((( Satellite )))

((( Satellite ))) 
 
အသက်၏ တည်နေရာရဲ့ အပေါ်တည့်တည့်မှာ ဘယ်လိုအရာ၊ ဘာတစ်ခုမှ မရှိဘူး
ကောင်းကင်ဘုံကိုမှန်းတ၊ ဆုတောင်းတတ်တဲ့ မျက်လုံးတစ်စုံကို ပိတ်ထားလိုက်တယ်
(အမြဲတမ်း)
လက်ရှိ ဒီနေရာရဲ့ အောက်တည့်တည့်မှာ လူနေဂြိုလ်ပြာ၊ လူနေကမ္ဘာတစ်ခု ရှိတယ်
လောကလူ့ဘုံကိုချစ်ခင်၊ စောင့်ရှောက်ချင်တဲ့ မျက်လုံးတစ်စုံကို ဖွင့်ထားလိုက်တယ်
(အမြဲတမ်း)
ကမ္ဘာမြေအတွက် ဖြစ်တည်မှု ဘဝတာဝန်ကျ အဝေးရောက် Satellite က
ကမ္ဘာ့ဆွဲအားမဲ့တဲ့ ဗလာနယ်ထဲမှာ ငါ့တွဲအားနဲ့ငါ ချာချာလည်နေတော့တယ်
(အမြဲတမ်း)

ငါဟာ ကဗျာစာအုပ်ကြို၊ ကဗျာစာအုပ်ကြားမှာ ကျောင်းတက်ခဲ့ဖူးတဲ့ ကဗျာပြုစာသားလေးပါ
ငါ့ကဗျာဈာန် ငါ့ကာရန်၊ ငါ့အယူအဆ ငါ့လူဝါဒ၊ ငါ့အတွေးဒသနကို ငါရေးစပ်တဲ့ ကလောင်ပါ
ဒီ ဗလာအလယ်ခေါင်မှာ ကြောင်တောင်တောင်နဲ့ တာဝန်ကျ ပတ်ချာ မလည်ခင်တုန်းကပေါ့
လွမ်းပါသည်၊ ငါ့ရဲ့မျက်လုံးအောက်မှာ လှုပ်ရှားမှု ပြည့်စုံတိကျကို ၂၄ နာရီလုံး မြင်နေရသည့်
လူ၏ တောင်တန်းများ၊ လွင်ပြင်များ၊ စိုက်ခင်းများ၊ ပင်လယ်များ၊ မြစ်ချောင်းများ၊ ကမ်းခြေများ၊
ယဉ်ကျေးမှုများ၊ ပြသနာများ၊ ချစ်ခြင်းများ၊ မုန်းခြင်းများ၊ ဘာသာတရားများ၊ ဘာသာစကားများ၊

ဆေးခြောက် ရှူ ချင်တဲ့အခါ ဗလာနယ်မြေမှာပေါက်တဲ့ ဆွဲအားမဲ့အပင်တွေကို လိပ်ရှူ တယ်
မုန့်ဟင်းခါးစားချင်တဲ့အခါ ဗလာစွမ်းအင်နဲ့လုပ်ထားတဲ့ ဆွဲအားမဲ့အမျှင်တွေကို ဝါးစားတယ်
သီချင်းကြားချင်တဲ့အခါ ဗလာလွင်ပြင်နဲ့တီးခတ်ထားတဲ့ ဆွဲအားမဲ့သံစဉ်တွေကို နားဆင်တယ်
ေ၇ွှတိဂုံ ဘုရားဖူးချင်တဲ့အခါ ဗလာထုသားနဲ့တည်ထားတဲ့ ဆွဲအားမဲ့ရုပ်ထုတွေကို ရှိခိုးတယ်
ငါ မြင်နေရ၊ ဆူဆိုက်ဗုံးတစ်လုံး လက်စားချေအမုန်းနဲ့ လူကြပ်တဲ့ကဖေးဆိုင်ထဲ ဝင်သွားတာ
ငါ မြင်နေရ၊ Drones Strike က တာလဘန်စခန်းချနေတဲ့ မူလတန်းကျောင်းကို ပစ်ချတော့မှာ
ငါ မြင်နေရ၊ တရုပ်သူလျှိုဟာ ကွန်ပြူ တာထဲက (လဝ) ခိုးနှိုက်နေတာ အမေရိကန်တက္ကသိုလ်မှာ
ငါ မြင်နေရ၊ မြောက်ကိုးရီးယား လက်နက်များ ရန်ကုန်ဆိပ်ကမ်းကို တိတ်ဆိတ်စွာ ကပ်နေတာ
ငါ မြင်နေရ၊ CIA ရုံးဝန်းထဲကို ကိုလံဘီယာ ကိုကင်းကား မောင်းဝင်သွားတာ အစစ်အဆေးမဲ့စွာ
ငါ မြင်နေရ၊ မာရာဒိုနာက ဘော်လုံးကို လျှင်မြန်သွက်လက်စွာ ဂိုးထဲ လက်နဲ့ ပုတ်ထည့်လိုက်တာ
ငါ မြင်နေရ၊ အရိုးပေါ်အရေတင်နေတဲ့ အားပြတ် ဆူဒမ်ခလေးငယ်အား လဒက သုတ်ချီသွားတာ
ငါ မြင်နေရ၊ ချောင်တစ်ချောင်မှာ ဒီကောင့်လက်တွေက ဟိုကောင့်မယား ဘော်လီကိုချွတ်နေတာ
ကမ္ဘာကြီးရဲ့ အရာရာကို ငါမြင်နေရ၊ ကမ္ဘာကြီးဆီ အကုန်လုံးကို ငါတင်ပြ၊ ငါ့ တာဝန်က ဒါမျှသာ

