်ထက် ထိုင်လျှက်
ရည်မျှော် ကြံ တွေးနေတဲ့ အကြောင်းအရာ ရှုပ်ပွများစွာ
ဈာပနပန်းလို ရက်များနဲ့ ဆက်လျှောက်ရန် ဗျူဟာထဲ
အသစ်ထွက်တဲ့ သင်္ချာရပ်လို ခေါင်းတအားစား
ခင်ဗျားမကယ်ခဲ့ နိုင်တဲ့
ဒီတော်လှန်ရေးအသေရဲ့ အလောင်းဟာ ပုတ်ပွသွားကာ
အနာဂတ်လမ်းကို ဖျက်သွားခဲ့ ဖောက်ပြန်သူဟာလည်း
အကျင့်ပျက်တဲ့ ပညာတတ်လို ကောင်းစားသွား
ဒီ-- မြစ်ရေခရီးအတွင်းထဲမှာ
ဒီ-- ခေတ်တွေစီးဆင်းဆဲပါ
ဒါ-ကျုပ်တို့ ခင်ဗျားတို့ လှမ်းလျှောက်ခဲ့သမျှဟာလည်း
ဘာမဟုတ်လို့-ဘာမှားလို့ ပန်းမရောက်ခဲ့ရတာလဲ
ဂျိုင်းထောက်တစ်ဖက်သုံး၍
မျက်စေ့တစ်လုံး ပျက်စီးလျှက်
တော်လှန်ရေးကြီး ဆက် လျှောက်နေတယ်
ဘယ်ဘက်ကိုမှ မရောက်၊
ဘယ်ဘက်ကမှ မကြို၊
တံတားဘောင်ပေါ်ကို နင်းကာရပ်မှီဆဲ
ခင်ဗျားတောင် အတော်အိုမင်းလာရပြီပဲ
ဒီသမိုင်းတံတား တဝက်အား
ဒီအတိုင်း ထားခဲ့မလား မောင်မြန်မာမျိုးဆက်ရေ...
တံတား တဝက်ရောက်နေပြီ
အများ ဆက်ဆောက်မှ ဟိုဘက်ကမ်းဆီ ရောက်မည်
အများ ဆက်လျှောက်မှ လိုတဲ့လမ်းဆီ ပေါက်မည်
ဒီမိုကရေစီ
စနစ်သစ်ရဲ့ပုံဝက်ပန်းချီ၊ ခေတ်သစ်နဲ့ လက်ရှိ မြန်မာပြည်
လူအားရောဆေးသားပါညီဖို့ လိုနေတယ် ကျုပ်တို့ ခင်ဗျားတို့။ ။
သုအိုင်စံ
၁၂-၀၅-၂၀၁၄
((( လူကို လူရာ မသွင်းခြင်းမှသည် ဂျစ်ပစီတော်လှန်ရေး )))
ဒီပြဿနာကို ဖြေရှင်းဖို့----------
တိုင်းပြည်ရဲ့ စည်းရိုးတွေကို ဖြိုဖျက်မယ်ဆိုတော့
သက်ဆိုင်ရာ နိုင်ငံတိုင်းက ကန့်ကွက်တယ်
အဆင်မပြေဘူး။
ဘာသာတရားအားလုံးကို ဖျက်ဆီးမယ်ဆိုတော့လည်း
သက်ဆိုင်ရာ ဘာသာရေးထိပ်သီးတွေက တားမြစ်တယ်
အဆင်မပြေဘူး။
လူဖြူ လူမဲ လူညို လူနက် အားလုံးကို ရောမွှေပစ်မယ်ဆိုတော့လည်း
သက်ဆိုင်ရာ လူမျိုးနွယ်စု အသီးသီးက ငြင်းပယ်တယ်
အဆင်မပြေဘူး။
မွေးလာတဲ့ လူသားတစ်ယောက်ဟာ
ကိုယ့်လူမျိုးနွယ်စုနဲ့ ကိုယ့်တိုင်းပြည် ရှိတဲ့အခါ
လူဖြစ်ရတာ တန်တယ် အိနြေ္ဒရတယ်။
မွေးလာတဲ့ လူသားတစ်ယောက်ဟာ
ကိုယ့်လူမျိုးနွယ်စု ရှိပြီး ကိုယ့်တိုင်းပြည် မရှိတဲ့အခါ
ဘာတွေ ဖြစ်လာနိုင်မလဲ
ကမ္ဘာထဲမှာ ဂျစ်ပစီတွေ တည်ရှိနေထိုင်နေတယ်။
