((( ဖတ်လို့မရတဲ့မေးခွန်း၊ ဖတ်လို့မရတဲ့အဖြေလွာနဲ့ ဘဝဟာ စာမေးပွဲအောင်နေခဲ့တယ် )))

((( ဖတ်လို့မရတဲ့မေးခွန်း၊ ဖတ်လို့မရတဲ့အဖြေလွာနဲ့
ဘဝဟာ စာမေးပွဲအောင်နေခဲ့တယ် )))

ကျနော့်နာမည် ကျွန်တော်ပါ( တော်သောကျွန်)
ကျနော်ဟာ
လူသချိုင်းကို သွားနေတဲ့ လူသားတစ်ယောက်ပေါ့

အဲဒါ-ကျနော့်ကား၊ 2010 TOYOTA RAV-4
သူလည်းပဲ
ကားသချိုင်းကို သွားနေတဲ့ ကားတစ်စီးပေါ့

ကျနော့်ကားကို ကျနော်မောင်းလာတာကြာပြီ
Contemporary Poetry တွေ ID မရှိသေးခင် ကတည်းက
အခုချိန်ထိလည်း
အဲ့ဒီကဗျာတွေလိုပဲ ကျနော်လည်း ဘယ်မှ မရောက်ရှိသေးဘူးဗျ..

ကျနော့်ကား ကျနော်မောင်းတာဟာ သာမန်ကိစ္စပါ
ဒါပေမဲ့ ဘယ်တုန်းကမှ သာမန်လုပ်လို့ မရဘူး
လူလိုင်စင်လိုတယ်၊ ကားလိုင်စင်လိုတယ်၊
၂ခုလုံး အောင်လက်မှတ် လိုတယ်...

ကျနော် ဖျားတော့
ကားက ကျနော့်ကို ဆေးရုံပို့တယ်...ပြင်တယ်
ကျနော့်ကားဖျားတော့
ကားကို ကျနော်က ဝပ်ရှော့ပို့တယ်...ပြင်တယ်
ကျနော်ရောကားရော ဖျားတော့
ဘယ်တော့မှ-မဖျားတတ်တဲ့ငွေက လိုရာပို့ပေးတယ်...ပြင်တယ်...

အဲဒီနေ့က (၂၁-၁၂-၂၀၁၂) နေ့က
လူသချိုင်းကို သွားနေတဲ့ ကျနော်က
ကားသချိုင်းကို သွားနေတဲ့ ကျနော့်ကားကို မောင်းတယ်
(ရောက်ချင်ရာရောက် ငါဆက်လျှောက်မယ်)-ဆိုတဲ့
တဇောက်ကန်းလူ့လမ်းမကြီးပေါ်မှာပေါ့...

ကားကို ဆီအပြည့် ဖြည့်ထားတယ်၊
လူကို ဆီအပြည့်ဖြည့်ထားတယ်
ကျနော် ငါးကောင်းပြီး ကားမောင်းနေတယ်၊

ဘယ်ကိုမှ သွားနေတာ မဟုတ်ဘူး
သတ်မှတ်မိုင်တွေ ကျော်မောင်းခဲ့တယ်
Speed Camera ဟာ ဖျတ်ကနဲ ဖျတ်ကနဲ
မီးနီတွေ ဖြတ်ခဲ့တယ်
Red Light Camera ဟာ ဖျတ်ကနဲ ဖျတ်ကနဲ
လူ့ဘဝထဲမှာ လူတွေဟာ
လူကြိုက်များတာကိုပဲ လူကြိုက်များကြတယ်
ကားတွေဟာ အမြန်ဆုံးမောင်းခွင့်ပြုထားတဲ့ Lane ကနေ
အမြန်ဆုံးလုမောင်းကြတော့
အဲဒီ Lane မှာ ကားတွေ အများကြီး ကြပ်ပြီး
အမြန်မောင်းမရတော့ဘူး
နှေးသွားတယ်
(ဘာလို့ ဘယ်နေရာကို မြန်မြန်ရောက်ချင် အလောကြီးနေရတာလဲ) လို့
မေးခွန်းမေးရင်
(သေဖို့၊ သချိုင်းကုန်းကို) ဆိုတဲ့ အဖြေစစ်အဖြေမှန်ကို
ဘဝနိယာမက ဖြေမှာ မဟုတ်ဘူး..

သုံးမရတော့တဲ့ကားထဲမှာ သုံးမရတော့တဲ့ ကျနော်
သေနေတယ်
၃ခွဆုံ လမ်းမကြီး အလယ်က
၃မြှောင့်ချွန် ကျောက်တိုင်ကြီးခြေရင်းမှာ
ရဲစစ်ချက်က 180k တဲ့၊ တခြားကား ၃ စီးကိုလည်း
ပွတ်ဆွဲတိုက်ပစ်ခဲ့သေးတယ်...

ကျနော့် အသုဘပြီးနောက် ၃ပတ် အကြာမှာ
ကျနော့်နာမည်နဲ့ စာ ၃စောင်ရောက်လာတယ်
Speed Fine--300၊ Red Light Fine--300၊
Ambulance Bills--2500၊ Police Service--1000
အဲဒီစာအိပ်တွေ ဘယ်သူမှမဖောက်ဖတ်ဘူး
အဲဒီ Bills တွေ ဘယ်သူမှ မပေးဘူး
ကျနော်နာမည်နဲ့ Bank ထဲမှာ ဒေါ်လာ ၁၀၀၀၀ ရှိတယ်
ဘယ်သူမှ ထုတ်မရဘူး...

လူဟာ
ကိုယ့်ခေါင်းတလားကို ကိုယ်တိုင်တည်ဆောက်ခွင့်ရတာတောင်မှ
ကိုယ်ကိုယ်တိုင် အဲဒီထဲကို ခုန်ဝင်လို့မှ မရပဲ
ငါ့ အနာဂတ်အကြွေးတွေ ငါ ကြိုပေးထားချင်တယ်
ငါ့အမှိုက်တွေ ငါ ရှင်းသွားချင်တယ်
ငါ့ကို ငွေကြိုသွင်းလို့ရတဲ့
အသုဘဘဏ် တစ်ခုလောက် တည်ထောင်ပေးပါကွယ်

အခု ကျနော် ကျတဲ့ စာမေးပွဲကို အအောင်ပေးတာ
ဘယ်သူလဲ
ဘုရားသခင်လား၊ လူသားလား။ ။

သုအိုင်စံ
၁၈-၀၁-၂၀၁၃

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))