((( ခေတ်သစ်မာနယ်ပလော )))

((( ခေတ်သစ်မာနယ်ပလော )))

တချို့က
ပြည်တွင်းကို ဝင်ပြေးသွားကြတယ်
တချို့က
ပြည်ပကို ထွက်ပြေးသွားကြတယ်

သူတို့ ရှိခဲ့ သွားလာခဲ့ နေထိုင်ခဲ့ဖူးတဲ့ ဒီနေရာမှာ
ကျည်ခွံရယ် လူရိုးရယ်
နေရာမသိနင်းမိုင်းရယ် သချိုင်းမြေပုံရယ်
ပစ်ကျင်းရယ် ဆက်သွယ်ရေးမြောင်းရယ်
စခန်းကုန်းရယ် ခြံစည်းရိုးရယ်
ညှောင်ကျင်းရယ် တောင်ယာသေရယ်
ရွာသားခြေပြတ်ရယ် တောင်ကြားမြစ်ရယ်
တောင်ကုန်းအနွမ်းရယ် ပဒပ်စာပန်းရယ်

ဒီနေရာဟာ
သူတို့ မလာခင်တုန်းကလိုပဲ
သူတို့ ပြန်ထွက်သွားပြီးနောက်
ပြန်သေနေတော့တယ်
ပြန်ခွေနေတော့တယ်

ဒီနေရာဟာ
တော်လှန်ရေးနယ်မြေ
ပြည်တွင်းစစ်ပျိုးခင်း
ငှက်ဖျားပိုးဌာနချုပ်
ဒီနေရာဟာ
ကျဆုံးကျန်ခဲ့သူတို့ရဲ့ မိုးချုပ်ရပ်ရွာ
ဆက်ရှင်သန်သူတို့ရဲ့ချန်ရစ်လမ်းခွဲ
သောင်ရင်းမြစ်ထဲမှာလည်း ဝိညာဉ်အသေတွေနဲ့
သံလွင်မြစ်ထဲမှာလည်း ဝိညာဉ်အသေတွေနဲ့

ဒီနေရာဟာ
နောင်အနာဂတ်မှာ တောခိုလာမဲ့
လွတ်မြောက်ရေး မုဆိုးတွေအတွက်
သစ်ငုတ်တိုတွေနဲ့ ထိုင်စောင့်နေရှာတဲ့
ဖုန်းဆိုးမြေတစပြင်နယ်မြေပျက်ရိုင်း
ထားခဲ့ခံရတဲ့အတိုင်းပဲ
ခြေပြတ်ကြီးနဲ့ တောင်ယာခုတ်စားနေခဲ့တယ်

ပဋိပက္ခရန်ကျွေးရဲ့ ငှက်ဖျားတွေ တက်လာရင်
ရှိသမျှ ကျန်သေးတဲ့ အသက်များ ကြွေပဲ့ပါသွားမလား
ဆေးဝါးမဲ့မဲ့ ဘဝတွင်သာ
ဝေးသွားခဲ့တဲ့ တစပြင်ဟာ
အခုတော့ ရင်နာနေတဲ့ မာနယ်ပလောပဲ
သူ့ လက်ခုပ်ထဲမှာ သူ ကွက်မျက်ခဲ့ဖူးတဲ့
တော်လှန်ရေးသမား အပြစ်မဲ့ဝိညာဉ်တွေရဲ့ သွေးဟောက်သံတွေ
ကျောက်တောင်နံရံက ပြန် ပြန် လာ ရိုက် တုန်ခါနေရဲ့
ဓါးကို သွား မျိုတော့မဲ့ သံစဉ်တေးကွက်ဆန်းဆန်းတွေနဲ့
မိတ်ဖက်သွေးကြွေး ရာဇဝင်ရှင်းတမ်း ဆန်တဲ့
ခုံရုံးတက်ရမဲ့ အတွင်းစည်း ရာဇဝတ်မှုတွေအတွက်
တရားလိုတွေ ထွက်ခဲ့ပါ။ ။

သုအိုင်စံ
၁၀-၀၇-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))