ဂျစ်ပစီဟာ သေရင် သချိုင်းမရှိလို့
တွေ့လေရာမှာ အသုဘချတယ်
ဂျစ်ပစီဟာ ခေါင်းအုံးမရှိလို့
ကိုယ့်ဦးခေါင်းကိုယ် ခေါင်းအုံးလုပ်တယ်
ဂျစ်ပစီဟာ အိပ်ယာမရှိလို့
ကိုယ့်ကျောပြင်ကိုယ် အိပ်ယာလုပ်တယ်
ဂျစ်ပစီဟာ နေရာစရာမရှိလို့
နေရာတိုင်းကို သူ့နေရာ လုပ်ပစ်တယ်
ဂျစ်ပစီဟာ တွေ့သူတိုင်းကို မိတ်ဖွဲ့တယ်
မိတ်ဘက် ဖြစ်မလာရင်တော့ ရန်ဘက်ပဲ။
ကုလသမ္မဂဟာ
ဂျစ်ပစီအတွက် တစ်နေရာ အလှူခံတယ်
"မကောင်း ကျောင်းပို့" စကားပုံ ရှိတယ် မဟုတ်လား
အားလုံးသော နိုင်ငံတိုင်းက
ကန္တာရတွေ ရေခဲတောင်တွေ ပင်လယ်ကွေ့တွေချည်းပဲ ဖဲ့လှူကြတယ်
အဲဒီ ပထဝီဇုံတွေက လူနေနိုင်ငံ တည်လို့ရလို့လား
ဂျစ်ပစီရောဂါ အဖျားတက်ပုံက နာတာရှည်တယ်။
ဂျစ်ပစီကပြောတယ်
ကျုပ်ဟာ လူပါ၊ တိုင်းပြည်မရှိရုံနဲ့
လူနဲ့သူနဲ့တူအောင် မနေရတော့ဘူးလား
ခင်ဗျားတို့ သတ်မှတ်တဲ့ လူ့အခွင့်အရေးဆိုတာ
ဦးရာလူ လုရေးထားတဲ့ သူကောင်းစားရေး စာတမ်းပါ
ပြစမ်းပါ
ဂျစ်ပစီလူစားကို ကာကွယ်ပေးထားတဲ့ တရားဝင်အချက်တွေ ဘယ်မှာလဲ
အာလုံးဟာ အမျိုး ဘာသာ သာသနာကို ကာကွယ်ရမယ် ဆိုတာတွေနဲ့ပဲ
ပြည့်နှက်နေတာပဲ မဟုတ်လား
ကျုပ်တို့ကို ဘုရားက ပစ်ပယ်လို့ ကျုပ်တို့က ဘုရားကို ပစ်ပယ်သလိုမျိုး
ကျုပ်တို့ကို ပစ်ပယ်တဲ့ ဘယ်နိုင်ငံ ဘယ်လူမျိုးမဆို ကျုပ်တို့ ပစ်ပယ်တယ်
ဒီကမ္ဘာဟာ ကျုပ်တို့ကမ္ဘာဖြစ်တယ်။
ဂျစ်ပစီဟာ ကမ္ဘာအနှံ့ သွားလာနေထိုင်တယ်
အတတ်ပညာတွေ မျိုးစုံကို လုပ်ကိုင်စားတယ်
နေရာတိုင်းမှာ အပိုင်စား လူမျိုးနွယ်စုတွေ ရှိနေတော့
ထပ်ရွှေ့ရတယ်
ထပ်ရွှေ့ရတယ် ထပ်ရွှေ့ရတယ် ထပ်ရွှေ့ရတယ်
ဂျစ်ပစီဟာ ကမ္ဘာထဲမှာ ဈေးခွေးလို ကျင်လည်တော့တယ်။
ဈေးခွေးဆိုတာ
ရပ်ကွက် စည်းကမ်းမဲ့ စနစ်မကောင်း လို့
သောင်းကျန်းနေကြတာ မဟုတ်ဘူးလား
အဲဒီဈေးခွေးတွေ
ရပ်ကွက်လူကြီးအိမ်ရဲ့ ဘုရားစင်ပေါ် ချီးတက်ပါတဲ့နေ့
ကမ္ဘာဟာ တစ်ကွက်ရွှေ့ဖို့ နောက်ကျနေလောက်ပြီ
ဂျစ်ပစီကို အထင်မသေးနဲ့
သူ့သွေးကို အမုန်းဓါတ်သွင်းခဲ့တဲ့ ကမ္ဘာသားတွေကို ရက်စက်တော့မယ်။ ။
သုအိုင်စံ
၀၁-၀၆-၂၀၁၃
((( နှစ်ချောင်းလုံး ထောင်ပါ )))
