((( ကုက္ကိုပင်( သို့မဟုတ်) အများပိုင်နာမ်ဆိုတာ ထားခဲ့တာကို ခံနိုင်ရမယ် )))
((( ကုက္ကိုပင်( သို့မဟုတ်)
အများပိုင်နာမ်ဆိုတာ ထားခဲ့တာကို ခံနိုင်ရမယ် )))
သူဟာ ကုက္ကိုပင်အောက်မှာ
မုဆိုးမတမ်းချင်းတွေကို ဂစ်တာနဲ့ ညညတွေမှာ တီးဆိုတယ်
မုဆိုးမဟာ ကုက္ကိုပင်အောက်မှာ
ကတိုက်ကရိုက်နဲ့ နေ့နေ့ဆို မုန့်ဟင်းခါးဆိုင်ထွက်တယ်
မုဆိုးမရဲ့ ခလေးတွေဟာ ကုက္ကိုပင်အောက်မှာ
ကြံရသမျှတွေနဲ့ နေ့ရောညပါ အင်တိုက်အားတိုက် ကစားတယ်
ကုက္ကိုပင်အောက်မှာ
မုန့်ဟင်းခါးသည်မုဆိုးမဘဝ ဝဋ်ကျွတ်ခဲ့တာ ပျော်ပျော်ရွှင်ရွှင်
ကုက္ကိုပင်အောက်မှာ
ဂစ်တာသမားရဲ့အသက်သေဆုံးသွားခဲ့
တာ ကျေကျေကွဲကွဲ
မိန်းမတိုင်းဟာ ဘဝမှာ မုဆိုးမဖြစ်ပြီးတော့
ယောက်ကျားတိုင်းဟာ ဘဝမှာ မုဆိုးဖိုဖြစ်ကြလေရဲ့
ခလေးတိုင်းဟာလည်း ကုက္ကိုပင်ကို ထားပစ်ခဲ့ကြတာပဲ
ကုက္ကိုပင်တစ်ပင်ရဲ့ အသုဘ
ရွာလုံးကျွတ် ဘယ်တုန်းကမှ မငိုကျွေးခဲ့ပါ။ ။
သုအိုင်စံ
၀၈-၀၈-၂၀၁၂

Comments
Post a Comment