((( အချစ်ဆုံးက သချိုင်းကုန်းလို )))
((( အချစ်ဆုံးက သချိုင်းကုန်းလို )))
ဒီလိုပဲ နေရင်းလေ အသက်လေးဆယ်ကျော်လာခဲ့ပြီလေ ညီမလေးရာ...
ငါ မငယ်တော့မှန်း သိပါလည်း
ဒီလိုပဲ အရည်အချင်းတွေ ပျက်ဆွေးပျယ်ရော်ဝါလျှက်နီကြွေ ဒီဘဝအဝေးမှာ...
ငါ ဘယ်တော့ လမ်းရှိလာမလဲ
မိုးထဲရေထဲမှာ ဆိုးဆဲပေဆဲ ငါ၊ အရိုးထဲအရေထဲမှာ ကျိုးဆဲခွေဆဲ ငါ၊
အမျိုးထဲအဆွေထဲမှာ အမျိုးဆဲအဆွေဆဲ ငါ
ငါ့အသိတစ်ကောင်တည်းသာ ကြောင်ဆဲငါ၊ ဘဝ၏အမှောင်ထဲမှာ ယောင်ဆဲငါ၊
အလှ၏အရောင်ထဲမှာ ငေါင်ဆဲငါ
သီချင်းကုန် သီချင်းပျောက် သီချင်းထဲ ကလေကချေ ဂစ်တာခေါက်လိုက်နဲ့၊
ပုလင်းကုန် ပုလင်းမှောက် ပုလင်းထဲ ပေပေတေတေ ဘီယာသောက်လိုက်နဲ့
ပစ်ပစ်ပယ်ပယ် ပြည်နယ်ရွာပျောက်လိုက်နဲ့၊
လွင့်လွင့်လည်လည် ရည်ရွယ်ရာပျောက်လိုက်နဲ့၊
တစ်ခေတ်လုံးလုံး လှေလှော်ရွက်တိုက်ခဲ့ပေမဲ့
ဘယ်တုန်းကမှ ကျွန်းသစ်ကို မဆိုက်ခဲ့တဲ့ ငါ့ အဖြစ်တွေ
ကြိုးလျော့တီးကာ ပျော့အိနေရတာကို ငါ စိတ်ညစ်နေပြီ ချစ်သူ ညီမလေးရေ...
အကျိုးဆော့နည်းမှာ မော့ကြည့်နေရတာကို ငါ သိပ်ညစ်နေပြီ စစ်ကူ ဒီဘဝလေးရေ...
ဘဝမှောက်မဟာဇနက္က ငါ့ စစ်ရေပြင်ထဲမှာ
ဘာ့ကြောင့် ဘာအတွက်နဲ့မှ ငါ နစ် မသေချင်နေတော့ဘူး
ကူမလား ကူးမယ်၊ ခေါ်မလား လှော်မယ်
မင်းရင်ခွင်ရဲ့အဏ္ဏဝါအချစ်စစ်စစ်
ထဲက ကျွန်းကဗျာအသစ်စက်စက်ပေါ်အရောက်
တစ်ယောက်တည်းလေ ငါ အာဏာရှင် မဆန်ချင်တော့ပါ၊
တစ်ယောက်တည်းလေ ငါ မတော်လှန်ချင်တော့ပါ၊
နှစ်ယောက်တွဲကာ ပါတီစုံညီလာခံထဲ ငါတို့ ဝင်ကြဖို့၊
လျှောက်ရဲစွာ ညာညီစုန်ချီကာရန်တွဲ ငါတို့ နှင်ကြစို့၊
အတ္တဖက် ဘာသာစွဲတွေရဲ့ ငါဦးမှုနဲ့ နန်းအပိုင်စားဖို့လည်း မဟုတ်ဘူး၊
သမ္မဂ္ဂနဲ့ အာဏာခွဲဝေလျှက် ရာထူးလုလျှက် စခန်းထိုင်ထားဖို့လည်း မဟုတ်ဘူး
နှစ်ကိုယ်တူတစ်ဘဝရဲ့တိုင်းပြု ပြည်ပြု တာဝန်ထမ်းဖို့