မြစ်ကြီးနားရထားလည်း မိုင်းထိဖူးတာပဲ
လိုင်ဇာကလူလည်း ဗုံးမှန်ဖူးတာပဲ
မုတ္တမရထားလည်း မိုင်းထိဖူးတာပဲ
မာနယ်ပလောသူလည်း ဗုံးမှန်ဖူးတာပဲ
~~သွေးချင်းတို့ ညီညာ... ပြည်မြန်မာ~~
~~သွေးချင်းတို့ ဌာနေ... မြန်မာပြည်~~
ပြည်သူ့ ရေဒီယိုက သီချင်းလာနေတုန်း
(ဝုန်းကနဲ)
အသံလွှင့်ရုံထဲ RPG တစ်လုံးဝင်သွားတယ်
~~အဖဘုရားသခင် တည်ထောင်ပေ
တိုင်းရင်းသားများ ညီတူဘုံဘဝနဲ့ မြန်မာပြည်~~
~~ဓမ္မတရားစဉ်နဲ့ ညီအောင်နေ
ရိုင်းပင်းအားထား ပြည်သူစုံအလှရဲ့ ကမ္ဘာတည်~~
ဘုရားကျောင်းမှာ ဓမ္မတေးဝဋ်ပြု နေတုန်း
(ဝုန်းကနဲ)
ဘုရားကျောင်းထဲ လေယာဉ်ဗုံး ကျကွဲသွားတယ်
သွေးအိုသားဟောင်းအတိတ်ညစ်နဲ့
အမုန်းအိုတွေ ဆွေးမြေ့ ပျောက်ပါတော့
အတွေးပျို တရားကောင်း စိတ်သစ်နဲ့
အပြုံးချိုတွေ မွေးနေ့ ရောက်လာပေါ့
စစ်ရေး လက်နက်
ခဲယမ်းထုတ်နဲ့ ရန်ငြိုးများသင်ပုန်းချေမယ်
ချစ်သွေးလက်နှစ်ဖက်
ဆွဲရမ်းနှုတ်ဆက် ပြန်ကြိုးစားလျှင် အပြုံးဝေမယ်
လူဘဝ ခဏပဲ လာ ဖြစ်လာရလို့
အတူတကွ တစ်ဘဝမြဲစွာ ပွင့်ဖြာကြစို့
ငါ့ဖို့တွေ.. ငါ့ဘို့တွေကို လျော့
သံလမ်း အညီအမျှထား ခင်းထားပါ တရားတယ်
အမှန်လမ်းဆီ ဘဝရထားလင်းသွားမှာ နားလည်ပါ
ချစ်ကြည်ရေးဟာ သွေးလို လိုအပ်လာခဲ့ပေါ့
လက်ညိုးချည်းပဲထောင် ခေါင်းညိတ်မနေကြနဲ့တော့
လက်ခလယ်ချည်းပဲထောင် ရန်မစောင်ကြနဲ့တော့
လက်ညိုးရော၊ လက်ခလယ်ပါထောင် အတူတူပေါ့
ငြိမ်းချမ်းရေးသော့။ ။
သုအိုင်စံ
၁၆-၀၃-၂၀၁၄
((( ကျောင်းပြေး၍ စာကျက်ခြင်း )))
ဆရာရေးဆွဲတဲ့
စာမေးပွဲတွေ
ပုဆိုင်းကွင်းသိုင်းကနေ
အရိုးသချိုင်းထိပါပဲလား။
မေးလွန်းလို့
မေးခွန်းပေါက်တယ်
ခေါင်ပေါက်မိုးယို
ဘောင်ကြောင့် အဆိုးပိုတယ်။
ဘဝအဖြေလွှာဟာ မသေချာဘူး
ငါ့တစ်နေရာဟာ မရေရာဘူး
သောက ဝေဒနာဟာ အသေနာတယ်
လောက စေတနာဟာ စေစရာ ပါတယ်။
၄၀ မကျော်ရင် ကျတဲ့ ဥပဒေ ရှိရင်
၁၀၀ ကျော်ရင် ရမဲ့ ဆုတွေ ဘယ်မလဲ
သတ်မှတ်ချက်စံမူ ဆိုတာ
ရလဒ်ဖျက်တဲ့ ရန်သူလို ပါပဲ။
ငါ့မှာ...
ကျမ်းစာထဲ ဖော်ပြခွင့်မရတဲ့ အသိတရားတွေ... ရှိတယ်
ငါ့မှာ...
