((( ဂျစ်ပစီ-နရီ - ၃ )))
((( ဂျစ်ပစီ-နရီ - ၃ )))
မူးယစ်သည် ဖြစ်စေ+မမူးယစ်သည် ဖြစ်စေ
ကူးနစ်နေတဲ့ မြစ်ရေဟာ / ကူးဖြစ်နေတဲ့ ခေတ်တွေမှာ
ငါ-သဘောကျခဲ့တဲ့ မူးယစ်အရာနဲ့ ပတ်သက်ရင်
(ဘော်ဒါတွေက- တကယ့်ကို-များမှများ)
အားလုံးဟာ- အစားသက်သက် အသောက်သက်သက်နဲ့
ဖြစ်တည်ခြင်းယန္တယား-သက်တမ်း-ပူပူလောင်အား
ရက်သေ နေ့ရက်တွေနဲ့-ဆက်နေ ဆက်ရွေ့နေတဲ့ကောင်
သက်တမ်းတောင် တဝက်ကျွမ်းလောင်ပြီးပြီ
ထူးသစ်သည် ဖြစ်စေ+မထူးသစ်သည် ဖြစ်စေ
ကူးနစ်နေတဲ့ မြစ်ရေဟာ / ကူးဖြစ်နေတဲ့ ခေတ်တွေမှာ
ငါ-လောဘတက်တဲ့ ထူးသစ်ကဗျာနဲ့ ပတ်သက်ရင်
(ဘော်ဒါတွေက- တကယ့်ကို-ရှားမှရှား)
အားလုံးဟာ-အစားပျက် အသောက်ပျက်နဲ့
စစ်ချီရင်း+ရမ်းသွား-ဆက်လှမ်း-သူ-ယူဆောင်သွား
ရက်သေ နေ့ရက်တွေနဲ့-ဆက်နေ ဆက်ရွေ့နေတဲ့ကောင်
သက်တမ်းတောင် တဝက်ကျွမ်းလောင်ပြီးပြီ
အဲဒီလို---ကဗျာကို
ကမ္ဘာဦးကတည်းက ခူးဆွတ်နေတဲ့ကောင်
ကမ္ဘာဆုံးတဲ့အထိ ရူးသွပ်နေဦးမှာပဲ
အခုထိတော့-လက်ဆုပ်လက်ကိုင်ပြစရာ
အနုပညာလက်ထဲမှာ ကဗျာလေပဲ ရှိသေးတဲ့ကောင်
သက်တမ်းတောင် တဝက်ကျွမ်းလောင်ပြီးပြီ
မပြီးပြတ်သေးဘူးလား+မနီးကပ်သေးဘူးလား
ငါ--အပြီးသတ်ကိုးကွယ်သွားမဲ့ ဘာသာရေးဟာ-
ငါ့- အရိုးပြာဆွေးမို့
ငါလေးစားတဲ့-ဘာသာရဲ့ဘဝကို-ဗလာအဆန်ဆုံးဖြစ်လာရန်နဲ့
ငါတွေးထားတဲ့-အရာရာရဲ့ဓမ္မကို-ငါ-အမှန်ဆုံးသစ္စာခံရဲ့
သုသာန်ရေ...မြန်မြန်လာခဲ့ပေတော့။ ။
သုအိုင်စံ
၁၅-၁၁-၂၀၁၆
-

Comments
Post a Comment