ချစ်ခြင်းရဲ့ ပူးတွဲကျောက်တိုင်မဟာ နှလုံးသားနှစ်ခုအလယ်မှာ အုပ်မြစ်ချ
ငါတို့ရဲ့အချစ်က အဟုတ်မေတ္တာ စစ်ရမယ်၊ ငါတို့ရဲ့ခေတ်က အလုပ်သစ္စာ ဖြစ်ရမယ်၊
ငါတို့ရဲ့အသစ်က သရုပ်စစ်ကဗျာ သစ်ရမယ်
လက်ချိတ်ရှေ့တိုး၊ မျိုးစေ့စစ်ချ၊၊ စောင့်မထိန်းကျောင်း၊ ပေါင်းသင်ထွားသန်၊
ရှင်သန်သီးပွင့်၊ ရိပ်သိမ်းခွင့်ဆိုင်၊ ရပိုင်ညီတူ၊ ဒီလူသားတို့
ဤသို့သာ လူဆန် လန်းလှသော ပန်းခင်းဥယာဉ် နိုင်ငံရေး အနာဂတ်တစ်ခုစာ
ငါတို့ရဲ့ သွေးသားတို့ အလေးထား အလေးပြုရာမှာ
ဤသို့သာ အတူ စံမြန်းရသော နန်းတွင်းလူ့သဘင် ခိုင်သန်ရေး အနာဂတ်တစ်ခုစာ
ငါတို့ရဲ့ အတွေးအားတို့ အရေးထား အရေးပြုရာမှာ
မင်းနဲ့ငါ့ဟာ ဦးဆောင်လမ်းပြမှု မှန်ကန်တဲ့ ခေါင်းဆောင်တွေပဲ၊
မင်းနဲ့ငါ့ဟာ နားလည်နောက်လိုက်ကောင်းတဲ့ ပြည်သူလူထုပဲ၊
မင်းနဲ့ငါ့ဟာ ဖက်ဒရယ်ဘုံဗဟိုဝါဒရဲ့ အမျိုးသားရေးစိတ်ဓါတ်အင်အားပဲ၊
မင်းနဲ့ငါ့ဟာ ယုံကြည်သစ္စာရှိထားတဲ့ လုပ်ငန်းရပ်လမ်းစဉ်တွေပဲ၊
မင်းနဲ့ငါ့ဟာ စုပေါင်းကာ မြှုပ်နှံထားတဲ့ ဥစ္စာနိင်ငံ့ဘဏ္ဍာတွေပဲ၊
မင်းနဲ့ငါ့ဟာ စုဆောင်းကာ ထည့်ဝင်ထားတဲ့ ပြည်သူပိုင် အကောက်အခွန်တွေပဲ
မင်းနဲ့ငါ့ဟာ သူပုန်ဖြစ်ဖူးတဲ့ အစိုးရနဲ့တွေ/ အစိုးရဖြစ်ဖူးတဲ့ သူပုန်တွေပဲ၊
မင်းနဲ့ငါ့ဟာ နှုတ်ဆက်ခွဲခွာကျောခိုင်းနေတဲ့ ပြန်လည်ပေါင်းစည်းရေးတွေပဲ၊
မင်းနဲ့ငါ့ဟာ ဆုံပြိုင်ကန်အားနဲ့ ထောက်တည်ထားတဲ့ မိုးကုတ်စက်ဝိုင်းအောက်မှာ
တည်ရှိနေထိုင်လာတဲ့ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းတွေပဲ၊
မင်းနဲ့ငါ့ဟာ ဖြစ်တည်ခြင်းအစက်ကို ဝိုင်းပတ်ထားတဲ့ လူ့စက်ဝိုင်းပဲ၊
မင်းနဲ့ငါ့ဟာ လူ့စက်ဝိုင်းကို ပတ်လည်ပူးဆက်ထားတဲ့ ဖြစ်တည်ခြင်းအစက်တွေပဲ
မင်းနဲ့ငါ့ဟာ ကမ္ဘာကြီးတစ်ခုပဲ၊ တိုင်းပြည်တစ်ပြည်ပဲ၊ ပြည်နယ်တစ်ခုပဲ၊