လမ်းမှာလည်း ကျော်ဖြတ်ခွင့်မရတဲ့ အရှိတရားတွေ...ရှိတယ်။
ငါ့ဘဝရဲ့ စာမေးပွဲကို
ငါ့အတတ်နဲ့ ငါရေးဆွဲမယ်
ခေါင်းစားတဲ့ အမေးတွေအစား
အကြောင်းတရားနဲ့ အတွေးတွေပါမယ်
အသင့်အတည်ပြုထားတဲ့ သတ်မှတ်ချက်စံအစား
ဖြစ်တည်မှုတရားနဲ့ ဘဝရဲ့ဒဏ်တွေပါတယ်
ဘဝဟာ...အအောင်/ အရှုံး လာရှင်းတဲ့ ကိစ္စ မဟုတ်ဘူး
တစ်ညတာ...အမှောင်ဆုံးမှာ လင်းတဲ့ စိတ်ဓါတ်ဖြစ်တယ်။
အနိုင်/ အရှုံး/ အကျ/ အအောင် ကို
ထိုင် ဆုံးဖြတ်နေရအောင်..မင်းက ဘာကောင်လဲ
တောင်ပံဟာ ဘောင်နံရံကို မုန်းတယ်..ဟေ့ရောင်...။ ။
သုအိုင်စံ
၀၆.၀၄.၂၀၁၂
((( လမ်းသရဲပန်းချီ )))
အထူအပါးနဲ့ 
ဆေးသား မညီပေမဲ့
လူသားရဲ့ 
သွေးများ နီနေလျှက်
တရောင်ထဲမှာပဲ
အဆင်းကွဲနေသည်
အမှောင်ထဲမှာပဲ
အလင်းကွဲနေသည်
ဘာပန်းချီနည်းလဲ
ရုပ်နာမ်ကို စုတ်တံနဲ့ 
ယူသုတ်ပြီး ခြစ်ကြည့်တာ
လူရုပ်ကြီး ဖြစ်လာတာပဲ
အဲဒါနဲ့  ဆက်ရေးတာ
အထဲကသွေးကို
အတူနီအောင် ရမ်း သုတ်တယ်
အပြင်ကရုပ်ကို
မတူညီအောင် မှန်း လုပ်တယ်
စိတ်လှိုင်းကို ဘောင်ခတ်တယ်
အရိပ်လှိုင်းကို အမှောင်ချတယ်
ပြီးတော့
ဖြစ်ချင်တာဖြစ်ကြ ပစ်ချလိုက်တယ်
ဘာပန်းချီဝါဒ ခေါ်မလဲဗျ
မတော်တဆ အတွေးကိုပဲ
ပစ္စလက္ခ ဆက်ရေးတာလေ
မတော်တဆပစ္စလက္ခဝါဒပဲပေါ့
လမ်းသရဲ ပန်းချီဝါဒလို့ လည်းခေါ်ကြ
ဖြစ်သမျှဘာမှလည်း တာဝန်မယူပြန်
လူဖြစ်လူခံပန်းချီရေးဟန်ပေါ့
ပန်းချီဆရာအမည် ပြောပါ
ဘုရားသခင်လို့  ခေါ်တာပဲ
မှားရင်လည်း မှားနိုင်တယ်
သုအိုင်စံ
၀၅ ၀၄ ၂၀၁၄
((( သစ်ခေါင်းပင်)))
ရိုးရာမြေရဲ့ရာဇဝင်အလာ သွေးဖျော်ရည်တစ်ခွက်နဲ့ မြန်မာပြည်ရဲ့ မနက်ခင်းမှာ
လူသားပိန်ပိန်တွေကို ပစ္စလက္ခ စိုက်ပျိုးထားတဲ့ အနာဂတ်သေ စိုက်ခင်းကြီးဟာ
စိမ်းစိုလန်းဆန်းခဲ့ဖူးသော ရိုးမတောင်တန်းကြီးတွေလို အခုတော့ နီညိုမွဲကြေလို့
အမွဲတေဆုံး အတွေးအခေါ်နှင့်ဆောက်ထားတဲ့ ဇာတိရွာရှိ အစဉ်အလာဆိုးထဲမှာ
အသဲသေ နှလုံးသွေးအော်ဟစ်ခြောက်ခြားလျှ က် မာတိကာ၏ ပညာတန်ဖိုးမွဲလာ
လူကို မွေးမွေးချင်း လမ်းဆုံးနေတဲ့ ခြေထောက်နှစ်ဖက်ရဲ့ ရှေ့ဆက်ခရီးလမ်းဆိုးမှာ
ပွင့်သောပန်းတိုင်း ပိုးကိုက်နွမ်းစွာ တပွင့်ကိုတပွင့် ခူးပန်ခဲ့တဲ့ ကျက်သရေမဲ့ အလှဟာ
ကိုယ့်ဘဝကိုယ်မြတ်နိုးဖို့ ကိုယ့်အစကို ကိုယ် ဖြတ်ချိုးနေတဲ့ သစ်မြစ်တွေရဲ့ဥယျာဉ်မှာ