NASA မှာ နေတုန်းက သချာင်္စာအုပ်ထဲမှာ ကိန်းတွေကို ညီမျှခြင်းချပြရတဲ့အလုပ် ငါ လုပ်ခဲ့ဖူးတယ်
ဥပဒေက ၁ မနှုတ်နိုင် ၉ လာတယ်၊ ငါက သုံည မနှုတ်နိုင် အနတ္တ လာတဲ့ကိစ္စနဲ့ အလုပ်ပြုတ်တယ်
NASA မှာ နေတုန်းကပဲ ကွန်ပြူ တာစာအုပ်ထဲမှာ ဗိုင်းရပ်တွေကို သန့်ရှင်းရေးအလုပ် လုပ်ခဲ့တယ်
ကွန်ပြူ တာစာအုပ်ထဲက စာအားလုံးဟာ ဗိုင်းရပ်လက်ဗွေရာတွေချည်းပဲဆိုတာ ငါ တွေ့ရှိခဲ့တယ်
ဒီတော့ ငါ ဂေါက်သွားတယ်၊ အဲဒါနဲ့ NASA က ငါ့ကို နယ်နှင်တာဝန်ပေးလိုက်ဖို့ စီမံချက် ချတယ်
ဒီလိုနဲ့ Satellite ဖြစ်လာရတဲ့ကောင်၊ ဂေါက်ထားတဲ့ ငါ့ ဦးနှောက်က data ကို မသိုလှောင်နိုင်ဘူး
ဝင်လာတဲ့ အချက်အလက်ကို ချက်ချင်းရိုက် ပို့၊ ချက်ချင်းပဲ နောက် အချက်အလက်က ဆက် ဝင်လာ
ချာချာပတ်နေရလွန်းလို့ ချာလာ၊ ပြာယာခပ်နေရလွန်းလို့ ပြာလာ၊ ဗလာနယ်မြေမှာ ရွာလည်နေတာ

ငါ့ အဖေက NASA မှာ ရူပဗေဒကျွမ်းကျင်ပညာရှင်၊ ကောင်းကင်ကို ကိုင်တွယ်ရတဲ့ တာဝန်ခံပေါ့
အစိုးရက ကောင်းကင်ကို ခြံစည်းရိုးခတ်၊ အကွက်ချဖို့ အနာဂတ်အကျိုးမျှော် စီမံချက် ချမှတ်တယ်
ငါ့အဖေက ကောင်းကင်ဟာ လွပ်လပ်နေသင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ပြန်လည်တင်ပြတယ်
ခိုင်းစားလို့မရလို့ ရှင်းလိုက်တာပဲလား၊ ငါအဖေဟာ ထူးဆန်းစွာ အမည်မဲ့ကင်ဆာနဲ့ ဆုံးသွားတယ်
တာဝန်နဲ့ ငါထွက်လာတော့ စကြဝဠာထောက်လှန်းရေးက ပင်စင်ယူပြီးတဲ့ ငါ့အမေ ကျန်ခဲ့တာပေါ့

ဗလာနယ်မြေမှာ ရွာလည်နေတာ ကြာခဲ့ပြီပဲ၊ ငါ့ Satellite သတ္ထုအရေခွံတွေတောင် တွန့်လိမ်မွဲခဲ့
ခွင့်ယူပြီး ခဏပြန်လာခဲ့ဖို့ ငါ့အမေက ခဏခဏ မှာတယ်၊ ငါခွင့်တင်တယ်၊ အစိုးရက ပယ်ချတယ်၊
ငါမြင်နေခဲ့ရတယ်၊ မေလရဲ့ တစ်နေ့လည်က ငါ့အမေ လေဖြတ်ပြီး ပုံလဲသွားတာ၊ ချက်ချင်းသေပဲ၊
NASA ကို ငါ ဖုန်းဆက်တယ်၊ ခဏ Satellite တာဝန်လဲပေးဖို့၊ ငါ့အမေကို ငါ အသုဘ ပို့ချင်တယ်၊
လုံးဝ အကြောင်း မပြန်ခဲ့ဘူး၊ ဗလာနယ်မှာ ငါတစ်ကောင်တည်း ရူးပေါ့၊ တာဝန်ကတော့ တာဝန်ပဲ၊

ငါ အသက်ကြီးခဲ့၊၊ ငါ ပျက်စီးခဲ့၊ ငါ့အကြောင်းငါ ပို စဉ်းစားလာ၊ ငါ့ဦးခေါင်းငါ ဘယ်မှာ ချရမလဲဆိုတာ၊
ငါဟာ ကမ္ဘာ့ရင်သွေး၊ ငါဟာ ကမ္ဘာ့တာဝန်ပေးချက်နဲ့၊ Satellite ဖြစ်လို့၊ ကမ္ဘာကို ၂၄ နာရီ သတင်းပို့၊
နှစ်ချို့ခဲ့ပြီ၊ အရေခွံတွေတောင် အက်ကွာခဲ့ပြီ၊ အသဲနှလုံးတွေတောင် မူလီ ချောင်နဲ့ခဲ့ပြီ၊ ငါ နားသင့်ပြီ၊
(သို့မဟုတ်) သေသင့်ပြီ
ချစ်ကြည်၊ မြတ်နိုး၊ လေးစားရပါသော၊ မိခင်ကမ္ဘာကြီးကို၊ ကျနော် ပွင့်လင်းလိုအပ်စွာပဲ မေးချင်ပါသည်
အဲဒီ ကမ္ဘာမြေမှာ ကျနော့် သချိုင်းကုန်း ရှိ/ မရှိ ဆိုတာ။ ။

သုအိုင်စံ
၁၂-၀၇-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))