((( ဖဲ )))

((( ဖဲ )))

ဖဲချပ်တွေ ဆွဲချဝေသွားတဲ့ လက်က
မှော်အကလို သပ်ရပ်တယ်...
လူဟာ...ဘဝအစကို မသိရလို့ဆိုပြီး
ကြာကြာ...ရပ်ကြည့်နေလို့မှ မရပဲ
ဖဲဝိုင်းထဲ သရဲသိုင်းနဲ့ ခုန်ဝင်လိုက်တယ်။

လောကရဲ့ ထွက်ဖဲအဆင်ကိုက
လောဘနဲ့ ဆက်ဆွဲချင်စရာကောင်းတယ်
လူဟာ...လက်ရဲ ဇက်ရဲ ဆက်ဆွဲ
စောင့် ဖဲကောင်း မကျရင်တောင်မှ
တောက်...ရဲရဲပဲ ချလောင်းလိုက်တယ်
လူရဲ့တန်ဖိုး...ဟန်ရှိုး...အမှ
န်ရှိုး
ကံရှိုး...ဥာဏ်ရှိုး...အောက်ရှိုး...အပျောက်ရှိုး
လူဟာ...အမြတ်အကျိုးကို မြတ်နိုးလို့မှ မရပဲ
လူဟာ...အရှုံးအနိမ့်ကိုမှ မုန်းစိတ်ထားလို့မှ မရပဲ
မတတ်လည်းကစား တတ်လည်းကစား
ကိုယ်ထိသွားတဲ့ ပွဲများထပ်လာတဲ့အခါ
လူဟာ...ပိုအသိတရား ဖဲပါးဝလာ
မနေ့က ပွဲစားနဲ့ ခွဲစားတဲ့ တည်ဆဲတရားတွေ
ဒီနေ့ အသိများနဲ့ ညှိစားတဲ့ အသိတရားတွေ
မနက်ဖန် အသစ်များနဲ့ ညစ်စားမဲ့ အဖြစ်တရားတွေ
ဖဲဝိုင်းဆိုတာ ပွဲတိုင်းလည်း မရဘူး ဟေ့ရောင်
ဖဲဝိုင်းဆိုတာ ပွဲတိုင်းလည်း မမြတ်ဘူး ဟေ့ရောင်
ဖဲဝိုင်းဆိုတာ တွဲတိုင်းလည်း မကပ်ဘူး ဟေ့ရောင်
ဖဲဝိုင်းဆိုတာ ခွဲတိုင်းလည်း မပြတ်ဘူး ဟေ့ရောင်
အရှုံး အမြတ်ကို မသုံးသပ်တတ်တဲ့ ကောင်တိုင်းဟာ
ဖဲဝိုင်းထဲက ဖဲချပ်လို လောကထဲက လောဘတစ်ခုပေါ့
လူ့ဘဝဆိုတာကတော့...
နိုင်အားနဲ့ ပိုင်ထားတဲ့ အချစ်လေး ဖြစ်သလို
အရှုံးများနဲ့ သုံးထားတဲ့ အမုန်းကြွေးလည်း ဖြစ်တယ်
ထင်းခွေမကြုံ ရေခပ်ကြုံသတဲ့
မင်းရေမစုန်လည်း ဒီရေထ ဆုံမြဲ...ဒီပွဲမှာ
ဝှက်ဖဲတွေ နက်နဲလေပဲ...ခါးတဲ့ကံရေ...
တက်ဖဲတွေ ခက်ခဲလေပဲ...အားမဲ့ဥာဏ်ရေ...
ဆက်ဆွဲလေ ဆက်လွဲလေပဲ...မှားတဲ့ဈာန်ရေ...
လက်ရဲလေ ဆက်ကွဲလေပဲ...ကစားတဲ့မာန်ရေ...
ရံဖန်ရံခါ ကံကြမ္မာငင်လာ သံစဉ်နာတေးစ
ဘဝဆိုတာ...
အလုပ်ထွက်သွားလို့မရတဲ့ ပရဟိတ ကုမ္ပဏီပဲ
နှုတ်ထွက်သွားလို့မရတဲ့ ကမ္ဘာ့ကုလ အဖွဲ့အစည်းပဲ
ဖဲဝိုင်းထဲ မရဲတရဲ ဆက်ဆွဲခဲ့ပါ
ဖဲဝိုင်းထဲ မနိုင်တနိုင် ဆက်ထိုင်ခဲ့ပါ
ဖဲဝိုင်းထဲ မကြိုက်တကြိုက် ဆက်လိုက်ခဲ့ပါ
ဖဲဝိုင်းထဲ မနွမ်းတနွမ်း ဆက်လှမ်းခဲ့ပါ
ဒီလို ကံဇာတာမဲ့ ဥာဏ်ပညာမဲ့
သံသရာသံပတ်ပြတ်နေတဲ့ လမ်းမပေါ်မှာ
အခြေနေဟာ (တသမတ်တည်း) ရေရှည်သေမနေဘူး
အနေအထားဟာ (ဒရစပ်ပဲ) ဝေဝါးမနေဘူး
အခွင့်အရေးဟာ (အမြဲတမ်း) ပစ်ပြေးမနေဘူး
အလွဲအမှားဟာ (အမြဲတမ်း) တွဲသွားမနေဘူး
ဘဝအကွေ့ အကူးအညွတ်မှာ အရပွေ့ခူးဆွတ်ပါ
ခေတ်အလွဲအပြောင်းလေးကြား
အသစ်ဖဲကောင်းလေးများတက်လာကြပါစေ
လူက တစ်ဘဝလုံး လောဘတွေ ပေနေတယ်
ဖဲဝိုင်းက တစ်လောကလုံး မာယာတွေ ဝေနေတယ်
ဘဝဖဲကိုကစားရန်
အမှားအမှန်ဆိုတဲ့ ဖဲ၂ချပ်ဟာ မရှိမဖြစ်အဓိက
လိုအပ်တဲ့ နောက်ထပ် ဖဲပွင့်မှန်သမျှ
ကိုယ်က စောင့်ကြပ် ဆွဲခွင့် ရ ရမယ်
ဘုရားသခင် ထောင်ထားတဲ့ ဒီဖဲဝိုင်းမှာ
မကစားရင်မနေရ စည်းကမ်းဟာ
မတရား တမင်အသေသတ်ထားတဲ့ နည်းလမ်းပါပဲ
လူဟာ ဖဲတစ်ချပ်လို...
ဆွဲချ/ ဆွဲကပ်/ဆွဲပစ်/ဆွဲညှစ်/လွှင့်ပစ်/ဖျစ်ညှစ်/မွှေနှောက်/ချေခေါက်/
အသိအမြင်ကို ကုလားဖန်ထိုးသွား/ ဝိညာဉ်ကို လည်ပြန်ချိုးထား/
(မတရားတမင် အလုပ်ခံရ) (ဘုရားသခင် လုပ်သမျှ)
သူ့အပြစ်မကင်းတဲ့ လူ့ဖြစ်ခြင်းနဲ့ သိပ်ဆိုးတဲ့ ဒီဖြစ်စဉ်မှာ
လူသားဟာ
လိုရာသုံးလို့ရတဲ့ ဂျိုကာတစ်လုံးလို လွပ်လပ်သင့်တာပေါ့ကွာ။ ။

သုအိုင်စံ
၀၂.၀၄.၂၀၁၂

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))