ရှင်နေသော အလောင်းများရဲ့ တက္ကသိုယ်ကျောင်းဆောင်တွေက အုတ်ဂူအိုအို ဆန်လှ
ဦးနှောက်မွဲတွေ အရိုးကျနေတဲ့ အသားသေ သံချေးထူထပ် ခေတ်ပညာရေးမဏ္ဍိုင်ဟာ
တပည့်ကို ဆရာ မသင်နိုင်တဲ့ တိုးတက်ကမ္ဘာကြီးရဲ့ သင်ရိုးစာဟာ အကြိမ်ကြိမ်ကျရှုံး
ဘွဲ့ရပြီးတော့ ပညာတွေအားလုံး ပုတ်ပွကြွေ အလုပ်မရလေသော ပညာတတ်ကြီးများ
ဖူးငုံပွင့်အာသီးတင်လိုက်တဲ့ ဘဝရဲ့အရည်အသွေးများ သိမ်ဖျင်းသွားတဲ့ရုက္ခတောအုပ်
တစ်တောလုံးအပြုတ် အမြစ်အားလုံး ဆွဲနှုတ်ရှင်လင်းပစ်ရမဲ့ နိုင်ငံတော်အစိုးရယုတ်လို့
ပညာရှင်တို့က ထုတ်နှုတ်သုံးသပ် ဖော်ပြပြောဆို အကြံပေးလမ်းပြ ဟောကြားခဲ့တာကို
နားကြားလွဲခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေက သစ်တောတွေကို ပြောင်အောင်ခုတ်ပစ်လိုက်ကြရဲ့
မြန်မာ့တက္ကသိုလ်နိုင်ငံတော်နယ်မြေရဲ့ ရုက္ခဗေဒဌာနကြီးတခုလုံး ပျက်စီးသွားခဲ့ရသလို
သစ်ငုတ်တိုကုန်းမြေအောက်က နီတဲ့ကြေးနဲ့ တန်ဖိုးရှိ သံစများကို ထပ်ပြီး ထုတ်ရောင်း
လူငုတ်တို ကတုံးတွေအောက်က နီတဲ့သွေးနဲ့ နံရိုးရှိ နံကပ်သားကို ထပ်ပြီး ခုတ်ရောင်း
လူရုက္ခစိုးသစ်ပင်ဟာ သံစဉ်အစုပ်ခံရတဲ့ပုလွေလို ရင်ဟောင်းလောင်းပဲကျန်တော့တယ်
သုအိုင်စံ
၁၉-၀၈-၂၀၁၅
((( ခွေးထက်မိုက်သောအရှင်သခင်နှင့်
ရေကြည်ရာမြက်နုရာယဉ်ကျေးမှု )))
(နွား)
သူစားဖို့ မြက်
သူစိုက်နေတယ်
သစ်ပင်နဲ့ မလှမ်းမကမ်းမှာ
လူကလည်း မြက်ခင်းပေါ် သွားသွားလာလာ
(သစ်ပင်)
သူ့ဘာသာ အသက်မသေဖို့
သူ့ဘာသာ အရွက်ဝေလို့နေတယ်
မြက်ခင်းရဲ့အလယ်ခေါင်မှာ မင်းမူလျှက်
လူနဲ့လောကကိုတောင် အရိပ်တွေပေးလို့
(လူ)
သစ်ပင်အောက်မှာ မှီတယ် ထိုင်တယ် အိပ်တယ်
မြင်ခင်းပေါ်လမ်းလျှောက်တယ်
နွားနို့ညစ်တယ်
(အစာအိမ်)
နွားတွေ ဆာတော့
မြက်စားတယ်-- လောက်တယ်
သစ်ပင်တွေဆာတော့
မြေဆီကိုစုတ်သောက်တယ်-- လောက်တယ်
လူတွေ ဆာတော့
နွားနို့ ညှစ်သောက်တယ်-- ဒါပေမဲ့ မလောက်ဘူး
(ယန္တယား)
သစ်ပင်ကို လှဲလိုက်တဲ့အခါ
ထင်း ဖြစ်လာတယ်
နွားကို သတ်လိုက်တဲ့ အခါ
အမဲသား ဖြစ်လာတယ်
မြက်ခင်းကို ရိပ်လိုက်တဲ့အခါ
အိပ်ယာ ဖြစ်လာတယ်
လူဟာ အဲဒီ ၃ မျိုး လုံးကို လုပ်ပစ်လိုက်တယ်
စားပြီးသောက်ပြီးလို့ အိပ်စက်
နောက်တစ်နေ့မနက် အိပ်ယာထတဲ့ အခါ
နောက်တနေရာကို ထပ် ထွက်ခွာသွားတာပေါ့
လူကိုတော့ ဘယ်ကောင်မှ ကျောလို့ မရဘူး မဟုတ်လား
ဟား ဟား ဟား...
