((( လူကန့်လန့် )))
((( လူကန့်လန့် )))
မော်တော်ကားတွေရဲ့စကားကို ပြောဆိုရ
လမ်းတွေရဲ့စည်းကမ်းများကို လိုက်နာရ
မီးပွိုင့်တွေရဲ့အမိန့်ဥပဒေကို နာခံရ
ဘီးတပ်ယာဉ် ခရီးသွား
ခြေထောက်တွေရဲ့စကားကို ပြောဆို၍
သိမှုတွေရဲ့စည်းကမ်းများကို လိုက်နာ၍
ကတိတရားတွေရဲ့အမိန့်ကို နာခံ၍
ခြေလျှင်ရွေ့ ခရီးသွား
မော်တော်ကားတွေက မြန်မြန် နဲ့ ဝေးဝေး ရောက်နိုင်တယ်
ခြေထောက်တွေက မှန်မှန် နဲ့ ဖြေးဖြေး လျှောက်နိုင်တယ်
တခါတခါ ကိုယ့်ကိုယ်ကိုယ် ကလန်တဲ့အခါ
လူရောကားပါ ဒီသွားရင်ဟိုရောက်တယ်
အသိမှာ နားလည် ၍ အရှိမှာ မှားတယ်
အခြေအနေအရ ကတိပျက်တယ်
တခါတခါ ကိုယ့်ကိုယ်ကိုယ် ကလန်တဲ့အခါ
ပက်လက်ကြီး လေးဘီး ထောင်နေတဲ့မော်တော်ကားက
ကားအမိုးနဲ့ တနေရာကိုမှ သွားလို့ မရတော့ဘူး
ဇောက်ထိုးကြီး ကင်းမီးကောက်ထောင်နေတဲ့ ခြေထောက်က
လက်ဖဝါးနဲ့ တနေရာရာကို သွားလို့ ရသေးတယ်
ကိုယ်ထဲကို ဓါတ်ဆီထည့်မှ သွားတဲ့ မော်တော်ကားတွေဟာ
ကိုယ်ထဲကို အရက်ထည့်မှ သွားတဲ့ ခြေထောက်တွေနဲ့မောင်းရပေမဲ့
ခြေထောက်စကားနဲ့ မော်တော်ကားကိုပြောလို့ နားမလည်ပါ
မော်တော်ကားတွေက ကျန်ခဲ့ကာ ခြေထောက်တွေက ဆက်သွားခဲ့
အများသတ်မှတ်ဥပဒေနဲ့ အလုပ် လုပ်လို့ မရသူတယောက်ဟာ
ကိုယ့်ခြေထောက်နဲ့ကိုယ် ပေါက်ကရ လမ်းလျှောက်သွားလေရဲ့
အရက် မှန်မှန်သောက်ဖို့တော့ မမေ့နဲ့ကွာ။ ။
သုအိုင်စံ
၃၀-၀၄-၂၀၁၆

Comments
Post a Comment