((( နွားသားရေပေါ်က သေတမ်းစာ )))
((( နွားသားရေပေါ်က သေတမ်းစာ )))
ဘိန်းစား အပေါင်ဆုံးတော့မဲ့ ငါ့ဂစ်တာကို
လူလည် မင်းက ဝင် ရွေးပေးလိုက်တယ်
ပြီးတော့ မင်းက ငါ့ဘဝကို ပြန်မပေးဘူး
အတိုးနဲ့ သူများ ခိုင်းနွားကို ခိုင်းရသလိုကြီး
မင်းပဲ ရွာသူကြီးလို ဆက်တီးနေလိုက်တယ်
ငါဟာ တပါတီအာဏာရှင် အောက်က နွား
ငါဟာ စစ်ဝါဒီအာဏာရှင် အောက်က နွား
ငါဟာ ပါတီစုံအာဏာရှင် အောက်က နွား
မထူးဇတ်ခင်းနေရတဲ့ နိုင်ငံသားဆန်လှစွာ
ကျွဲပုခုံးထနေတဲ့ အရေပြားမှာ တက်တူးနဲ့
ဘာဝါဒမှ အယုံအကြည် မရှိတော့ဘူးလို့
တဘဝလုံး ကြိမ်တို့ခံပြီး ရေးခဲ့လိုက်တယ်
ငါ့ တခါဘဝကို အမဲသား လုပ်ပစ်လိုက်စမ်း
ငါ့ အနာဂတ်ကို အမဲသား လုပ်ပစ်လိုက်စမ်း
ငါ့ ထာဝရကို အမဲသား လုပ်ပစ်လိုက်စမ်း
သေလမ်းပေါ် တွန်းပို့ခံရသော ဒီသုသာန်မှာ
မင်းတို့မျက်နှာယုတ်တွေကို မမြင်ရရင်တော်ပြီ
သုအိုင်စံ
၂၇-၀၈-၂၀၁၅
Comments
Post a Comment