((( တောင်ပံတခုရဲ့အစအဆုံး )))
((( တောင်ပံတခုရဲ့အစအဆုံး )))
သချိုင်းမှတ်တိုင်-မဏ္ဍိုင်ရဲ့- ဗဟိုချက်က
အရင်းအတိုင်းထပြန်-ပျံနိုင်ခဲ့- ထိုငှက်က
ကောင်းကင်မှာ တောင်ပံ-တဖျတ်ဖျတ် ပျံထား
ရပ်သွားတဲ့နေရာတွေက အစလား အဆုံးလား
သံသရာလုံးကြီးကို ပတ်ပျံ / ဖြတ်ပျံသွားနေတာ
အပြင်ကနေလား အထဲကလား ထောင့်ဖြတ်တွေလား
နောက်ထပ် သွားခဲ့တဲ့ ဘလိုင်းကြီး တိုးခဲ့မိတဲ့ ဂိတ်တွေ
နောက်ထပ် နားခဲ့တဲ့ အကိုင်းချည်း ချိုးခဲ့မိတဲ့ အရိပ်တွေ
ပြုဆောင်ကံဝဋ်တရား သဘောအရဆိုသော်
သူ့တောင်ပံကျွတ်သွားသော ဘဝအလိုတော်အတိုင်းသာ
ငှက်တိုင်းဟာ-ပျံပေမဲ့၊ ပျံတိုင်းဟာ-ရောက်ခဲ့လေသလား
ဘုရား အပျင်းပြေအောင် ကစားနေတဲ့ သရေကွင်းကြိုးတန်းဝယ်
ခင်ဗျား အလင်းတွေမှောင် / နားနေတဲ့ သေခြင်းမျိုး ဆန်းကြယ်ခဲ့တာ
မထူးခြားလျှက်ပါ-သူလိုကိုယ်လို- ငှက်များစွာ။ ။
သုအိုင်စံ
၁၀-၀၇-၂၀၁၆
Comments
Post a Comment