((( ဒုံးပျံ )))

((( ဒုံးပျံ )))

နယူတန်ရဲ့ ပန်းသီးလို အစဉ်အမြဲ ပြုတ်ကျနေတာ
အရာရာ အားလုံး ဖြစ်သည်
သြကာသ လောကကြီးရဲ့ဆွဲအားပြုယန္တယားဟာ
ချီရာလမ်းကြောင်း ဖြစ်သည်
အပေါ့ပါးဆုံး ထိပ်ဖူးနဲ့ကိုယ်ထည်ရဲ့ အလေးချိန်ဟာ
ဘဝပေး ပါရမီ ဖြစ်သည်
တွန်းအားမြင့် ယမ်းမီးစွမ်းအင်၏ တွန်းကန်အားဟာ
ဒုက္ခစရိယာ ဖြစ်သည်
နွံထဲကလှည်းအား နွံထဲကလှည်းနှင့် မဆွဲနိုင်သည်မှာ
ဓမ္မတရား ဖြစ်သည်
ဝဋ်အတွင်းမှ လွတ်ကင်းရဖို့ ပစ်ခွင်းလမ်းဖောက်သွား
ရဟန်းတပါး ဖြစ်သည်

ဆွဲအားမဲ့သုံညလွင်ပြင်ထဲအရောက် လျှောက်သွားသည်
ထို့နောက် သစ္စာငါးမျှားချိတ်မှာ မေတ္တာကို ထားချိတ်ကာ
ဆွဲအားရေထဲမှ ငါးတကောင်ချင်းစီကို ကောက်တင်သည်

ကမ္ဘာမြေနဲ့ သံသရာတွင် ဆက်နွယ်ပတ်သက်နေရဆဲမှာ
ဒုံးကျည်ယာဉ် လမ်းရှာဖောက်သူ ဝေဟင်ခရီးသွား
ကမ္ဘာမြေနဲ့ သံသရာမှ ကင်းပလွတ်မြောက်သွားရခြင်းမှာ
သုံးလောကရှင် ပန်းတိုင်ရောက်သူ ရှင်တော်ဘုရား

သိဒ္ဒတ္ထက လောကီအမည်၊ ဂေါတမက လောကုတ္တရာအမည်၊
လူစစ်စစ်လည်း ဖြစ်ဖူးသည် ဒုံးကျည်စစ်စစ်လည်း ဖြစ်ဖူးသည်
သံသရာနယ်ဆီ တရားစီးပြန်လာလည်တော့
-
မဟာနိဗာန်ရဲ့နယ်စား-တဲ့
ဗလာသိပ်ဆန်တဲ့ဘုရားပဲ။ ။

သုအိုင်စံ
၀၆-၀၆-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