((( စိတ်သံတိုင်တွေကြား )))
((( စိတ်သံတိုင်တွေကြား )))
ငါ့ သက်ရှိ သွေးမျှင်ထဲမှာ
မင်း ငလျှင် လာ လာ လှုပ်တယ်
ငါ့ လက်ရှိ အတွေးစဉ်ထဲမှာ
အတင်း ဝင်လာ လာ ရှုပ်တယ်
မင်းရဲ့ ယင်းဈာန်အင်အားက
ငါ့စိတ် ခံနိုင်ရည်တံခါးကို ခေါက်လာ
သွားတွေကို တထပ်ထပ် ရိုက်တုန်ခါနေခဲ့
မင်းရဲ့ သီချင်းသံစဉ်များက
ငါ့စိတ် သံတိုင်တွေအနားကို ရောက်လာ
နားတွေကို တဖြတ်ဖြတ် ကိုက်ခုန်လာနေခဲ့
နဂိုအရိပ်အောက်ရှိနေတဲ့ ငါ့ သွေးသားထဲမှာ
ပြေးလွား ခုန်ပေါက် ဝေးကွာသွား၊
ကပ်လိုက်လာခြင်းနဲ့ ပြန်လာနေတဲ့ ပဲ့တင်သံများ
ဗဟိုစိတ်နောက်ကျိနေတဲ့ ငါ့ အတွေးများထဲမှာ
အဆွေးများ မကုန်လောက်သေးပါလား၊
အပ်စိုက်ရာတွင်းနက်ဒဏ်ရာတွေရဲ့ အသက်ငင်ဟန်အား
ယင်းဒဏ်ကို တင်းခံနေတဲ့
စိတ်နေမင်းသည် လောင်မြိုက်ခံလျှက် ကျွမ်းမသွားစေဖို့ရာ
မတင်းလွန်း မလျှော့လွန်းသော သီချင်းကို ရေးဖွဲ့နေတယ်
မင်းရန်ကို ငြင်းဆန်နေတဲ့
စိတ်သေခြင်းဆီ အတောင်ရိုက်ကန်ချက် တွန်းအားတွေပို့ကာ
မလင်းလွန်း မဖျော့လွန်းသော အလင်းကို ထွေးဖက်နေတယ်
ဒီ အဆိပ်ဆူးဟာ ဆက်ပြီး စူးနစ်ဝင်နေလို့ မဖြစ်ဘူး
ဒီ စိတ်အရူးဟာ ဆက်ပြီး အရူးရင့်ချင်နေလို့ မဖြစ်ဘူး
ဖြတ်ပြီး ကူးနေတဲ့ အသက်ဆက်ပွဲမှာ မြစ်ရေထဲ မနစ်မြုပ်ဖို့ကို
သံစဉ်စာသားတို့ကို ပြန်ပြင်သွားဖို့ပဲ လိုအပ်တယ်
ထပ်ပြီး မူးနေတဲ့ အရက်ခွက်ထဲမှာ နစ်နေဆဲ ယစ်ထုတ်တို့လို
မမှန်ခင် အမှားတို့ကို ပြန်မပြင်သွားလို့လည်း မဖြစ်ဘူး
ဘိန်းလမ်းကြောင်းတွေနဲ့ လမ်းခွဲလာတဲ့ စာချုပ်စာရွက်တွေအား
တိမ်းရမ်းမောင်းနေလျှက် ဝမ်းနည်းစွာနဲ့ ငါဆုတ်ကာဖျက်ချေသွားချင်ရဲ့
ဒါပေမဲ့--- တောထွက်ကျင့်သူဟာ ဈာန်ရမှ ဖြစ်မယ် မဟုတ်လား
သွေးကို တမြေ့မြေ့တိုက်စားနေတဲ့ ယင်းကို မေ့ထားတယ်
အတွေးကို တရွေ့ရွေ့ကိုက်ဝါးနေတဲ့ မင်းကို မေ့ထားတယ်
မေ့ထားတဲ့ကောင်အား
ကွေ့သွားလျှက် ရှောင်ထားပါ ဖြူ ။ ။
သုအိုင်စံ
၁၇-၀၇-၂၀၁၄

Comments
Post a Comment