မြို့တစ်မြို့၊ပဲ၊ ရပ်ကွက်တစ်ခုပဲ၊ လမ်းကြောင်းတစ်ချောင်းပဲ၊ လူသားတစ်ဦးတွေပဲ၊
အချစ်မှာ ကျဆုံးလဲပြို ပြီး ခံစားမှု တစပြင်ကို အလံလွှင့်တင်ထားတဲ့
လွင့်ချင်ရာလွင့် အာကာသအမှိုက်ငါ့ယာဉ်တော်ကို
အချစ်မှာ ကျဆုံးလဲပြိုပြီး ခံစားမှု တစပြင်ကို အလံလွှင့်တင်ထားတဲ့
လွင့်ချင်ရာလွင့် အာကာသအမှိုက်မင့်ယာဉ်တော်က ဝင်--တိုက်--မိ--သွား--ကြ
ကိုယ်စီနှလုံးသား၏ ကံဆိုးမိုးမှောင်ကျခြင်းနဲ့ ချစ်မေတ္တာပြသဒါးမှုတို့ ပေါက်ကွဲလွင့်စင်
မီးလောင် ပြာကျ ကုန်စင် ကင်းပသွားတဲ့ မင်းနဲ့ငါရဲ့
မင်းရဲ့ Black Box ထဲက မင့်ဝိညာဉ်က ငါ့ဘဝဒဏ်ရာကို တရားမစွဲဘူး၊
ငါ့ရဲ့ Black Box ထဲက ငါ့ဝိညာဉ်က မင့်ဘဝဒဏ်ရာကို တရားမစွဲဘူး၊
မသာ မသာချင်း ဆွဲပူးပေါင်းစပ်ထပ်ညီလိုက်တဲ့ ဒဏ်အားဓါတ်လိုက်ဆွဲအားရဲ့
ဒြပ်စင်အသစ်ဟာ ငါတို့အချစ် ပေါက်ဖွားခြင်း အနမ်းစစ်နဲ့
ဗလာ ဗလာချင်း တွဲကူးခေါင်းမတ်ရပ်တည်လိုက်တဲ့ အမှန်တရားဇတ်လိုက်ပဲထားတဲ့
ဘဝအမြင်စစ်မှာ ငါတို့ခေတ် ရောက်သွားရင်း လမ်းသစ်ခဲ့
ဒီနေရာကနေ နှလုံးသားအရှုပ်အထုပ်မှုတွေနဲ့၊
ဒီခြေရာမှနေ အရှုံးသားအလုပ်အပြုတ်မှုတွေကို
ပြန်လှည့်ဆွေးမျှော်လည်ပြန်ကြည့် လိုက်ပါရင်
( ၁) အဲဒီနေရာရဲ့အောက်က ရင်ထဲက အချစ်အဦး (အချစ်အဦး) (အချစ်ဦး)ဟာ
ဦးနှောက်မနိုင်တဲ့ စိတ်ရူးလို ဟိုခုန်ဒီပေါက်၊ ရုန်းဖောက်မနိုင်တဲ့ စစ်မျှားဦးလို ဟိုတိုးဒီကျိုး၊
ရှုံးသလောက်မနိုင်တဲ့ ရိုက်ဖဲလို ဖရိုဖရဲ ပြိုလဲ ကျေကွဲ မသေပဲ
မီးဖွားခြင်းသေတ္တာထဲက ခရီးသွားခြင်းမေတ္တာလို လျှောက်သွား
(၂) အဲဒီနေရာရဲ့နောက်က ရင်ထဲက အချစ်အလယ် (အချစ်အလယ်) (အချစ်လယ်)ဟာ
အချစ်က လည်သလိုလိုနဲ့ ခံလိုက်ရတာချည်းပဲ၊ စစ်က ပယ်သလိုလိုနဲ့ ပြန်တိုက်ရတာချည်းပဲ၊
အစစ်က ကယ်မလိုလိုနဲ့ ပြန်ရိုက်ချတာချည်းပဲ၊
ဖြစ်ချင်ရာဖြစ်ဇတ်လမ်းအရ၊ လွင့်ချင်ရာလွင့်ဖြတ်သန်းကြ၊
