((( မြင့်မြတ်ခြင်းရှိရာ...)))
((( မြင့်မြတ်ခြင်းရှိရာ...)))
အစမှာ ဆိုက္ကားဆရာရဲ့ ဆိုက္ကားက အသစ်ကြီး
ဆိုက္ကားပေါ်ကို တင်ပြီး ပို့ဆောင်ရတဲ့ ဖာတွေက
အသစ်စက်စက်မှ တကယ့်ကို ငယ်ငယ်လေးတွေ
ဖာတွေက ရှေ့တန်းပြန်ညတွေအတွက် စစ်တပ်ဝန်းထဲကို ခေါ်မလား
ပို့ဆောင်ပေးဖို့ ဆိုက္ကားက အားပြည့်အင်ပြည့် အချိန်မရွေးပေါ့ နိုးကြား
ဖာတွေက ဘုရားပွဲညတွေအတွက် တခြားမြို့ငယ်တွေဆီကို ခေါ်မလား
ပို့ဆောင်ပေးဖို့ ဆိုက္ကားက အားပြည့်အင်ပြည့် ညအိပ်ခရီး ပြင်ဆင်ထား
ဖာတွေကလည်း လွယ်လွယ်ရတဲ့ ငွေကို ရက်ရောစွာပဲ ဆိုက္ကားခပေးသွား
ဆိုက္ကားဆရာကလည်း ကျေနပ်၊ မိသားစုရဲ့ ယန္တယားလည်ပတ်မဲ့ ငွေသား
ဘဝတစ်ခုရဲ့ အားကိုး အခြေပြု လုပ်စားရာ နုပျိုခြင်း လယ်မြေကွက်ထဲမှာ
ဖာတွေဟာ နှစ်စဉ် ဝင်ငွေ စပါး အထွက်တိုး ကောင်းခဲ့ (ဘက်ညီမျှတကာ)
ဘဝတစ်ခုရဲ့ အားကိုး အခြေပြု လုပ်စားရာ နုပျိုခြင်း လယ်မြေကွက်ထဲမှာ
ဆိုက္ကားဆရာဟာ နှစ်စဉ် ဝင်ငွေ စပါး ဈေးကောင်းခဲ့ (သမာအာဇီဝကျစွာ)
ဖာတွေရဲ့ အလှအပများဟာ ဘယ်အထိ ခံ မှာလဲ မေ့ထား၍ လှုပ်ရှားကာ
ဆိုက္ကားဆရာရဲ့ ဆိုက္ကားဟာ ဘယ်အထိ သန်မာလဲ မေ့ထား၍ လုပ်စားရာ
အရေပြားတွေ အက်ကွာ စွန်းခဲ့ လူအင်အားဟာ အသားအရေခြောက်မှေးမှိန်သွား
ဖာတွေရဲ့ အလှအပများဟာ ပျက်စီးကုန်ပြီး အမြင်မဆိုးအောင် မာန်နဲ့ ကူညီပြုံးထား
အချိန်တန်လို့ အိမ်ပြန်သွားတဲ့ နေ့စားဖာတွေရဲ့ လုပ်ခွင့်လုပ်ကွက်ဟာ အိမ်ပြန်သွား
ဘီး တာယာတွေ ပဲ့ပါ ပွန်းခဲ့ ဂွေဘောင်များဟာ အနားတွေကောက်ကွေးလိန်သွား
ဆိုက္ကားဆရာရဲ့ ဆိုက္ကားဟာ ဖွဲစည်းပုံပျက်စီး ဝင်ရိုးချောင် သဏ္ဍန်ရွဲ့ မူလီပြုန်းသွား
အချိန်တန်လို့ အိမ်ပြန်သွားတဲ့ ဆိုက္ကားဆရာရဲ့ လုပ်ခွင့်လုပ်ကွက်ဟာ အိမ်ပြန်သွား
နေ့တစ်နေ့ရဲ့ ကျနေ ဖျော့တဲ့ အခြမ်းမှာ အဝေးဆုံးက လာခဲ့တဲ့ အင်အားဟာ ညွှတ် တွဲ ငိုက် လာ
အရွေ့တစ်ရွေ့ရဲ့ ဘဝ သေတော့မဲ့ လမ်းမှာ ပြေးနှုန်းကျ လာခဲ့တဲ့ အလျှင်အားဟာ ဒရွတ် ဆွဲ တိုက် ပါ
အလုပ်လက်မဲ့ ဖာကို အလုပ်လက်မဲ့ ဆိုက္ကားဆရာဟာ ဘယ်ကိုမှ ဘယ်တော့မှ လိုက်မပို့နိုင်တော့ပါ
ဆိုက်ထားတဲ့ဖာဟာ ဆိုက်ထားတဲ့ အလှအပများကို နေဝင်အိမ်ပြန်ချိန်အလွမ်းထဲမှာ သ နေတုန်းပေါ့
ဆိုက်ထားတဲ့ ဆိုက္ကားဆရာဟာ ဆိုက်ထားတဲ့ဆိုက္ကားကို နေဝင်အိမ်ပြန်ချိန်အလွမ်းထဲမှာ သ နေတုန်းပေါ့
မောပန်း နွမ်းနွယ်စွာ တစ်နေကုန် ရုန်းကန်ပြေးလွှားခဲ့ရသော ဘဝနေလုံးကြီး လုံးဝ ပျောက်ကွယ်သွားတော့
ဆိုက်ထားတဲ့ဖာဟာ ဆိုက်ထားတဲ့ဆိုက္ကားဆရာကို ဆိုက္ကားအားသလား လို့ မေးတယ်
ဆိုက်ထားတဲ့ဆိုက္ကားဆရာက ဆိုက်ထားတဲ့ဖာကို ဆိုက္ကားအားတယ် လို့ ဖြေတယ်
ဆိုက်ထားတဲ့ဖာဟာ ဆိုက်ထားတဲ့ဆိုက္ကားပေါ်ထိုင်လို့
ဆိုက်ထားတဲ့ဆိုက္ကားဆရာဟာ ဆိုက်ထားတဲ့ဆိုက္ကားကို
နင်းထွက်သွားတယ် နင်းထွက်သွားတယ် နင်းထွက်သွားတယ် နင်းထွက်သွားတယ်
သချိုင်းကုန်းတစ်ခုရဲ့ အဝင်အဝမှာ သစ္စာပြု ကြစို့
မင်းရော ငါပါ ဒီလူ့ကမ္ဘာကို ပြန်မလာတော့ပါဘူးလို့
ငါတို့ဘဝမှာ
ဆိုက္ကားသမားရော ဖာသည်ရော အောက်တန်းကျခဲ့ရတဲ့ ဒီကမ္ဘာကို။ ။
သုအိုင်စံ
၁၄-၀၇-၂၀၁၇
Comments
Post a Comment