((( သချိုင်းအလွန်၊ လမ်း၎ခွဆုံမှ ဆိုင်းဘုတ်များ )))

လမ်းလေးခွမှာ စခန်းလေးချကာ
ကိုယ့် ကားကို သေချာရပ်နားလျှက်
လမ်းညွှန်ဆိုင်းဘုတ်နဲ့ ဥပဒေတွေကို
ကိုယ် ဖတ်ရှုကြည့်လိုက်တယ်
လမ်းလေးခွမှာ စခန်းလေးချကာ
ကိုယ့် ကားကို သေချာရပ်နားလျှက်
လမ်းညွှန်ဆိုင်းဘုတ်နဲ့ ဥပဒေတွေကို
ကိုယ် ဖတ်ရှုကြည့်လိုက်တယ်
(လမ်း၁)
ဓါတ်ဆီ-ကုသိုလ်များများ ထည့်ထားတဲ့ ကားတို့
နတ်ဝိဇ္ဖာဘုံသို့ ဆက်သွားရန်
(လမ်း၂)
ဓါတ်ဆီ-အကုသိုလ်များများ ထည့်ထားတဲ့ ကားတို့
ငရဲမိစ္ဆာဘုံသို့ ဆက်သွားရန်
(လမ်း၃)
ဓါတ်ဆီ-ရိုးရိုးသားသား-မရှိမရှား ထည့်ထားတဲ့ ကားတို့
လူ့မနုသဘုံသို့ ဆက်သွားရန်
(လမ်း၎)
ဓါတ်ဆီ-မရိုးမသား-ရှိရှိရှားရှား ထည့်ထားတဲ့ ကားတို့
တရိစ္ဆာန်ဘုံသို့ ဆက်သွားရန်
လမ်းလေးခွမှာ စခန်းလေးချကာ
ကိုယ့် ကားထဲမှာ ထည့်ယူပါလာတဲ့
ဓါတ်ဆီအမျိုးအစားနဲ့ ရိက္ခာကို
ကိုယ် စစ်ဆေးကြည့်လိုက်တယ်
ကိုယ့် ကားအင်ဂျင်ထဲမှာ
ဘာအရည်တွေမှန်း ကိုယ်တိုင် မသိဘူး
ကိုယ့် ရိက္ခာထုတ်ထဲမှာ
ဘာအရာတွေမှန်း ကိုယ်တိုင် မသိဘူး
အဲဒါနဲ့... ဂိတ်မှူးကို ကိုယ် မေးကြည့်လိုက်တယ်
ဒီမှာ...ဂိတ်မှူး..ဂိတ်မှူး...
ဘာမှန်းမသိတာတွေနဲ့ ဘယ်လမ်းကို သွားလို့ရလည်းဗျ
ဘာမှန်းမသိတာနဲ့တော့ ဘယ်လမ်းကိုမှ သွားလို့ မရဘူး
ဒါနဲ့.. မောင်ရင်က အရင်ဘဝက ဘာ အလုပ်လုပ်စားလဲ
ကျုပ်-အရင်ဘဝက...
သူများဦးနှောက်တွေကို တစစီ ဖြုတ်ရောင်းစားတဲ့ အလုပ်လုပ်တယ်
သူများဦးနှောက်တွေကို ကုန်သွားတော့
ကိုယ့်ဦးနှောက် ကိုယ်ဖြုတ်ရောင်းစားပြီး ကုန်သွားလို့ ဒီရောက်ခဲ့တာ
ဦးနှောက် မပါရင်တော့ ဘယ်ဘုံမှာမှ ရှင်သန်မှု လုပ်လို့ မရဘူး
ဒီလမ်းလေးခွမှာပဲ ငါနဲ့အတူ ရာသက်ပန် ဆိုင်းဘုတ်အကူလုပ်ပါ
သိတယ် မဟုတ်လား ဆိုင်းဘုတ်ဆိုတာ ကိုယ့်ဦးနှောက်သုံးဖို့ မလိုဘူး
သူများရေးထားတဲ့ စာလုံးတွေကို ကိုယ်က မတ်တပ်ရပ်ထောင်ပြ
ဖတ်ချင်ဖတ် မဖတ်ချင်နေ၊ ကိုယ်က ရပ်ပြီးတော့ သေနေရုံပဲလေ၊
ဘဝတခုရဲ့သေခြင်း၏အလွန် လမ်းလေးခွမှာ
အရင်ဘဝက ၁၀၉ ၁၁၀ ကားစုတ်တွေ
ဘယ်ကိုမှ ဆက်မသွားတော့ပဲ ဂိတ်ထိုးပြီး ရပ်ထားလေရဲ့
အင်ဂျင်ထဲမှာလည်း ဦးနှောက်တွေ မရှိဘူး
ဦးနှောက်ထဲမှာလည်း အင်ဂျင်တွေ မရှိဘူး
ဂိတ်မှူးရေးတဲ့စာတွေကိုလည်း မဖတ်တတ်တော့ဘူး
ဦးနှောက်မရှိတဲ့-လူ(သို့မဟုတ်) တရိစ္ဆာန် (သို့မဟုတ်) နတ်
အရင်ဘဝက တစုံတရာ ဖြစ်ခဲ့ဖူးကြကြောင်း
သူတို့အချင်းချင်း-ကောင်း-ကောင်းလာရင်-အသိမဲ့ဘာသာစကားနဲ့
စားမြုံ့ပြန်-အာရိုက်နေကြသေးရဲ့ -အသိတရားမဲ့စွာ။ ။
သုအိုင်စံ
၁၆-၀၄-၂၀၁၆
-

ဓါတ်ဆီ-ရိုးရိုးသားသား-မရှိမရှာ
လူ့မနုသဘုံသို့ ဆက်သွားရန်
(လမ်း၎)
ဓါတ်ဆီ-မရိုးမသား-ရှိရှိရှားရှာ

သူတို့အချင်းချင်း-ကောင်း-ကောင်
စားမြုံ့ပြန်-အာရိုက်နေကြသေးရဲ့

Comments
Post a Comment