အချစ်ရင်မှာညစ်ပတ်ရမ်းကြ၊ နောက်မကျသေးတဲ့ နောက်ထပ်စာမျက်နှာ ရောက်သွား
(၃) ဒီနေရာထက်အရောက်မှာည ရင်ထဲက အချစ်အဆုံး (အချစ်အဆုံး) (အချစ်ဆုံး )ဟာ
သချိုင်းကုန်းလိုပြုံးပြကာ၊ အဆုံးခက်ရပြန်လည်း၊
ဆုံးပဲနေတာက သေချာနေတော့
အရင်းအတိုင်းကိုယ်ရှုံးရတာ၊ ရုန်းထွက်မရပြန်လည်း၊
ရှုံးမြဲနေတာက ရေရာနေပေါ့
နင်းမိုင်းဗုံးလိုခုံးကြွလာ၊ အသုံးမတည့်မရပြန်လည်း၊
ဗုံးကွဲသေမှာက မရှည်ကြာပေတော့
(အချစ်အဆုံး)မှာ အချစ်ဆုံးဟာ အချစ်အဆုံးပဲ၊ အချစ်ဆုံးကို အချစ်ဆုံးပဲ၊
အချစ်ဆုံးကို သချိုင်းကုန်းလို အဆုံးသတ် ရုန်းမရ ထွက်မရ ဖျက်မရ
အချစ်နဲ့ ကိုယ်စီ ချစ်လိုက်ကြသည်
ဒီခေတ်ရဲ့သချိုင်းကုန်းမှာ တည်ထောင်တဲ့ ဒီအချစ်ရဲ့နိုင်ငံတော်မှာ
ဒီအချစ်ဟာ ဒီသချိုင်းကုန်းလို မားမတ် တည်ကြည် ရပ်တည် သန်မာလျှက်
မင်းနဲ့ငါရဲ့ သချိုင်းကုန်းရဲ့ မေတ္တာအနမ်းအားနဲ့
နင်းမိုင်းဗုံးရဲ့ အချစ်ကဗျာယမ်းများနဲ့၊
အရင်းအတိုင်းရှုံးတဲ့ ဘဝအဓိပ္ပါယ်ရမ်းတရားနဲ့
အလကားဆန်ဆန်ဝတ္တရားတို့၏ အချစ်ရဲ့ဝဋ်သားကောင်တွေ
ငါတို့တွေ မှန်မှန်ကန်ကန် နောက်ဆုံးကြရအောင်လား ချစ်သူလေးရေ.....
ငါတို့တွေ မြန်မြန်ဆန်ဆန် ပျောက်ဆုံးကြရအောင်လား စစ်ကူလေးရေ.....
ငါတို့တွေ ပျက်ပျက်ကွက်ကွက် ရပ်နေကြရအောင်လား ဒီဘဝလေးရေ.....
ငါတို့တွေ ရက်ရက်စက်စက် သတ်သေကြရအောင်လား ညီမလေးရေ....
လေးဆယ်ကျော်အချစ်တိုင်းဟာ အချစ်ဆုံးပဲ
အချစ်ဆုံးတိုင်းဟာလည်း သချိုင်းကုန်းဆန်စွာ
ရင်ခုန်သံတိုင်းဟာလည်း ငရဲသံစဉ်နဲ့၊ ရင်ခုန်အတွေးများဟာလည်း ငရဲစာသားနဲ့၊
အချစ်ဆုံး... အမြဲတွဲသွားလို့ အချစ်ဆုံး... အချစ်ဆုံး... အမြဲခွဲမသွားဖို့ အချစ်ဆုံး...
အချစ်ဆုံး... ငရဲအရဲသွားစို့ အချစ်ဆုံး...
သုအိုင်စံ
၁၅-၁၀-၂၀၁၅

ပြန်လှည့်ဆွေးမျှော်လည်ပြန်ကြည့်

Comments
Post a Comment