အဲဒီ အပေါ်က ပန်းချီကားကို ဆွဲတဲ့ လူဟာ
ခွေး ဖြစ်သွားတယ်လို့ ပြောရင် မယုံဘူး မဟုတ်လား
မယုံရင် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါလား။ ။
သုအိုင်စံ
၂၀-၀၈-၂၀၁၅
((( မီးမျှောပွဲ )))
ဗမာပြည်သားက
ဧရာဝတီမြစ်ထဲ ခေါင်းလျှော်တယ်
အင်္ဂလန်ပြည်သားက
ဧရာဝတီမြစ်ထဲ သေးပေါက်တယ်
မြန်မာပြည်သားက
ဧရာဝတီမြစ်ထဲ ရေကူးတယ်
ကျိနပြည်သားက
ဧရာဝတီမြစ်ကို ခမ်းအောင်စုပ်မယ်
အရင်က
ဧရာဝတီရှိရာနိုင်ငံကို
BURMA လို့ ခေါ်တယ်
အခုတော့
ဧရာဝတီရှိရာနိုင်ငံကို
MYANMAR လို့ ခေါ်တယ်
ဧရာဝတီကို
ဘယ်သူ ချစ်မြတ်နိုးခဲ့သလဲ
ဗမာတွေပဲပေါ့
ဧရာဝတီကို
ဘယ်သူ ပိုင်ဆိုင်ခဲ့သလဲ
မြန်မာတွေပဲပေါ့
ဆာလာရင်တော့
ရေတစ်ခွက် လာသောက်ပေါ့
မာယာထောင်ချောက်ဆင်ကာ
မြစ်တစ်မြစ်ကို မဖျက်ဆီးချင်ပါနဲ့
ငါ့ ရင်ခွင်မီးမျှောပွဲမှာ
တရုတ်စာလုံးနဲ့ မီးပုံးတွေ
လာ လာ မမျှောကြနဲ့ကွာ။ ။
သုအိုင်စံ
၂၉-၀၃-၂၀၁၃
((( ဗလာကား )))
လူ့အမှိုက်ဆိုတဲ့ ရောင်စုံမှုတ်ဆေးဗူးတွေကို
ကျောပိုးပြီး
ကောင်းကင်ကို ကျနော် ထိုးပျံတက်ခဲ့တယ်။
ကောင်းကင်
ဒီမျက်နှာပြင်ဟာ
တခါတခါ အပြာရင့်ရင့်
တခါတခါ မဲနက်မှောင်
တခါတခါ ငွေတိမ်တောင်ကျယ်
ဒြပ်မဲ့ပင်လယ်ပဲ။
ဒီဘဝအဓိပ္ပါယ်ဆိုတဲ့ မျက်နှာပြင်ဟာ
ကိုင်ကြည့်ရင် မထိဘူး
ထိုင်ကြည့်ရင် မရှိဘူး
ငေးကြည့်ရင် မြင်နိုင်တယ်
တွေးကြည့်ရင် ထင်နိုင်တယ်
ဒီမျက်နှာပြင်ပေါ်မှာ
ကျနော်ဟာ လူ့အဓိပ္ပါယ်ပုံတူ မှုတ်ဆေးပန်းချီ ဆွဲမယ်လေ။
ကျနော့်ကျောပိုးအိပ်ထဲက
လူ့အမှိုက်ဆိုတဲ့ ရောင်စုံဗူးတွေထဲမှာ
လူ့အကြိုက်အားလုံးပါတယ်
ဒုစရိုက်အားလုံးပါတယ်
လူ့စရိုက်အားလုံးပါတယ်
လူ့လောကအကောင်း အကုန်ပါတယ်
လူ့လောကအကြောင်း အစုံပါတယ်
လူ့လောကအဆိုး အကုန်ပါတယ်
လူ့လောက မျိုးစုံပါတယ်
တခုခုရဲ့ အားလုံးပါတယ်
အားလုံးရဲ့ တခုခုပါတယ်
လူ့သမိုင်း အပြည့်အစုံဟာ
သူ့အတိုင်း အပြည့် အကုန်ပါတယ်။
ဆေးဗူးတွေ တဗူးပြီးတဗူးဖွင့်
လူအဖြစ်ဆုံး အရောင်တွေ ညှစ်ဖြန်းတယ်
လူအစစ်ပုံစံ အရောင်တွေ ညှစ်ဖြန်းတယ်
မရှိတဲ့ မျက်နှာပြင်ဟာ တုန်ခါရွေ့လျှားနေတယ်
မရှိတဲ့ မျက်နှာပြင်ဟာ တည်ငြိမ်ကျောက်ချနေတယ်
