((( လမ်းရဲ့လက်ဗွေ )))

((( လမ်းရဲ့လက်ဗွေ )))

အရည်မရ အဖတ်မရ ပြုလုပ်နေဆဲကာလများ၊
အလဟသ ဒဿနများနဲ့ လူ့ဖြစ်တည်ချက်..
လူငယ်သည် အနာဂတ် ဖြစ်၍
လူကြီးသည် သချိုင်းကုန်း ဖြစ်တယ်...

လူက ဂွေးတန်းလန်းနဲ့ မွေးလာတဲ့ကောင်
ကမ္ဘာမြေက မြို့မဲ့ရွာမဲ့ လွင်တီးခေါင်
အဲဒီ ဗလာနယ်အလယ်ခေါင်က
လမ်းနဲ့ ခြေလှမ်း ဆိုပြီး ထ ဖြစ်လာရဲ့
လူကို လမ်းပေါ်ကကောင် အဖြစ်နဲ့တွေ့ရတယ်
သူဟာ ခေတ်ရဲ့ လမ်းပေါ် ပစ်ချခံရတာလား
လမ်းက သူ့ခေတ်ခြေအောက် ထိုးဝင်လာတာလား
လူဟာ လမ်းပေါ်မှာ လမ်းသွား/ရမ်းသွားနေတယ်

လမ်းနဲ့ခြေလှမ်းဟာ တစ်နေရာရာကလာတယ်
လမ်းနဲ့ခြေလှမ်းဟာ တစ်နေရာရာကိုသွားမယ်
လမ်းပေါ်မှာ လမ်းက ခြေလှမ်းကို ထမ်းထားတယ်
လမ်းပေါ်မှာ ခြေလှမ်းက လမ်းကို နမ်းထားတယ်
လမ်းလယ်မှာ လူဟာ အသက်ရှူသွင်း
လမ်းလျှောက်ရင်း ဖြစ်တည်ခြင်း

လမ်းဟာ လမ်းကိုပဲ ကိုယ်စားပြုပေမဲ့၏
လမ်းသဘောက အဆုံးမဲ့စွာ
လမ်းရဲ့အဆုံးမှာလမ်းတစ်ခု
လမ်းပေါ်မှာပဲ လမ်းရဲ့နိဂုံး ကျဆုံးသွားတယ်
လမ်းပေါ်မှာပဲ လမ်းရဲ့နိဒါန်း လျှောက်လှမ်းသွားတယ်

ခြေလှမ်းဟာခရီးကိုပဲ ကိုယ်စားပြုပေမဲ့
ခရီးရဲ့သဘောက မပြီးဆုံးပါ
ခရီးရဲ့အဆုံးမှာခရီးတစ်ခု
ခရီးထက်မှာပဲ လူရဲ့နိဂုံး ကျဆုံးသွားတယ်
ခရီးထက်မှာပဲ လူရဲ့နိဒါန်း လျှောက်လှမ်းသွားတယ်

အမေ့အိမ်က ဆင်းလာတဲ့သားများ
အမေ့အိမ် ပြန်ရောက်သွားကြတယ်
ဘော်လုံးကွင်းပတ်ပြေးကျင့်နေတဲ့ အပြေးသမားများ
ယာယီသတ်မှတ်မှု ပန်းတိုင်ဝင်သွားကြတယ်
အတွေးအခေါ်အားလုံး ဗဟုသုတ ဝလုံးထဲမှာ
ယောင်လယ်ချာလယ်နဲ့ လမ်းဆုံးဝယ် ရွာမရှိဘူး..
မြစ်ကို အလျှားလိုက်ဆက်ကူးကြမယ်

ယနေ့လူကြီးသည် သချိုင်းကုန်း ဖြစ်တယ်
ယနေ့လူငယ်သည် အနာဂတ် ဖြစ်၍
အလဟသ ဒဿနများနဲ့ လူ့ဖြစ်တည်ချက်..
အရည်မရ အဖတ်မရ ပြုလုပ်နေဆဲကာလများ၊။   ။

 သုအိုင်စံ
၀၂-၀၁-၁၃

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))