((( ကိုယ်ဖျောက်ထားတဲ့ဇာတ်လိုက်နဲ့ သူ့ဇာတ်ကောင်များ )))
((( ကိုယ်ဖျောက်ထားတဲ့ဇာတ်လိုက်နဲ့ သူ့ဇာတ်ကောင်များ )))
ဘယ်ကောင်က ကမ္ဘာကို ကိုင်လှည့်နေခဲ့တာလဲ
လူဆိုတာ ကိုင်လှည့်ခံရတဲ့ ကမ္ဘာပေါ့
သေချာတာကတော့ လူရောကမ္ဘာပါ
ရာသီဥတုနဲ့ လိုက်တမ်းပြေးတမ်းကစားတယ် (ငယ်ငယ်လေးထဲက)၊
အပူတွေလျှံကျပြီး အခြေအနေ မဟန်တော့မှန်းသိတဲ့ကမ္ဘာဟာ
သူ့ကိုယ်သူ ရေခဲသေတ္တထဲ ပစ်ထဲ့ခဲ့ပေမဲ့
သုံး လေး လထက် ပိုမခံခဲ့ဘူး
နွေလေသားလောင်းတွေက
ရေခဲတောင်တွေကို သိမ်းပေးဖို့ တောင်းဆိုတယ်
မြေပြင်က တပြင်လုံး သဇင်ရနံ့သင်းရေးကို လိုလားတယ်
သိပ်လည်တဲ့ ကမ္ဘာကလည်း လိုက်လျောလိုက်တယ်၊
လူတွေက ဒီလိုယူဆတယ်
လူ့အတ္တဟာ သိပ်ပူတယ်၊ ဘုရားသွားကျောင်းတက်
လူ့စိတ်ကို အေးစိမ့်ပေးရသတဲ့
အဲဒီ ဂူအလွတ်ကြီးလို ဥပုသ်သည်အစာအိမ်ကြီးက
ငါ ဆာလောင်နေတာ ဒါကွတဲ့၊ လောကီကျမ်းတစ်စောင် ကိုအန်ချပြတယ်
သိပ်လှတယ်၊ သိပ်လှတယ်
အတ္တတွေ အိမ်အရိပ ပြန်ခိုဝင်သွားချိန်မှာ
ပုထုစဉ်ဆိုတဲ့ စကားလုံးကို ဖွဖွလေးရွတ်ပြ သွားတာ သိပ်လှတယ်၊
ပက်ကြားအက်တွေ တဖတ်တဖတ် လွင့်စင်
ဖုန်လုံးတွေ တလိမ့်လိမ့် ဘောင်ဘင်ခတ်
ကမ္ဘာဟာ စိတ်ဓါတ်မကျပါဘူး၊ မိုးဥတုကိုသူယုံတယ်
နေ့စဉ် ဒုက္ခဘေးတွေ ရွပိုးထိုးခုန်ပေါက်
နေ့စဉ် အကျအဆုံးတွေ အတုံးအရုံး မှိုလိုပေါက်
လူဟာ နောက်မဆုတ်ပါဘူး၊ အနာဂါတ်ကို သူယုံတယ်၊
နွေနဲ့မိုး အကူးအပြောင်းမှာ တမ္ဘာက ဆာင်းကိုကြားခံပေးပြီး
အဆိုးနဲ့ အကောင်း အကူးအပြောင်းမှာ
လူက အလျှော့အတင်း သဘောလေးကို ကြားခံပေးတယ်
ဘ၀ဆိုတာ လွယ်လွယ်လေးပါပဲ၊
ကမ္ဘာကြီး ချီတက်ခဲ့သလို လူတွေချီတက် ခဲ့ခြင်းကြောင့်
ကမ္ဘာကြီးပြီးဆုံးသလို လူတွေ ပြီးဆုံးရတယ်တဲ့
တစ်ကောင်ကောင်က အမိန့်ထုတ်ခဲ့တယ်၊
ဟုတ်တယ်။
တစ်ကောင်ကောင်က
ကမ္ဘာကြီးနဲ့ ငါတို့ကို
လွင်ပြင်ကျယ်ကြီးထဲ ပစ်ချ....
ခဏလောက် ကစားခိုင်းခဲ့တာ။ ။
သုအိုင်စံ
၂၀၀၀

Comments
Post a Comment