ဆေးဗူးတွေ တဗူးပြီးတဗူးဖွင့်
တဘဝလုံး ဆက်ကူး ညှစ်ဖြန်း ပုံဆွဲပါတယ်
ဘာပုံ ဘာအရောင်မှလည်း ပေါ်မလာဘူး။
ခင်ဗျားဟာ
ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ
ပုံရိပ်အရောင် တခုတခု မြင်ရတဲ့အခါ ဖြစ်ဖြစ်
ပုံရိပ်အရောင် တခုခုမှ မမြင်ရတဲ့အခါ ဖြစ်ဖြစ်
အဲဒါဟာ လူ့အဓိပ္ပါယ်စစ်စစ်ရဲ့ ပုံတူပဲ
ခင်ဗျား နားလည်သလိုပဲ ဖြစ်နေတယ်။
ကျနော်ဟာ ဘုရားသခင်ပါ
ကိုယ်ရေးတဲ့ပန်းချီကို ကိုယ်တိုင်နားမလည်ရှာခဲ့ဘူး
မှုတ်ဆေးဗူးတွေမကုန်မချင်း
အပြင်းအထန် ဆေးမှုတ် ညှစ် ဖြန်း ဆွဲနေလိုက်တာ
လူဆိုတဲ့ အမှိုက်ပုံးဟာ
ယူလို့ နှိုက်သုံးလို့မှ မကုန်တဲ့ ဆေးရောင်တွေပါ
ဘာမှလည်း မမြင်ခဲ့ရပြီလား...ထာဝရပန်းချီကားဟာ
ကြည့်...အဲဒီ ကောင်းကင်မှာ။ ။
သုအိုင်စံ
၂၄-၀၈-၂၀၁၃
((( စစ်စီးပွားရေးမဏ္ဍိုင် )))
ကားလမ်းဖောက်ပေးမယ်
စာသင်ကျောင်းဆောက်ပေးမယ်
ဆေးရုံးဆောက်ပေးမယ်
သစ်ပင်တွေကို ခုတ်ယူသွားမယ်
ရွှေတွေကို တူးထုတ်သွားမယ်
ဒေသခံတွေ ဝိုင်းလုပ်ပေးရမယ်
သစ်ပင်တွေ ပြောင်စင် သွားပြီ
ရွှေတွင်းတွေ ဗလာဂူ ဖြစ်သွားပြီ
ဒေသခံတွေ ဇရာအိုမင်း သွားပြီ
ကားလမ်းတွေ ကျောက်မခင်းရသေး
စာသင်ကျောင်းတွေ တိုင်မထူရသေး
ဆေးရုံးတွေ ခေါင်မိုး မမိုးရသေး
စာချုပ်တစ်ခြမ်းကို
ငွေကြေးထုတ်နဲ့ပေါက်ပြီး လက်မှတ်ထိုးတဲ့သူတွေ
သူဌေးဖြစ်သွားတဲ့ စီးပွားရေးဗျူဟာမှာ
နိုင်ငံတော်က အခွန်ယူတာ အတူတူပါပဲ
စာချုပ်တစ်ခြမ်းကို
မသေဆေးလှုပ်လှည့်သောက်ပြီး လက်မှတ်ထိုးတဲ့သူတွေ
ခွေးဖြစ်သွားတဲ့ စီးပွားရေးဗျူဟာမှာ
နိုင်ငံတော်က အခွန်ယူတာ အတူတူပါပဲ
သူတောင်းစား ခွက်ပျောက်တာတွေလည်း လာမပြောနဲ့
သူဌေးသား ကားမှောက်တာတွေလည်း လာမပြောနဲ့
အာဏာရှင်တွေ အမြဲ အရက်သောက်ရန်အတွက်
အာဏာမဲ့တွေပဲ တစ်ယောက်မကျန် အခွန်ဆက်ပြီး
အမိနိုင်ငံတော်ကြီးကို ဂုတ်ချိုးလျှက်
ဓါးပြရိုးရာနဲ့ အုပ်စိုးတဲ့ သေနတ်တစ်လက်ရဲ့ အကြင်နာ
တစ်တိုင်းပြည်လုံးပဲ သေသေကွာ ငါမာနေရင် ပြီးရော
သင်ချိုင်းကုန်းတွေက ငြင်းသော အလောင်းကောင်တွေ
ခေါင်းဆောင်နေတဲ့ မြန်မာပြည်စီးပွားရေးယန္တယား
မွဲဆေးတွေ အလကား ရမယ်။ ။
သုအိုင်စံ
၂၂-၁၂-၂၀၁၄
