((( အာမွှေးစုံဆေးမွှေး )))

((( အာမွှေးစုံဆေးမွှေး )))

တချို့ စာလုံးတွေက ၁ လုံးပဲ ရေးပြီး ၁၀ လုံးစာလောက် အဓိပ္ပါယ် ထွက်တယ်
တချို့ စာလုံးတွေက ၁၀ လုံး ရေးပြီး ၁ လုံးစာလောက်ပဲ အဓိပ္ပါယ် ထွက်တယ်
တခါတခါ လူတဖွဲ့အကြောင်းက စာရွက်တရွက်လောက်နဲ့ လုံလောက်ပေမဲ့
တခါတခါ လူတဦးအကြောင်းက စာအုပ်တအုပ်လောက်နဲ့မှ လုံလောက်ပေရဲ့
ခေါင်းစား၍ ကျစ်လစ်သော ကဗျာစာအုပ်ပါးလေးတွေကို လူတွေက သိပ်မဖတ်
ဖတ်လွယ်၍ ထူထည်းသော ဝတ္တုစာအုပ်ကြီးတွေကို လူတွေက သိပ်ဖတ်နေကြ
ကျစ်ကျစ်လေးနေရုံနဲ့ ကျယ်ကျယ်ကြီး ခြုံငုံထားတာက ကဗျာဆိုတဲ့စာအမျိုးအစား
ကဗျာစာအုပ်တွေက ပါးတယ် ရှားတယ် လေးတယ် လူတွေ မဝယ်ချင်ကြပါလား
လူမဖတ်တဲ့ကဗျာရေးပြီး လူမဝယ်တဲ့စာအုပ် ထုတ်တဲ့ကောင်တွေက စောက်ရူးပါ
အရူးက ကိုယ်စိတ်ချမ်းသာအောင် ကိုယ့်ကိုယ်ကိုယ် အလံထူ အလေးပြုနေရတာ
ငါဟာ ကွမ်းယာအထုတ်ခံရတော့မဲ့ ကဗျာစာရွက်တရွက်မို့ ခံပြင်းပြောပြနေတာ
ထုတ်မှဖြစ်မယ်ဆိုလည်း ကွမ်းလေးဝါးပြီးတော့ ငါ့ကို နောက်ဆုံးတခါ ဖတ်ခဲ့ကွာ
ကွမ်းတံတွေးတွေ ပေတရာပေါ် စွန်းကျန်ခဲ့ပေမဲ့ စာရွက်လေးက ရိပျက်သွားရှာ
ငါကလည်း ကဗျာဖြစ်ရတာရင်မနာ၊ မင်းတို့ကလည်း ကွမ်းထုတ်ရတာမညှင်သာ
မင်းတို့ ကွမ်းဘဲတွေ ကွမ်းဆက်စားနေသလိုပဲ ငါလည်း ကဗျာ ဆက်ရေးနေမှာပဲ
တနေ့နေ့စာပေရဲ့ပေတရာပေါ်မှာ ငါ့ကဗျာ ရဲကနဲ စွန်းပေကျန်သွားခဲ့ရင်တော့
အဲဒါဟာ မင်းတို့ထွေးလိုက်တဲ့ ကွမ်းတံတွေးတွေလို သန့်စင်ဖို့ မရည်ရွယ်ဖူးလေ
အခုတော့ ငါ့ကိုယ်ငါ ထုံးမပေါက်စွာအရသာထွက်ဖို့ ညက်အောင်ဆက်ဝါးနေဆဲ
ကဗျာစာရွက်ကို ဖြဲပြီး ကွမ်းယာထုတ်သွားတာ ရှုတ်ချစွာ မအော်ဆဲနိုင်သေးဘူး
အရူးလက်မှတ် ရအောင် ရူးဖို့ ကဗျာတွေနဲ့ပဲ ဆက်လက် ဦးတိုက် ရူးမိုက်နေဆဲ
ခုမရဲသေးတဲ့ ငါ့ကွမ်းတံတွေးတွေ တနေ့ရဲရမယ် ကဗျာကွမ်းတယာအဖြစ်အစစ်။

သုအိုင်စံ
၂၃-၀၄-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))