((( တခါက-ကမ္ဘာ )))
((( တခါက-ကမ္ဘာ )))
"စာအုပ်ကို ငါလုပ်ခဲ့တယ်ဟေ့"...လို့
ကမ္ဘာဦးမှာ၊ စကားဦးကို အများတကာ ကြားဖူးဖို့ 
လက်ဦးမှုယူလို့ - ဦးစွာ သူ ဟစ်ကြွေးခဲ့တယ်။
စာအုပ်ထဲမှာ...
ဆုံမှတ်ကြောင့်ရလာတဲ့ သုံညဘဝတွေ ပါတယ်
သုံညများကို ပုံထပ်ထားတဲ့
ဘုံဘဝတွေရဲ့ ဂုဏ်ဒြပ်တွေ ပါတယ်
စာအုပ်ထဲမှာ...
ဘဝတစ်ခုအား အစပြုထားတဲ့ ပုံသေနည်းများ ပါတယ်
ဖြစ်တည်မှုအား ချစ်ကြည်မှုများနဲ့ 
"ယုံစေသတည်း" ဆိုတဲ့ ပုံသေနည်း-လိုလို 
ေ၀၀ါးဝါးနဲ့  စေစားထားချက်တွေ ပါတယ်
ဒါကို-မဝေဝါးနဲ့ .. ပြာလို-သေသွားမယ်ကွာ-ဆိုတဲ့
ဆရာလို-ကြိမ်းဟောက်တဲ့-ခြိမ်းခြောက်ချက်တွေ ပါတယ်
အဲဒါကိုလည်း-မတိမ်းမှောက်အောင် ထိန်းလျှောက်ရမယ့်
မပြု မနေရ- ဥပဒေသတွေ ပါတယ်
စာအုပ်ထဲမှာ...
လူ့အတွေးအခေါ်ကို စု ဆေးဖော်ထားတဲ့ ဝါကျတွေ ပါတယ်
အဲဒီ-ဆေးဖော်ထားချက်ကို တလွဲဆီ-ဈေးခေါ်သွားတဲ့ 
တခါတရံက လူ့သမိုင်းဇတ်ခုံအား
ကာရန်ထပ်ပြု ဝိုင်းပတ်ခြုံခဲ့တဲ့
အရိုင်းဇတ်ခုံထက်က ယဉ်ကျေးမှုတွေ ပါတယ်
အတိတ် လူ့မာန်စဉ် မာနအား
အဆိပ် စု ဆောက်တည်+သံစဉ်စပ်ထားတဲ့
အရိပ်တခုအောက်ဆီက တေးစာသားတွေ ပါတယ်
စာအုပ်ထဲမှာ...
မနေ့တုန်းက လူ့ရာဇဝင်များအား
တွေ့ သုံးသပ် စု စာတင်ထားတဲ့ ပုံပြင်တွေ ပါတယ်
ဒီနေ့ဒီရက် ပီပြင်ပြတ်သားစွာဖြစ်မဲ့ ဒုက္ခအတွက်
ချီ၍ ချီတက်လာ စီစဉ်ချထားနှင့်တဲ့ ပုဒ်မတွေ ပါတယ်
မနက်ဖန်ဟာ လက်ကျန်လား ဆက်ရန်လား
မပြတ်သားတဲ့ ဒဿနတရားတွေ ပါတယ်
စာအုပ်ထဲမှာ...
လွဲမှားရင်တောင် စွဲသွားစေမယ်ဆိုတဲ့
မူးယစ်ဆေးလို လူ့ပြစ်ကြွေးတွေ ပါတယ်
စာအုပ်ထဲမှာ...။
("တခါတရံတွင်
ပိုးစားခြကိုက်စားသွားသော စာသားများအား
လွမ်းလေ့ရှိသော ကျမ်းစာအုပ်အိုသည် ငိုကြွေး၏။")
"ကမ္ဘာတစ်ခုကို ငါပြုခဲ့တယ်"...လို့
ဘာသာတရားတစ်ခုလို စာပြု ရေးသား
ဖန်ဆင်းရှင်ရေးစပ်ထားတဲ့ ဖန်ဆင်းချက်တေးဓမ္မများ
နားမဲ့၊ မျက်စိမဲ့ နှလုံးသားမဲ့၊ ဦးနှောက်မဲ့ သက်ရှိ/သက်မဲ့များ...
စာအုပ်ထဲမှာ...။
ကမ္ဘာကျန်းမာရန် သမ္မာကျမ်းစာအံခဲ့တယ်
ကျောင်းပြီးလို့ ဘွဲ့ရမသွားတဲ့ ဘုရားသခင်ဟာ
စောင်းတီးလို့ ကျွဲ မကြားတဲ့သံစဉ်တွေကို ရှာနေတုန်းပဲ။   ။
-
( အထက်ပါတို့ သည်--
မီးသွေးခဲ ဖြစ်နေသောစာအုပ်အား ခေတ်ပေါ် DNA နည်းပညာဖြင့်
ဖတ်ရှုလေ့လာကြည့်ရာမှ တွေ့ ရှိချက် မလို/မပို များသာ ဖြစ်၏။ )
သုအိုင်စံ
၂၂.၀၃.၂၀၁၂..... ၂၀၁၇ တွင် နည်းနည်း ပြန်ပြင်ရေးခဲ့
Comments
Popular posts from this blog
ိ္ကျိအမ၆ကန၅၆မကျမအ့နမ
((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT
((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))