((( အမျိုးသား ပန်းခြံထဲက ပန်းပုရုပ် )))
ရဲဘော်...ငါဟာ ကျည်တစ်တောင့်ပါ
ရန်သူ့ရင်ကို ပစ်ဖောက်မဲ့ ကျည်ဆံတစ်တောင့်
အခု ငါ့နားထင်ငါ ပြန်ထောက်မိနေပြီ
ကိုးကွယ်တဲ့ဘုရား
လျှိုးကွယ်သွားသလိုပဲလား
ယုံတဲ့သစ္စာ
ပုံဖျက်ပစ်ခွာသွားသလိုပဲလား
လှမ်းလျှောက်နေတဲ့ စခန်းကို
လမ်းပျောက်လေတဲ့ လမ်းလိုပဲလား
အခါးဆုံးကို စားသုံး ခါးကုန်းခဲ့ပြီ
ရန်သူကို ရန်မူ ဆံဖြူခဲ့ပြီ
ငါ့ရင်မှာ ငါ့ အလံဟာ လွင့်နေပေမဲ့
ငါ့ရင်မှာ ငါ့ ဥာဏ်ဟာ မြင့်နေပေမဲ့
ငါ့ရင်မှာ ငါ့ အကြံဟာ သစ်နေပေမဲ့
ဘဝအပြင်မှာ ငါ့ ဒဏ်ရာဟာ ညစ်နေခဲ့ပြီ
ကြည့်စမ်းပါ ..ခေတ်ထဲမှာ နစ်စွဲနေတဲ့ အမုန်းများ အဆုံးမဲ့လို့
ကြည့်စမ်းပါ..စစ်ထဲမှာ ပစ်လဲနေတဲ့ နှလုံးသား အပြုံးမဲ့လို့
အသိကန်းစွာ..အကျင့်လွဲမှာ နစ်ကွဲကြေတဲ့ အရှုံးများ အသုံးမဲ့လို့
ငါတို့ အစိုက်လွန်ကဲခဲ့တဲ့ စစ်ဘိန်းပန်းက အမိုက်နွံထဲ အသင့်စိမ်းလန်းလို့
ဘဝအကြောင်းမလှတဲ့ ငါ့သေနတ်ပြောင်းဝက ရန်သား
ပြန်သွားရမဲ့ ကတိစကားနဲ့ မိသားစုဆီ ဇာတိမြေသို့
ငါ့ သတ်ကွင်းထဲမှာ လာကျဆင်းလဲရှာတဲ့ ပစ်မှတ်
ချစ်တတ်တဲ့နှလုံးသား ဇနီးမယားနဲ့ သမီးသားထံသို့
သုံးသတ်ဖို့ အချိန်မရ ဆုံးဖြတ်ဖို့ အရှိန်မသတ်
ရဲမိုက်တဲ့ စစ်က အတွဲလိုက် ပစ်ချလိုက်ပြီ ငါတို့အားလုံးကြွေ
ပေးဆက်သမျှ ဝေးခဲ့ရတဲ့ ဘဝမှတ်တမ်းနဲ့ ရဲဘော်
အတွေးနက်သမျှ သွေးပျက်ရတဲ့ ဘဝဇတ်ကြမ်းနဲ့ ရဲဘော်
ဓမ္မဖြတ်လမ်းက ဆွဲခေါ်သွားစမ်းပါ
နောက်တန်းနဲ့ဝေးလှမ်းရာ ရှေ့တန်းနဲ့ဝေးလှမ်းရာ
တွေးစမ်းပါ လူလုပ် ဘဝတွေကို သေခိုင်းမဲ့ အစား
တွေးစမ်းပါ လူလုပ် သေနတ်တွေကို သေခိုင်းလိုက်စမ်းပါလို့
တော်လှန်မြေထက် အဖော်တွေကျန်သေခဲ့တယ်
တော်လှန်မြေထက် အဖော်တွေကျန်နေသေးတယ်
လက်ကျန်အသိတရားနဲ့ မနက်ဖန်အရှိတရားကို
ဖန်ဆင်းဆောင်စေ...ရန် ကင်း အောင်မြေမှာ.....
ပြည်တွင်းစစ်ထဲက ငါ့ ရဲဘော်ဟောင်းနှစ်ယောက်
တစ်ယောက်ကို တစ်ယောက် အလေးပြုတဲ့အခါ
ငြိမ်းချမ်းရေး ပန်းပုပုံစံနဲ့... တိုင်းပြည်ရဲ့ တနေရာရာမှာ...တည်ကြည်စွာ...
ဒီနိုင်ငံမှာ လူမသုံးဆုံးအရာနဲ့ လူအမုန်းဆုံးအရာဟာ သေနတ်ပဲ။ ။
သုအိုင်စံ
၀၃--၁-၁၃
Comments
Post a Comment